Select Page

ဂျီနီဗာ၊ ဒါကာ (မေလ ၁၆၊ ၂၀၂၂) – ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (“IIMM” သို့မဟုတ် “ယန္တရား”) ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်မှု စနေနေ့တွင် ပြီးဆုံးခဲ့သည်။ ယန္တရားအကြီးအကဲ လက်ထောက်အထွေထွေအတွင်းရေးမှူး နီကိုလတ်စ်ခွန်ဂျန် က ဤခရီးစဥ်ကို အထူးအောင်မြင်သည်ဟု မှတ်ယူပြီး ယန္တရားနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် ကတိပြုမှုအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းက “ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်များရဲ့ အလွန်ကျွမ်းကျင်မှုရှိပြီး လက်တွေ့ကျသောချဉ်းကပ်မှုကို အလွန်တန်ဖိုး ထားပါတယ်။ ကျွန်တော်တို့နဲ့ ဆက်သွယ်ဆက်ဆံသူအားလုံးရဲ့ လုံခြုံရေးနှင့် လျှို့ဝှက်ရေးကို အာမခံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လုပ်ဆောင်နေတဲ့ ယန္တရားရဲ့ အထောက်အထားများ စုဆောင်းခြင်း လုပ်ငန်းတွေကို ပိုမို အဆင့်မြှင့်ဆောင်ရွက်နိုင်မဲ့ လက်တွေ့ကျကျအစီအမံများကို သဘောတူညီနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

မစ္စတာ ခွန်ဂျန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၂၀၂၂) ခုနှစ် မေလ (၇) ရက်မှ (၁၄) ရက်အထိ ဒါကာနှင့် ကော့ဘဇား မြို့များသို့ သွားရောက်ခဲ့သည်။ ဤသို့သွားရောက်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယန္တရား၏ ဒုတိယအကြိမ်မြောက် တရားဝင်ခရီးစဉ် ဖြစ်သည်။ ယန္တရားသည် ကော့ဘဇားသို့ ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် (၂၀၁၉) ခုနှစ် နိုဝင်ဘာလတွင် သွားပြီးကတည်းက COVID-19 ကပ်ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်ထပ်မရောက်ဖြစ်ပါ။

ဒါကာမြို့ တွင် ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ယန္တရားတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ မစ္စတာ ခွန်ဂျန် သည် BRAC တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာ တရားမျှတမှု ယန္တရားများအကြောင်း ဟောပြောပို့ချခဲ့ပြီး လွတ်မြောက်ရေး စစ်ပြတိုက်တွင် အရပ်ဘက် လူမှု့အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

ကော့ဘဇားတွင် ကိုယ်စားလှယ်အဖွဲ့သည် သက်ဆိုင်ရာအာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ယန္တရား၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်သည့်နည်းလမ်းများ အကြောင်း အသိပညာပေးရန်အတွက် ရိုဟင်ဂျာ ကိုယ်စားလှယ် ၁၅၀ ကျော်နှင့် အပြန်အလှန် ဆွေးနွေးမှု ခြောက်ကြိမ် ပြုလုပ်ခဲ့သည်။

ယန္တရား၏လုပ်ငန်းစဉ် နှင့် ယန္တရားသည် ဘာတွေလုပ်ဆောင်နိုင်သည်၊ ဘာတွေ မလုပ်ဆောင်နိုင်ဘူး ရှင်းပြရန် ကြိုးပမ်းသည့်အနေဖြင့် မစ္စတာ ခွန်ဂျန် သည် အမျိုးသမီးအဖွဲ့အစည်းများ အပါအဝင် ရိုဟင်ဂျာအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များနှင့် စကားပြောဆိုခဲ့သည်။ ထို့ပြင် ရိုဟင်ဂျာဘာသာစကားနှင့် ထုတ်လွှင့်နေသော ရေဒီယို Naf နှင့် အင်တာဗျူး ဖြေကြားခဲ့ပါသည်။ မစ္စတာခွန်ဂျန် သည် အဆိုပါတွေ့ဆုံပွဲများကို လွယ်ကူချောမွေ့အောင် ကူညီပေးသော စခန်းအာဏာပိုင်များနှင့် အချိန်ပေးတက်ရောက်ခဲ့ကြ သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဘက်မှ အင်အားသုံး ဖယ်ရှားခံရပြီး ယခု ကော့ဘဇားတွင် ရောက်ရှိနေကြသော ရိုဟင်ဂျာများနှင့် ထိတွေ့ဆက်ဆံရန် အလွန်အရေးကြီးသည်ဟု ယန္တရားက သဘောထားကြောင်း မစ္စတာ ခွန်ဂျန်က အလေးပေး ပြောကြား ခဲ့သည်။ ၎င်းက “ယန္တရားဟာ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေဖို့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတို့ အပါအဝင် တရားရုံးများရဲ့ တရားစွဲဆိုခြင်းများမှာ ပါဝင်ကူညီဆောင်ရွက်လျက်ရှိနေတယ် ဆိုတာ ထိခိုက်နစ်နာသူများကို အခိုင်အမာ ပြောချင်ပါတယ်။ နောက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပြီး သူတို့ရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးက ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်ကြောင်း သူတို့ကို အသိပေးချင်ပါတယ်။ သူတိုရဲ့ အသိပေး သဘောတူချက်မရှိဘဲ သူတို့ရဲ့ အချက်အလက်တွေကို မည်သည့်အခါမှ မျှဝေမှာဟုတ်ပါဘူး။” ဟု ပြောကြားခဲ့ သည်။

မစ္စတာခွန်ဂျန် က “ရိုဟင်ဂျာကိုယ်စားလှယ်တွေက သူတို့လူမျိုးတွေ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကို ပြန်ပြောပြ တာကို နားထောင်ပြီး ကျွန်တော်နဲ့ ကျွန်တော်တို့အဖွဲ့ အရမ်းစိတ်ထိခိုက်မိတယ်။ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒက သူတို့မွေးတဲ့ တိုင်းပြည်ကို ပြန်လာဖို့၊ သူတို့ရဲ့ လူ့အသိုက်အဝန်းကို ပြန်လည်တည်ဆောက်ပြီး ပုံမှန်အခြေခံ အခွင့်အရေးအားလုံးကို ခံစားဖို့ဖြစ်ကြောင်း တော်တော်များများက ကျွန်တော်တို့ကို ရှင်းပြခဲ့တယ်။ ဒီစကားတွေက တရားစီရင်ရေးမှာ အထောက်အကူဖြစ်စေရန် ခိုင်လုံသောထောက်အထားများ စုဆောင်းနေတဲ့ ကျွန်တော်နဲ့ အဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။ ဤတရား စီရင်ရေးဟာ ရိုဟင်ဂျာအသိုက်အဝန်းအတွက် တရားမျှတမှုအတိုင်းအတာတစ်ခုအထိ ဆောင်ကြဉ်း ပေးပြီး မြန်မာနိုင်ငံရှိ သူတို့နေရပ်များသို့ သူတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေး အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ချက် ရှိနေဆဲ ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံတွင် (၂၀၁၁) ခုနှစ်မှစ၍ ကျူးလွန်ခဲ့သော အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများအား စုဆောင်းခြင်း၊ ပေါင်းစည်းခြင်း၊ ထိန်းသိမ်းခြင်း နှင့် စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန် လူ့အခွင့်အရေးကောင်စီက ယန္တရားကို (၂၀၁၈) ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ လူ့အခွင့်အရေးကောင်စီသည် နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးများ သို့မဟုတ် ခုံရုံးများ သို့မဟုတ် အနာဂတ်တွင် တရားစီရင်ပိုင်ခွင့် အာဏာရှိနိုင်သည့် တရားရုံးများတွင် တရားမျှတပြီး လွတ်လပ်သော ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများကို လွယ်ကူချောမွေ့စေမည့် အမှုဖိုင်များကို ပြင်ဆင်ပေးရန်လည်း ယန္တရားကို ညွှန်ကြားထားသည်။