Select Page

မေးလေ့ရှိသော မေးခွန်းများ

ယန္တရား၏ လုပ်ပိုင်ခွင့် နယ်ပယ်က ဘာတွေလဲ။

ယန္တရားသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်သည့် အကြီးလေးဆုံး နိုင်ငံတကာ ရာဇ၀တ်မှုများ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေချိုးဖောက်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်းများ လုပ်ဆောင်သည်။ ထိုရာဇဝတ်မှုများတွင် လူမျိုးပြုန်းစေမှု၊ စစ်ရာဇ ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများ ပါဝင်သည်။ ယန္တရား၏ စုံစမ်းစစ်ဆေး မှုများကို မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ မည်သူက ထိခိုက်နစ်နာခဲ့သည်ဖြစ်စေ သို့မဟုတ် မည်သူက ကျူးလွန်ခဲ့သည်ဖြစ်စေ ခွဲခြားမှုမရှိဘဲ လုပ်ဆောင်သည်။ ယန္တရား၏ အဓိကရည်မှန်းချက်မှာ မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တရားမျှတမှုရရှိစေရန် ဖြစ်သည်။ ယန္တရားသည် ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အချက်အလက်များကို သက်ဆိုင်ရာ တရားရေးအာဏာပိုင်များထံ မျှဝေရန် အမှုတွဲများ ပြင်ဆင်သည်။

ယန္တရား၏ လုပ်ငန်းက ဘာကြောင့် အရေးကြီးသလဲ။

မြန်မာနိုင်ငံရှိ အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇ၀တ်မှုကျူးလွန်သူများကို တနေ့တွင် တရားစီရင်နိုင်ရန် ယန္တရား၏လုပ်ငန်းသည် အရေးကြီးပါသည်။ အနာဂတ်တရားစီရင်မှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးသည် အထောက်အထားများ မပျောက်ဆုံးမီ သို့မဟုတ် ဖျက်ဆီးမခံရမီ စုဆောင်းထိန်းသိမ်းထားနိုင်ခြင်းနှင့် အထောက်အထားများ သစ်လွင်နေဆဲအချိန်တွင် သက်သေ၏ ထွက်ဆိုချက်များကို မှတ်တမ်းတင်နိုင်ခြင်းအပေါ် မူတည်သည်။ ယန္တရား၏လုပ်ငန်းများသည် ကျူးလွန်သူများကို ၎င်းတို့၏ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေမည် မဟုတ်ကြောင်း သတိပေးနေသည်။ တနေ့တွင် ကျူးလွန်သူများသည် တရားစီရင်မှုကို ရင်ဆိုင်ရမည်။

ယန္တရားက လူပုဂ္ဂိုလ်များကို တရားစွဲဆိုပြီး အမှုစစ်မှာလား။

ယန္တရားသည် ရဲတပ်ဖွဲ့ မဟုတ်သလို တရားလိုရှေ့နေ သို့မဟုတ် တရားရုံးလည်း မဟုတ်ပါ။ ထို့ကြောင့် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း သို့မဟုတ် အမှုစစ်ခြင်းများ မဆောင်ရွက်နိုင်ပါ။ ယန္တရား၏ လုပ်ပိုင်ခွင့်မှာ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများကို စုဆောင်းထိန်းသိမ်းပြီး ကျူးလွန်သူများကို ယခု သို့မဟုတ် အနာဂတ်တွင် တရားစွဲနိုင်သော၊ တရားစွဲရန်ဆန္ဒရှိသော နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများအတွက် အမှုတွဲများ ပြင်ဆင်ပေးရန်ဖြစ်သည်။

ယန္တရားက စုဆောင်းထားသော အချက်အလက်များကို ဘယ်လိုအသုံးပြုသလဲ။

ယန္တရားသည် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်ဟု ယူဆထားသူများအပေါ် အမှုတွဲများပြင်ဆင်ရာတွင် စုဆောင်းရရှိသည့် အချက်အလက်အားလုံးကို စိစစ်သုံးသပ်ပြီး မှန်မမှန် တိုက်ဆိုင် စစ်ဆေးသည်။ အချက်အလက်ပေးသူများ၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာနိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများ သို့မဟုတ် ခုံရုံးများထံ အထောက်အထားများနှင့် အမှုတွဲများ မျှဝေသွားမည်။ အမှုတွဲများ လက်ခံမည့် အဖွဲ့အစည်းများသည်လည်း သက်သေများကို အကာအကွယ်ပေးပြီး လျှို့ဝှက်စွာထားရှိမှုဆိုင်ရာ ကတိကဝတ်များကိုလေးစားမည်ဟု ယန္တရားက ယုံကြည်သည့် အဖွဲ့အစည်းများဖြစ်ရမည်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် စံနှုန်းများကို လေးစားလိုက်နာသော တရားရုံးများနှင့် ခုံရုံးများထံသာ အချက်အလက်များ မျှဝေမည်။ ထို့ပြင် မျှတသည့်တရားစီရင်ခွင့်ကို လေးစားလိုက်နာပြီး သေဒဏ်မချမှတ်သော တရားရေးအာဏာပိုင်များ ဖြစ်ရမည်။ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများအပြင်၊ တရားမျှတမှုဖြစ်ထွန်းရေးနှင့် နောက်ထပ် ရာဇ၀တ်မှုများမဖြစ်စေရန်ဟန့်တားရေးအတွက် အမှုတစ်ခုချင်းစီပေါ်မူတည်၍လည်း အချက်အလက်များ မျှဝေသည်။

ယန္တရားသည် မြန်မာနိုင်ငံနှင့် အချက်အလက် မျှဝေမည်လား။

အနာဂတ်တွင် ယန္တရားသည် မြန်မာနိုင်ငံထံ အချက်အလက် မျှဝေနိုင်ပါသည်။ သို့သော် အချက်အလက်ပေးသူ များ၏ ခွင့်ပြုချက်ဖြင့်သာ မြန်မာအာဏာပိုင်များထံ မျှဝေပါမည်။ ထို့ပြင် အချက်အလက်မျှဝေခြင်းကြောင့် မည်သူ့ကိုမျှ အန္တရာယ်ဖြစ်စေမည်မဟုတ်ဟု ယန္တရားက ယုံကြည်ပြီး၊ အခြားသတ်မှတ်ထားသော အခြေအနေများနှင့် ကိုက်ညီမှုရှိမှသာ မျှဝေပါမည်။

လက်ရှိ နိုင်ငံတကာတရားရုံး၏ ဂမ်ဘီယာ-မြန်မာအမှုနှင့် ပတ်သက်၍ ယန္တရားသည် စစ်အာဏာ သိမ်းမှုမဖြစ်ခင်ကာလတွင် အချက်အလက်ပေးသူများ၏ ခွင့်ပြုချက်ဖြင့် မြန်မာအာဏာပိုင်များ တောင်းဆိုသော အချက်အလက်အချို့ကို မျှဝေခဲ့သည်။ သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာအာဏာပိုင်များသည် ယန္တရား၏ သတ်မှတ်ချက်ဖြစ်သော လျှို့ဝှက်စွာထားရှိရေးနှင့် သက်သေလုံခြုံရေးဆိုင်ရာ သဘောတူညီချက်များတွင် သဘောတူကြောင်း အတည်မပြုခဲ့ပါ။ ထို့ကြောင့် ယန္တရားသည် မြန်မာအာဏာပိုင်များနှင့် အချက်အလက်များ ဆက်လက်မျှဝေခြင်း မရှိပါ။

ယန္တရား၏လုပ်ငန်းတွင် ထိခိုက်နစ်နာသူများက မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေပါသလဲ။

ယန္တရား၏လုပ်ပိုင်ခွင့်အတွင်း ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများမှ အသက်ရှင်ကျန်ရစ်သူများ၏ သက်သေထွက်ဆိုချက်များသည် အဖိုးတန်သော သတင်းရင်းမြစ်များ ဖြစ်သည်။ ယင်းထွက်ဆိုချက်များသည် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ရာဇဝတ်မှုတည်ဆောက်ရာတွင် အလွန်အရေးပါသည်။ ဤသက်သေထွက်ဆိုချက်များသည် ရာဇ၀တ်မှု အမှန်တကယ်ကျူးလွန်ခဲ့ကြောင်း အတည်ပြုရာတွင် အခရာကျပြီး၊ ထိုရာဇဝတ်မှုများသည် ကျယ်ပြန့်သည့်ပုံစံဖြင့် ဖြစ်ပွားနေကြောင်း သို့မဟုတ် မူဝါဒတစ်ရပ်ဖြင့် လုပ်ဆောင်နေကြောင်းကိုလည်း ဖော်ပြနိုင်သည်။ သက်သေထွက်ဆိုချက်အားလုံးကို လျှို့ဝှက်ထားရှိပြီး လုံခြုံသောအချက်အလက်ဒေတာဘေ့စ်တွင် သိမ်းဆည်းထားသည်။ ထို့နောက် သက်ဆိုင်ရာသက်သေများ၏ ခွင့်ပြုချက်ဖြင့် ၎င်းတို့၏ထွက်ဆိုချက်များကို နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးများထံ မျှဝေပါမည်။

သက်သေများနှင့် အချက်အလက်ပေးသူများ၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များ၊ လုံခြုံရေးနှင့် ကျန်းမာရေးကို ယန္တရားက ဘယ်လိုအာမခံသလဲ။

ယန္တရားထံ အချက်အလက်ပေးသူများ၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များနှင့် လုံခြုံရေးအတွက် အကာအကွယ် ပေးခြင်းသည် အထူးအရေးကြီးသည်။ ယန္တရားတွင် လျှို့ဝှက်လုံခြုံသောဆက်သွယ်ရေးနည်းလမ်းများ ကို အသုံးပြုပြီး လက်ခံရရှိသည့် အထောက်အထားများကို လုံခြုံစွာ သိမ်းဆည်းသည့် စနစ်များရှိသည်။ ယန္တရားသည် လက်ခံရရှိသည့်အချက်အလက်များ သို့မဟုတ် ပေးပို့သူနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ကာယကံရှင်၏ ခွင့်ပြုချက်မပါဘဲ မျှဝေမည်မဟုတ်ပါ။ အချက်အလက်များကို လုံခြုံစွာပေးပို့နိုင်ရန်အတွက် မပေးပို့မီတွင် ယန္တရားနှင့် ဦးစွာ အဆက်အသွယ်ပြုလုပ်ရန် တိုက်တွန်းပါသည်။

သက်သေအများအပြားသည် အခြားအဖွဲ့အစည်းများနှင့် ဦးစွာအင်တာဗျူးဖြေကြားပြီးသည်ကို ယန္တရားက အသိအမှတ်ပြုသည်။ ထို့ကြောင့် နောက်ထပ် စိတ်ထိခိုက်မှုများမဖြစ်စေရန် မလိုအပ်ဘဲ အင်တာဗျူး ထပ်လုပ်ခြင်းကို ရှောင်ရှားသည်။ ယန္တရားသည် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအပါအဝင်၊ သက်သေများ၏ သီးခြားလိုအပ်ချက်များကို ဖြည့်ဆည်းရန် သက်သေအကာအကွယ်ပေးရေးနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ ကျွမ်းကျင်မှုများ တိုးမြှင့်ဖော်ဆောင်ထားသည်။ သို့သော်လည်း ယန္တရားသည် သက်သေများ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး သို့မဟုတ် ဘေးကင်းရေးအတွက် အာမခံမှု မပေးနိုင်ပါ။

အချက်အလက်များကို မည်သည့် ပုံစံ (format) ဖြင့် ပေးပို့ရမလဲ။

ယန္တရားသည် ပေးပို့သောအချက်အလက်များကို မည်သည့်ဘာသာစကားဖြင့်မဆို လက်ခံပါသည်။ သီးခြားသတ်မှတ်ထားသည့် ဖော်မတ် သို့မဟုတ် ပုံစံ မရှိပါ။ ဗီဒီယိုမှတ်တမ်းများဖြစ်စေ၊ အသံမက်ဆေ့ချ်များဖြစ်စေ၊ စာတို မက်ဆေ့ခ်ျများနှင့် အီးမေးလ်များဖြစ်စေ မည်သို့ပုံစံဖြင့်မဆို အချက်အလက်များ ပေးပို့နိုင်သည်။ ကျေးဇူးပြု၍ အရေးကြီးအကဲဆတ်သည့် အချက်အလက်များကို ကုဒ်အသွင်ပြောင်းထားသည့် ဆက်သွယ်ရေးစနစ်ဖြင့်သာ ပေးပို့ပါ။ စာသားမက်ဆေ့ချ်များ ပေးပို့လိုပါက Signal ကို အသုံးပြုပြီး၊ အီးမေးလ်ဖြင့် ပေးပို့လိုပါက Proton Mail အကောင့်ဖြင့် ပို့ပါ။ ယန္တရားနှင့် တတ်နိုင်သမျှ လုံခြုံစွာ ဆက်သွယ်နိုင်ရန် အသေးစိတ်အချက်အလက်များကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

ယန္တရားထံဆီ အချက်အလက်တွေ ပို့ထားတာကြာပြီ။ ဘာကြောင့် အကျိုးအကြောင်း မသိရတာလဲ။

ယန္တရားသည် အချက်အလက်ပေးပို့သူ ၇၀၀ ကျော်ထံမှ အချက်အလက်များကို လက်ခံရရှိထားပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့များသည် ရရှိသည့် အကြောင်းအရာအားလုံးကို စစ်ဆေးစိစစ်သုံးသပ်ရန် အချိန်ယူရပါသည်။ ယန္တရား၏လုပ်ငန်းများသည် လျှို့ဝှက်စွာထားရှိရသည့် သဘောသဘာဝရှိသောကြောင့် စုံစမ်းစစ်ဆေးမှုများ၏ တိုးတက်မှုနှင့် နောက်ဆုံးအခြေအနေများကို မထုတ်ပြန်နိုင်ပါ။ တနည်းဆိုရသော် ကျူးလွန်သူဟု စွပ်စွဲခံထားသူများကို မည်သည့်အချက်အလက်များသုံး၍ အမှုတည်ဆောက်နေသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ပါ။ သို့သော်လည်း စုံစမ်းစစ်ဆေးသူများသည် အချက်အလက်ပေးသူများထံသို့ တတ်နိုင်သမျှ အကျိုးအကြောင်း တုံ့ပြန်ရန် ကြိုးစားပါသည်။

ယန္တရား၏ သတင်းလွှာများ၊ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံသို့တင်သွင်းသော နှစ်ပတ်လည် အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များတွင် စုံစမ်းစစ်ဆေးမှုများ၏ တိုးတက်မှုနှင့် နောက်ဆုံးအခြေအနေများကို ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ ကြောင်း ယန္တရားက ဖော်ပြသည်။ ဘာကြောင့် တရားမျှတမှု မရရှိသေးတာလဲ။

ယန္တရားသည် အထောက်အထားများကို ဖုံအတက်ခံပြီး သိမ်းဆည်းထားရုံမဟုတ်ပါ။ ကျူးလွန် သူများကိုတရားစွဲဆိုစီရင်မည့် တရားရုံးများတွင် အသုံးပြုရန်အတွက် ရည်ရွယ်စုဆောင်းခြင်းဖြစ်သည်။ ယန္တရား၏ စုံစမ်းစစ်ဆေးမှုများကို မြန်ဆန်စွာ ဆောင်ရွက်ရန် အတတ်နိုင်ဆုံးကြိုးစား လုပ်ဆောင်သည်။ သို့သော်လည်း နိုင်ငံတကာ တရားစီရင်မှုသည် အချိန်ယူပြီး အသေးစိတ်ဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်ရှိသည်။ ရှုပ်ထွေးသောရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရာတွင် အထောက်အထားများကို စုဆောင်းပြီး စိစစ် သုံးသပ်ရန်နှင့် လူတစ်ဦးချင်းစီအပေါ် အမှုတည်ဆောက်ရန် အချိန်ယူလုပ်ဆောင်ရသည်။ ကမ္ဘောဒီးယားကဲ့သို့ အချို့သောအမှုများတွင် တရားစီရင်မှုစတင်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည်။ ယန္တရားသည် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနှင့် အာဂျင်တီးနားတရာရုံးများတွင် လက်ရှိစစ်ဆေးဆဲဖြစ်သည့် ရိုဟင်ဂျာများနှင့် ပတ်သက်သောအမှုများအတွက် အထောက်အထားများကို မျှဝေနေပါသည်။

ဘယ်အမှုကို စုံစမ်းစစ်ဆေးမလဲဆိုတာ ယန္တရားက ဘယ်လို ဦးစားပေးရွေးချယ်သလဲ။

မြန်မာနိုင်ငံတွင် နိုင်ငံတကာရာဇ၀တ်မှုဟု သတ်မှတ်နိုင်သည့် ပြစ်မှုအရေအတွက်သည် သိသိသာသာ တိုးမြင့်လာသောကြောင့်၊ ဤအမှုများကို စုံစမ်းစစ်ဆေးရန် အချိန်ပို၍လိုအပ်လာသည်။ ထို့ကြောင့် ယန္တရားသည် စုံစမ်းစစ်ဆေးမည့်အမှုများကို ဦးစားပေးရွေးချယ်ရသည်။ ယန္တရားသည် ရာဇ၀တ်မှုတစ်ခု၏ သဘောသဘာဝ၊ ပြင်းအားနှင့် ပမာဏ၊ ကျူးလွန်ခဲ့ပုံနှင့် ထိခိုက်နစ်နာသူများအပေါ် သက်ရောက်မှုများကို ကြည့်သည်။ ရရှိနိုင်သော အထောက်အထားများ၏ ခိုင်မာမှု၊ နိုင်ငံတကာရာဇ၀တ်မှုစံနှုန်းများနှင့် ကိုက်ညီသော စုံစမ်းစစ်ဆေးမှုလုပ်နိုင်ခြေ ရှိ၊မရှိ၊ တရားရုံး သို့မဟုတ် ခုံရုံးများက အဆိုပါ ရာဇ၀တ်မှုများကို တရားစီရင်ခွင့် ရှိ၊မရှိနှင့် ကျူးလွန်သူများအပေါ် အမှုတည်ဆောက်ရန် ဖြစ်နိုင်ခြေတို့ကိုလည်း ကြည့်သည်။ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇဝတ်မှုများ၊ ကလေးများကို ထိခိုက်သော ရာဇ၀တ်မှုများ ပါဝင်သည့် ဖြစ်ရပ်များကို ဦးစားပေး လုပ်ဆောင်သည်။

ယန္တရား၏လုပ်ငန်းတွင် လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများကို ဘယ်လိုပေါင်းစပ်ထားသလဲ။

မြန်မာနိုင်ငံတဝှမ်းတွင် အမျိုးသမီးများ၊ အမျိုးသားများ၊ ကလေးများနှင့် LGBTQI အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များကို ပစ်မှတ်ထား၍ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ ကျူးလွန်နေသည်။ ယန္တရားသည် ဤရာဇ၀တ်မှုများကို ဦးစားပေးနေပြီး ကျူးလွန်ခံရသူများ၏ ထိခိုက်နစ်နာမှုအတိုင်းအတာကို အပြည့်အ၀ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုတိုင်းတွင် ဤအကြောင်းအရာကို ထည့်သွင်းစုံစမ်းသည်။ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါ အခြေပြုရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများနှင့် အတားအဆီးများစွာရှိသည်။ ထို့ကြောင့် ယန္တရားသည် သက်ဆိုင်ရာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသည့် ဝန်ထမ်းများ ခန့်အပ်ထားပြီး ထိုကျွမ်းကျင်သူများကို ကလေးများအပါအဝင် ထိခိုက်နစ်နာသူများ၊ သက်သေများနှင့် ဆက်သွယ်စေသည်။ ယန္တရားသည် မိမိ၏ ဝန်ထမ်းများအားလုံးကို သက်ဆိုင်ရာသင်တန်းများ ပို့ချထားပြီး၊ ရာဇဝတ်မှုများကို ထိရောက်သောနည်းလမ်းဖြင့် ဖော်ထုတ်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ရေးဆွဲထားသည်။ ထို့ပြင် လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇဝတ်မှု ကျူးလွန်ခံရသူများ၏ ပြောဆိုချက်များနှင့် လိုအပ်ချက်များကို ထည့်သွင်းစဥ်းစားသည်။

ယန္တရား၏ စုံစမ်းစစ်ဆေးမှုများတွင် ကလေးများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဘယ်လို ပေါင်းစပ် လုပ်ဆောင်လဲ။

မြန်မာနိုင်ငံရှိ လူမျိုးစုအသီးသီးမှ ကလေးငယ်များအား မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်တပ်ဖွဲ့များက တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်နေသည်။ ထို့အပြင် နိုင်ငံတဝှမ်းတွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ခိုက်မှုများကလည်း ကလေးများအပေါ် သွယ်ဝိုက်သောနည်းဖြင့် ပြင်းထန်စွာ သက်ရောက်နေသည်။ ယန္တရား၏ လုပ်ငန်းကဏ္ဍတိုင်းတွင် ကလေးများအပေါ် ထိခိုက်စေသော ရာဇဝတ်မှုများကို ဦးစားပေး စုံစမ်းစစ်ဆေးပြီး၊ ယင်းကျူးလွန်မှုများအတွက် အမှုတည်ဆောက်သည်။ ယန္တရားတွင် ကလေးများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းနှင့် ထိခိုက်နစ်နာသည့် ကလေးများ ၊ သက်သေများနှင့် အင်တာဗျူးဆောင်ရွက်ရာတွင် အတွေ့ အကြုံရှိ သည့် ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်ထားသည်။

ယန္တရား၏စုံစမ်းစစ်ဆေးမှုများတွင် ငွေကြေးဆိုင်ရာအချက်အလက်နှင့် အထောက်အထားများကို ဘယ်လို ထည့်သွင်းထားသလဲ။

ထိခိုက်နစ်နာသူများအတွက် တာဝန်ခံမှုရှိစေရေးနှင့် တရားမျှတမှုဖြစ်ထွန်းရေးကို မြှင့်တင်ရန်၊ ယန္တရားသည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နောက်ပိုင်းဖြစ်ပွားခဲ့သော ကြီးလေးသည့် နိုင်ငံတကာရာဇ၀တ်မှုများကို ပံ့ပိုးကူညီသော သို့မဟုတ် ယင်းရာဇဝတ်မှုများမှ အကျိုးအမြတ်ရရှိသော စစ်ဘက်နှင့် အရပ်ဘက်အရာရှိများ၊ စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ၏ ငွေကြေးဆိုင်ရာ အချက်အလက်နှင့် အထောက်အထားများကို စစ်ဆေးနေသည်။

ယန္တရား၏ ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးသူများသည် လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် အကျိုး စီးပွားအုပ်စုများအကြားရှိ ကွန်ရက်များနှင့် ချိတ်ဆက်မှုများ၊ လက်နက်အထောက်အပံ့ ကွင်းဆက်များ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း ဖြစ်ပွားခဲ့သော လယ်ယာမြေ၊ အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်း သိမ်းယူမှုများကို အထူးပြု စိစစ်သုံးသပ်သည်။

တာဝန်ရှိနိုင်သူများ၏ ဝင်ငွေများ၊ အိမ်ရာမြေများနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို ဖော်ထုတ်ခြင်းသည် ပြစ်မှု ကျူးလွန်သူများအား ခြေရာခံနိုင်ချေကို တိုးမြင့်စေပြီး၊ ၎င်းကျူးလွန်သူများကို တရားစွဲဆိုနိုင်ချေနှင့် လျော်ကြေးအဖြစ်တောင်းယူရန် ရင်းမြစ်များရရှိနိုင်ချေကို ပိုမိုအားကောင်းစေသည်။

ယန္တရားသည် ပွင့်လင်းအရင်းအမြစ် စုံစမ်းစစ်ဆေးမှုများကို ဘယ်လိုအသုံးပြုသလဲ။

အများပြည်သူရရှိနိုင်သော သို့မဟုတ် “ပွင့်လင်းအရင်းအမြစ်” များမှ ရရှိသောအချက်အလက်များ သို့မဟုတ် အွန်လိုင်းတွင်အဓိကတွေ့ရှိရသည့် အကြောင်းအရာများသည် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတွင် အသုံးဝင်သည်။ အထူးသဖြင့် စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်ပွားရာနေရာသို့ အချိန်မီ မသွားရောက်နိုင်သည့်အခါတွင် ပို၍ အသုံးဝင်သည်။ အွန်လိုင်းမှရရှိသော အချက်အလက်၊ အကြောင်းအရာများကို တရားရုံးသို့ မတင်သွင်းမီ လုပ်ဆောင်ရမည့် အဆင့်များစွာရှိသည်။ ယန္တရားသည် သတင်းမှားများ သို့မဟုတ် Deep fakes ကဲ့သို့ အတုအယောင်အဖြစ် ဖန်တီးထားသည့် ရုပ်ပုံ၊ ဗီဒီယိုများကို ဖော်ထုတ်ရန် အလွန်သတိကြီးစွာထား၍ စိစစ်သုံးသပ်ခြင်း နှင့် အတည်ပြုခြင်းလုပ်ငန်းများ လုပ်ဆောင်သည်။

ယန္တရား၏ စုံစမ်းစစ်ဆေးသူများသည် ပွင့်လင်းအရင်းအမြစ်များမှ ရရှိနိုင်သည့် အချက်အလက် အမျိုးအစားများစွာကို လေ့လာသည်။ ယင်းတို့အနက် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် အသုံးပြုသူများက ဖန်တီးထားသော အကြောင်းအရာများ၊ ဝဘ်ဆိုဒ်များတွင် ရရှိနိုင်သော ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များနှင့် စာရွက်စာတမ်းများ၊ အစိုးရဌာနများက ထုတ်ပြန်သော အချက်အလက်များ၊ သတင်းထောက်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ သို့မဟုတ် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၏ တင်ပြချက်များ၊ ဂြိုဟ်တုပုံရိပ်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကိုခြေရာခံခြင်းနှင့် ဆက်စပ်သည့် အချက်အလက်များ၊ ကော်ပိုရိတ်ဖွဲ့စည်းပုံများ၊ ပိုင်ဆိုင်မှုနှင့် ငွေကြေးလွှဲပြောင်းမှုများအကြောင်း အစီရင်ခံစာများ ပါဝင်သည်။

ယန္တရားသည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် မည်သို့အလုပ်လုပ်သလဲ။

မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့် ပတ်သက်၍ အချက်အလက်နှင့် အထောက်အထားများ စုဆောင်းခြင်းလုပ်ငန်းတွင် CSO များသည် ရှေ့တန်းမှ ပါဝင်နေသည်။ ၎င်းတို့သည် ရာဇ၀တ်မှု ဖြစ်ပွားခဲ့ဖွယ်ရှိသည့်နေရာများသို့ ပထမဆုံးရောက်လေ့ရှိသူများဖြစ်ပြီး၊ အထိခိုက်ခံရဆုံး နစ်နာသူများကို မကြာခဏ ပံ့ပိုးပေးကြသည်။ ထို့ကြောင့် CSO များသည် အရေးကြီးသော သတင်းအရင်းအမြစ်များ ဖြစ်ပြီး၊ ယန္တရားသည် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးကို အလွန်တန်ဖိုးထားသည်။ ယန္တရားသည် သက်ဆိုင်ရာ CSO များနှင့် ခိုင်မာသောဆက်ဆံရေးတည်ဆောက်ရန် လူချင်းတွေ့ဆုံသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများဒိုင်ယာလော့ကို ကျင်းပပြီး၊ တရားမျှတမှုရှာဖွေရေးလုပ်ငန်းတွင် အပြန်အလှန် နားလည်မှု၊ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာစေရန် ဆောင်ရွက်သည်။

လွတ်လပ်သော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) မှ စုဆောင်းရရှိသည့် အချက်အလက် များကို ဘယ်လို ဆက်လက်အသုံးပြုသလဲ။

သက်သေများနှင့် အချက်အလက်ပေးသူများထံမှ ခွင့်ပြုချက်ရယူပြီးနောက်၊ FFM သည် ၎င်းစုဆောင်းထားသည့် အချက်အလက် အားလုံးနီးပါးကို ယန္တရားထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယန္တရားသည် လက်ခံရရှိသော အချက် အလက်များကို ပြန်လည်စိစစ်သုံးသပ်နေပြီး ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များကို တရားစွဲဆိုနိုင်ရန် လိုအပ်သည့်စံနှုန်းနှင့် ကိုက်ညီမညီ ဆုံးဖြတ်သည်။ စံနှုန်းများနှင့် ကိုက်ညီပါက၊ ဤအချက်အလက်များကို ယန္တရား၏ စိစစ်သုံးသပ်ချက်များနှင့် အမှုတွဲများတွင် ထည့်သွင်းအသုံးပြုသည်။

လူ့အခွင့်အရေးမှတ်တမ်းပြုစုခြင်းနှင့် ရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဘယ်လိုကွာခြားသလဲ။

လူ့အခွင့်အရေးမှတ်တမ်းပြုစုရာတွင် ပုံမှန်အားဖြင့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရန်နှင့် အပြောင်းအလဲကာလတွင် လိုအပ်သော တရားမျှတမှုရရှိရန် တိုက်တွန်းနှိုးဆော်ခြင်း ကဲ့သို့သော ကျယ်ပြန့်သည့် ရည်ရွယ်ချက်များ ပါရှိသည်။ လူ့အခွင့်အရေးမှတ်တမ်းပြုစုသည့်လုပ်ငန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အများပြည်သူသိစေရန် အစီရင်ခံစာများနှင့် တိုက်တွန်းနှိုးဆော်စာများ ထုတ်ပြန်လေ့ရှိသည်။ သို့သော်လည်း ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများကို အများအားဖြင့် သိုသိပ်လျှို့၀ှက်စွာ ဆောင်ရွက်လေ့ရှိပြီး၊ အများပြည်သူထံ မထုတ်ပြန်ပါ။

ယေဘုယျအားဖြင့် လူ့အခွင့်အရေးမှတ်တမ်းပြုစုခြင်းသည် ကျူးလွန်မှုများဖြစ်ခဲ့သည်ဟု ယုံကြည် နိုင်လောက်သည့် “ယုတ္တိရှိသောအခြေခံအကြောင်းအရင်းများ” အပေါ် မူတည်သည်။ ရာဇ၀တ်မှုများကို တရားစစ်ဆေးစီရင်ရာတွင် သက်သေခံအထောက်အထား စံနှုန်းသတ်မှတ်ချက် အလွန်မြင့်မားသည်၊၊ အချက်အလက်များကို “ကျိုးကြောင်းဆီလျော်သော သံသယမရှိတော့သည်အထိ သက်သေပြရန်” လိုအပ်သည်။ လူ့အခွင့်အရေးမှတ်တမ်းပြုစုခြင်း နှင့် ရာဇ၀တ်မှု စုံစမ်းစစ်ဆေးခြင်းများတွင် အသုံးပြုသည့်နည်းလမ်းများသည် အလွန်ကွာခြားသည်။ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးတွင် သက်ဆိုင်ရာ ရာဇဝတ်မှုများ၏ အခြေခံလက္ခဏာများကို အခြေပြုကာ “အထောက်အထားများကို ကိုင်တွယ်ဆောင်ရွက်မှုအဆင့်ဆင့်” ကဲ့သို့သော ဥပဒေအခြေခံမူများအတိုင်း သက်သေခံအထောက်အထားများကို စုစည်းထားရန် လိုအပ်သည်။