Select Page

ဂျီနီဗာ (၂၀၂၀) ခုနှစ်၊ သြဂုတ်လ (၂၅) ရက်။ ။ (၂၀၁၇)ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဒုက္ခသည်များ အုပ်စုလိုက် ထွက်ပြေးကြရသည့် သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ ကျရောက်ချိန်တွင်၊ မြန်မာနိုင်ငံတွင်းရှိ နေအိမ်များမှ စွန့်ခွာ ထွက်ပြေး နေကြသူအားလုံးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက ဆက်ပြီး စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားသည်။ အိမ်နီးချင်း နိုင်ငံများရှိ ဒုက္ခသည်စခန်းများ သို့မဟုတ် မြန်မာပြည်တွင်းတွင် နေရပ်စွန့်ခွာထွက်ပြေးသူများအဖြစ် အခက်အခဲများကို ကြံ့ကြံ့ခံရင်း အသက်ရှင်ရပ်တည်နေကြသော သူတို့အခြေအနေကို မြန်မာ့ ယန္တရားက နားလည် အသိအမတ်ပြုပါသည်။

(၂၀၁၇) ခုနှစ်၊ သြဂုတ်လ (၂၅) ရက်တွင် စတင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် သိန်းနဲ့ချီသော လူများသည် မြန်မာနိုင်ငံရှိ သူတို့နေအိမ်များကို စွန့်ခွာထွက်ပြေးရန် အဓမ္မတွန်းပို့ခံခဲ့ရသည့် ရာဇ၀တ်မှုအပါ၀င်၊ ကျယ်ပြန့်စွာဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများ၏ သက်သေအထောက်အများနှင့် စပ်လျဥ်း၍ တုံ့ပြန်ဆောင်ရွက်ရေးသည် ယန္တရားကို ဖွဲ့စည်းရန် အရင်းခံအကြောင်း ဖြစ်စေခဲ့ပါသည်။ ဤ အရေးကြီးသော နှစ်ပတ်လည်နေ့တွင် လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုအားလုံးအတွက် တရားမျှတမှုနှင့် တာ၀န်ခံမှုပေါ်ပေါက်လာစေရန်အတွက် ကျူးလွန်ခံရသူများ သို့မဟုတ် ကျူးလွန်သူများ၏ လူမျိုး သို့မဟုတ် ကိုးကွယ်ရာဘာသာကို ပဓာနမထားဘဲ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထပ်လောင်း သန္နိဌာန် ချမတ်သည်။

“တရားမျှတမှုနဲ့ တာဝန်ခံမှုမရှိဘဲ ကုန်သွားတဲ့ တစ်ရက်စီတိုင်းဟာ ဇာတိမြေကို စွန့်ခွာပြီး မြန်မာပြည်တွင်းက နေရပ်စွန့်ခွာသူတွေ၊ မိမိ ချစ်မြတ်နိုးသူတွေကို ဆုံးရှုံးခဲ့ကြရသူတွေနဲ့ ကိုယ်တိုင် သားကောင်ဖြစ်ခဲ့ရသူ အများအပြားအတွက် နစ်နာမှုတွေ ဆက်ပြီး ဖြစ်နေမယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်နားလည်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏အကြီးအကဲဖြစ်သူ Nicholas Koumjian က ပြောကြားပါသည်။ “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်ရတာ ရှုပ်ထွေးပြီးတော့၊ လုပ်ငန်းစဥ်ဟာ များသောအားဖြင့် နှေးကွေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို လွယ်လွယ် ဒါမှမဟုတ် မြန်မြန် အောင်မြင်မှာပဲဆိုတဲ့ မျှော်လင့်ချက် ပေးတာမျိုး မလုပ်ချင်ပါဘူး။ ကျွန်တော်တို့ တတွေဟာ သက်သေခံအထောက်အထားတွေကို စုဆောင်းထားနိုင်ဖို့ တတ်နိုင်သလောက် လုပ်နိုင်တာတွေ အားလုံးကို လုပ်နေကြပါတယ်။ အဲဒါကြောင့် တစ်နေ့နေ့မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့သူတွေကို တာဝန်ခံစေရမှာဖြစ်ပါတယ်။ နှစ်နာတဲ့သူတွေနဲ့ ကျူးလွန်ခံရာကနေ လွတ်မြောက်လာတဲ့သူ အမြောက်အမြားတွေက တရားမျှတမှုဟာ သူတို့တွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောဆိုကြတဲ့ သူတို့အသံတွေကို ကျွန်တော်တို့ ကြားနေရပါတယ်။ ပြီးတော့ သူတို့အများစုအတွက် စစ်မှန်တဲ့ တရားမျှတမှုတိုင်းမှာ အိမ်ပြန်နိုင်ဖို့နဲ့ သူတို့ရဲ့အိမ်တွေမှာ လုံခြုံစွာနှင့် ငြိမ်းချမ်းစွာ နေနိုင်ဖို့ကိစ္စ ပါဝင်တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။”

အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ၏ သက်သေအထောက်အထားများအား စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း၊ စိစစ်သုံးသပ်ရန် လုပ်ပိုင်ခွင့်ဖြင့် လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကို (၂၀၁၈) စက်တင်ဘာလ (၂၇)ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် (၃၉/၂)မှတဆင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ရာဇ၀တ်မှုများအတွက် လက်ရှိတွင် တရားစီရင်ခွင့်ရှိသော၊ သို့မဟုတ် အနာဂတ်တွင် တရားစီရင်ခွင့်ရှိလာနိုင်သော၊ နိုင်ငံတွင်း၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများတွင်၊ တရားမျှတ၍ သီးသန့်လွတ်လပ်သော ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းများဖြင့် စွဲဆိုချက်များ ပြုလုပ်ရာတွင် ကူညီထောက်ပံ့၍ လွယ်ကူချောမွတ်စေရန်အတွက်၊ စုဆောင်းပြီးသော အချက်အလက်များကို အသုံးပြုကာ အမှုတွဲများကို ပြင်ဆင်ရန် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံဆိုင်ရာ ယန္တရားကို ဆက်လက် ညွှန်ကြားခဲ့သည်။