Select Page

ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲသည်  အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း (International Bar Association, IBA) မှ ကြီးမှူးကျင်းပသော အွန်လိုင်း အခမ်းအနား တစ်ခုတွင် ပါ၀င်တက်ရောက်ခဲ့သည်။ ထို ဆွေးနွေးပွဲတွင် အကြီးအကဲက ကမ္ဘာ့ကုလသမဂ္ဂ ဆီးရီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ ဘက်မလိုက်သည့် လွတ်လပ်သော ယန္တရား (UN International, Impartial Independent Mechanism for Syria, IIIM)၊ ကမ္ဘာ့ကုလသမဂ္ဂ တာဝန်ရှိမှုဆိုင်ရာ အဖွဲ့ (UN Accountability Team for Da’esh, UNITAD) နှင့်  အိုင်ဘီအေ စစ်ရာဇဝတ်မှုများ ကော်မတီ အကြံပေး အဖွဲ့ဝင်ဖြစ်သူ (IBA War Crimes Committee Advisory Board) သံအမတ်ကြီး Stephen Rapp စသည့် ခောတ်ပြိုင်ပုဂ္ဂိုလ်များနှင့်အတူ ခောတ်သစ် တာ၀န်ခံမှုဆိုင်ရာ ယန္တရားများ၏ အခက်အခဲများနှင့် အခွင့်အလမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ အကြီးအကဲဖြစ်သူ မစ္စတာ နီကိုလတ်စ်ခွန်ဂျန် က ယန္တရား၏ လုပ်ပိုင်ခွင့်နှင့် လက်ရှိ ယာယီ စီရင်ပိုင်ခွင့်အကြောင်း ခြုံငုံသုံးသပ်ချက်ကို ဆွေးနွေးတင်ပြခဲ့သည်။ ယန္တရားကို အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများအတွက် သက်သေခံအထောက်အထားကို စုဆောင်းရန်အတွက် လုပ်ပိုင်ခွင့် အပ်နှင်းထားပါသည်။ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် အသုံးပြုရန် ရာဇဝတ်မှုဆိုင်ရာ အမှုတွဲများ ပြင်ဆင်ပေးရန် အတွက်လည်း ယန္တရားကို လုပ်ပိုင်ခွင့် အပ်နှင်းထားပါသည်။ ယန္တရားအား ဖွဲ့စည်းပေးခဲ့သည့် လူ့အခွင့်အရေး ကောင်စီသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (International Criminal Court, ICC) နှင့် ယန္တရားတို့ ပူးပေါင်းလုပ်ဆောင်ရွက်ရေးကို ယန္တရား ဖွဲ့စည်းတည်ထောက်ရန် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တွင် အတိအလင်း ဖော်ပြထားခဲ့သည်။ လူ့အခွင့်အရေး ကောင်စီသည် ၎င်း၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံး ဆုံးဖြတ်ချက်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ဂျန်နိုဆိုက်ကွန်ဗင်းရှင်းခေါ် လူမျိုးပြုံးတီးစေမှုဆိုင်ရာ စာချုပ် ချိုးဖောက်မှုဖြင့် စွပ်စွဲခဲ့သည့်  အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice, ICJ) ကိုလည်း ရည်ညွှန်းဖော်ပြထားပါသည်။

မစ္စတာ ခွန်ဂျန်သည် ယန္တရားက ကြုံတွေ့နေရသည့် အခက်အခဲ အချို့ကိုလည်း ဆွေးနွေးခဲ့ပါသည်။ ယန္တရားသည် တရားရုံးသော်လည်းကောင်း သို့မဟုတ် လက်အောက်ခံ တရားရုံးသော်လည်းကောင်း မဟုတ်သဖြင့် သက်သေခံအထောက်အထားကို တင်ပြရန် အချက်အလက်ပေးနိုင်ခြေ ရှိသူများကို တောင်းဆိုရန် အမိန့်များ သို့မဟုတ် တင်သွင်းခိုင်းရန် အမိန့်ချမှတ်နိုင်သည့် တရားသူကြီးများ ယန္တရားတွင် မရှိပါ။ ယန္တရားအနေဖြင့် ထိုကိစ္စအတွက် နိုင်ငံ၏ အာဏာပိုင်များမှတစ်ဆင့် လုပ်ကိုင်ရပါသည်။ ထို အာဏာပိုင်များအနေဖြင့် ၎င်းတို့နိုင်ငံ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ဥပဒေများနှင့် စည်းမျဥ်းများကို လိုက်နာရမည် ဖြစ်သောကြောင့် ရှုပ်ထွေးနိုင်သည့် လုပ်ငန်းစဥ်တစ်ခုဖြစ်သည်။

မစ္စတာ ခွန်ဂျန်က တရားမျှတမှု ရရှိရေးအတွက် နစ်နာခံရသူအပေါ် အလေးထားသည့်နည်းလမ်းကို သေချာအောင်လုပ်ဆောင်နေကြောင်းနှင့် လူထုနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းကို ၎င်း၏ ထိပ်တန်း ဦးစားပေးအလုပ်အဖြစ် လုပ်ဆောင်နေကြောင်း အလေးပေး ပြောဆိုခဲ့သည်။ “နစ်နာခံရသူတွေ ပြောတာကို နားထောင်ခြင်းကနေ စတင်ရမှာ ဖြစ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။ “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ရှေ့နေတွေအဖြစ် ကျွန်တော်တို့ တရားမျှတမှုကို စဥ်းစားတဲ့အခါ တရားစီရင်‌ရေး၊ တစ်စုံတစ်ယောက်ကို သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ ထောင်ဒဏ်အပြစ်ပေးခြင်းအဖြစ်ပဲ စဥ်းစားတတ်ကြတယ်။ ဒါပေမဲ့ ကော့စ်ဘဇား (Cox’s Bazar) မှာရှိတဲ့ နစ်နာသူ ဒုက္ခသည်တွေနဲ့ စကားပြောကြည့်တဲ့အခါ၊ တရားမျှတမှုအကြောင်း ပြောကြည့်တဲ့အခါ သူတို့ စိတ်ထဲ ပထမဦးဆုံး ပေါ်လာတာက သူတို့ အိမ်ပြန်ဖို့ ကိစ္စပဲ ဖြစ်ပါတယ်။”

ပြစ်မှုကျူးလွန်သူတစ်ဦးကို တရားစီရင်လိုက်ခြင်းဖြင့် နစ်နာသူများ၏ အခြေအနေကို အပြောင်းအလဲ များများ လုပ်ပေးနိုင်မည် မဟုတ်သေည်လည်း တာဝန်ခံမှုဆိုင်ရာ ယန္တရားများနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းစဥ်များအားဖြင့် နိုင်ငံများ၏ အပြုအမူ ပိုမိုကောင်းမွန်အောင် ပြုမူလာစေဖို့ ပံ့ပိုးပေးသည်ဟု မစ္စတာ ခွန်ဂျန်က ယုံကြည်ပါသည်။ ထိုလုပ်ငန်းစဥ်များသည် သမိုင်းကြောင်းဆိုင်ရာ အမှန်တရားကို ထူထောင်ရာမှာ ပံ့ပိုးပေးပြီး၊ လူများ သူတို့ နေထိုင်နိုင်မည့် နေရပ်၊ သူတို့ အိမ်ပြန်နိုင်မည့်အချိန်နှင့် သူတို့ ပြန်သွားမည့်အိမ်တွင် မည်သို့ ဘေးကင်းလုံခြုံစွာ နေနိုင်မည့်အရေး စသည့်ကိစ္စရပ်များအတွက် အဆုံးသတ် နိုင်ငံရေးအဖြေရှာရာမှာ အကူအညီဖြစ်စေပါသည်။

မစ္စတာ ခွန်ဂျန်သည် သူ၏ နိဂုံးချုပ် ပြောကြားချက်တွင် အခန်းအနားသို့ လာရောက်ပါ၀င်သူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ အလေးအနက်တင်ပြခဲ့သည်မှာ စုံစမ်းစစ်ဆေးမှု ယန္တရားများသည် ၎င်းတို့၏ ထောက်ခံမှုကို လိုအပ်ကြောင်း၊ အထူးသဖြင့် ပို၍ အရေးကြီးသည်မှာ ရာဇဝတ်မှုများ၏ သားကောင်များဖြစ်ခဲ့ကြသူများ၏ ထောက်ခံမှုလိုအပ်သည်။ သို့မှသာ တာဝန်ခံမှုနှင့် ပတ်သက်သည့် ရေရှည် ကြိုးပမ်းမှုများတွင် နောက်ဆုံး၌ အောင်မြင်လာနိုင်မည် ဖြစ်သည်။