Select Page

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုနှင့် ဆက်စပ်၍ ဖြစ်ပွားနေသော အဖြစ်အပျက်များကို အနီးကပ် စောင့်ကြည့်နေပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သေစေလောက်သော အင်အားသုံး ဖြိုခွဲခြင်းနှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ ဆန္ဒပြသူများအား ဖမ်းဆီးခြင်းတို့နှင့် သက်ဆိုင်သော သတင်းများကို နားစွင့်နေပါသည်။

“မြန်မာနိုင်ငံတွင် (၂၀၁၁) ခုနှစ်မှစ၍ ကျူးလွန်ခဲ့သည့် အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု” တို့အတွက် သက်သေခံ အထောက်အထားများကို စုဆောင်းရန် မြန်မာနိုင်ငံဆိုင်ရာ ယန္တရားကို လုပ်ပိုင်ခွင့် အပ်နှင်းထားပါသည်။ အဆိုပါ ချိုးဖောက်မှုများတွင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ပါဝင်သည်။ မြန်မာနိုင်ငံဆိုင်ရာ ယန္တရားကို နိုင်ငံတွင်း တရားရုံးများ၊ ဒေသတွင်း တရားရုံးများ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် စစ်ဆေးမည့် အမှုတွဲများ ပြင်ဆင်ပေးရန်အတွက်လည်း လုပ်ပိုင်ခွင့် အပ်နှင်းထားသည်။ သို့မှသာ ပြစ်မှုအတွက် တာဝန်ရှိသောသူများကို တာ၀န်ခံစေနိုင်မည် ဖြစ်သည်။ ပေးအပ်ထားသော လုပ်ပိုင်ခွင့်သည် အဆုံးမရှိဖြစ်ပြီး၊ မြန်မာနိုင်ငံ နယ်မြေအတွင်း ဖြစ်ပွားခဲ့သော အထက်ဖော်ပြပါ ရာဇ၀တ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများအားလုံးနှင့် သက်ဆိုင်သည်။

အခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲများ၊ ဒီမိုကရေစီတို့နှင့် ဆက်နွယ်သော ကိစ္စရပ်များမှာ မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ အလုပ် နယ်ပယ်အတွင်း မကျရောက်ပါ။ သို့သော်လည်း အကယ်၍ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ကျူးလွန်နေကြောင်း သတင်းဖော်ပြချက်များကို ကျွန်တော်တို့ မြင်တွေ့ရပါက ကျွန်တော်တို့၏ လုပ်ပိုင်ခွင့်ကို ကျေပွန်အောင် ဆောင်ရွက်သွားမည်။ ပြစ်မှုအတွက် တာ၀န်ရှိသူများကို တာ၀န်ခံမှုရှိစေရန် သက်သေခံ အထောက်အထားများကို စုဆောင်းပြီး ရာဇ၀တ်အမှုတွဲ တည်ဆောက်သွားမည် ဖြစ်သည်။

ဂျိန်ဖော့ဘာသာ

ရိုဟင်ဂျာ ဘာသာစကားအသံဖိုင်