Select Page

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်-  လူမျိုးတုံး လုပ်ဆောင်မှု ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ် ကျင့်သုံးမှုနှင့် စပ်လျဥ်းသောအမှု (ဂမ်ဘီယာ နှင့် မြန်မာ) တွင် မြန်မာနိုင်ငံ၏ ပဏာမကန့်ကွက်ချက်များကို ပယ်ချလိုက်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ ယနေ့ ဆုံးဖြတ်ချက်သည်၊  မြန်မာနိုင်ငံပြည်သူများအတွက်သာမက နိုင်ငံတကာဥပဒေ ဖြစ်ထွန်းမှုနှင့် လူမျိုးတုံး လုပ်ဆောင်မှု ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံများ၏ တာဝန်ဝတ္တရား အဓိပ္ပါယ်သတ်မှတ်ရေး အတွက်ပါ  အလွန်အရေးပါသည်။

ယနေ့ စီရင်ချက်၏ အဓိပ္ပါယ်မှာ ICJ သည် အမှုအခင်းဖြစ်စဥ်နှင့် စပ်လျဉ်း၍ နှစ်ဖက် ကြားနာမှုများကို နောက်တစ်ဆင့် စဉ်းစားမည် ဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအပေါ် ကျူးလွန် ခဲ့သော လူမျိုးတုံး လုပ်ဆောင်မှုများကို တားဆီးအရေးယူရန် မြန်မာမှ သဘောတူစာချုပ်ပါလိုအပ်ချက် ဝတ္တရားများ ပျက်ကွက်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသော အမှုကို ကြားနာမည် ဖြစ်သည်။

  မြန်မာနိုင်ငံတွင် ကျုးလွန်သော ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများ အတွက် တရားမျှတမှု ရှိလာစေရေး ကြိုးပမ်းရာတွင် ကူညီရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို လုပ်ပိုင်ခွင့် အပ်နှင်းထားသည်။ လူ့အခွင့်အရေးကောင်စီသည် ၎င်း၏ ဆုံးဖြတ်ချက်အမှတ် ၄၃/၂၆ ဖြင့်၊ ICJ နှင့် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အတိအလင်း တောင်းဆိုထားသည်။ ကျွန်ုပ်တို့သည် ဤတရားစွဲဆိုမှုများနှင့် စပ်လျဥ်းသည့် အကြောင်းအရာများကို မြန်မာနှင့် ဂမ်ဘီယာနိုင်ငံ တို့ထံဆက်လက်မျှဝေသွားနိုင်ရန် အချက်အလက်ပံ့ပိုးပေးသူများ၏ သဘောတူညီချက်ကို ရရှိထားပြီး၊ ဤမျှဝေမှုသည် တစ်ဦးချင်းစီ၏ လုံခြုံရေး သို့မဟုတ် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်း ယုံကြည်မှုရှိသည်။

ဤအလွန်အရေးကြီးသောအမှုကို ဆုံးဖြတ်ပေးမည့် တရားသူကြီးများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များအတွက် အချက်အလက် မှန်ကန်ကြောင်းနှင့် လက်ရှိအခြေအနေမှန်များကို အဆုံးအဖြတ်ပေးနိုင်သည့် အကောင်းဆုံးအထောက်အထားများ ရရှိရန် အရေးကြီးသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ခွာခဲ့သည်မှာ ကနေ့ဆို ငါးနှစ်ရှိလာပြီဖြစ်ပြီး သိန်းနှင့်ချီသော ရိုဟင်ဂျာများသည် ဒုက္ခသည်များအဖြစ် ဆက်လက် နေထိုင်နေကြပါသည်။ ၎င်းတို့ အားလုံးက ICJ ၏ ဤတရားစွဲမှုများအတွက် ကြီးစွာသော မျှော်လင့်ချက်ကို ထားရှိပါသည်။

မြန်မာယန္တရားသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့‌သော  အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု၏ အထောက်အထားများကို လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု၊ ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ခံရသူများ၏ နိုင်ငံသားဖြစ်မှု မခွဲခြားဘဲ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း နှင့် စိစစ်သုံးသပ်ခြင်း များလုပ်ဆောင်ပါသည်။  ဤတရားစွဲဆိုမှုများနှင့်သက်ဆိုင်သော သတင်းအချက်အလက်ရှိပါက၊ ကျွန်ုပ်တို့၏ ဆက်သွယ်ရန်  စာမျက်နှာတွင် ဖော်ပြထားသည့်အတိုင်း လုံခြုံသောချန်နယ်များမှတစ်ဆင့် လျှို့ဝှက်စွာ ဆက်သွယ်နိုင်ပါသည်။