Select Page

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား အကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက်

ဂျီနီဗာ၊ ဖေဖေါ်ဝါရီ ၁၊ ၂၀၂၃ ခုနှစ် – ယနေ့သည် မြန်မာစစ်တပ်မှ တင့်ကားများ လမ်းမများပေါ် စေလွှတ်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားသည့်လုပ်ရပ်  နှစ်နှစ်တိတိ ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ ဤကာလအတွင်း၊ နိုင်ငံတဝှမ်း စနစ်တကျ ကျူးလွန်သော ကြီးလေးသည့် နိုင်ငံတကာ ရာဇ၀တ်မှုများ အရေအတွက် သိသိသာသာ တိုးလာသည်ကို တွေ့ခဲ့ရပါသည်။ လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့အကျဉ်းချမှု၊ ပြည်နှင်ဒဏ်နှင့် အတင်းအကျပ်လွှဲပြောင်းခြင်း အပါအဝင် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသည့် ယုံကြည်ရသော အထောက်အထားများ ကျွန်ုပ်တို့ ရရှိထားပါသည်။ ဤအထောက်အထားများကို စိစစ်သုံးသပ်ပြီး ရာဇ၀တ်မှုကျူးလွန်သူများကို တရားမျှတမှုနှင့် ရင်ဆိုင်ရနိုင်စေရန် အမှုဖိုင်များ ပြင်ဆင်နေပါသည်။

ထောင်နှင့်ချီသော လူများကို ဥပဒေမဲ့ အကျဉ်းချထားပြီး နှိပ်စက်ညှဉ်းပန်းမှု၊ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုပုံစံအမျိုးမျိုး၊ မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခံနေရကြောင်း ခိုင်လုံသော အထောက်အထားများ ရှိပါသည်။ ဤကျူးလွန်မှုများသည် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ဖြစ်ပွားနေသည့်အတွက် ဤဖြစ်ရပ်များသည် သီးခြားကွက်ဖြစ်ခြင်းမဟုတ်ဘဲ အဖွဲ့အစည်းဆိုင်ရာမူဝါဒကို ကျင့်သုံးနေကြောင်း ပြသနေသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများတွင် ရာဇ၀တ်မှုများ နေရာအနှံ့ ဖြစ်ပွားနေကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ ရှိပါသည်။ လူနေအိမ်များကဲ့သို့သော အရပ်သားများနှင့် အရပ်ဘက် ပစ္စည်းများသည် ထပ်တလဲလဲနှင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သို့မဟုတ် မရှောင်ရှားဘဲ တိုက်ခိုက်ခြင်း ခံနေရပါသည်။ ဤတိုက်ခိုက်မှုများသည် စစ်ရာဇ၀တ်မှုမြောက်ပြီး၊ လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ကူညီသည်ဟု ယူဆခံရသော ကျေးရွာများရှိ အရပ်သားနေအိမ်များကို မီးရှို့ခြင်းဖြင့် အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းကဲ့သို့သော ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်ရန် တွန်းအားပေးရာရောက်သည်။ ယန္တရားသည် ထိခိုက်နစ်နာမှု အပြင်းထန်ဆုံး ဖြစ်ရပ်များကို အာရုံစိုက် စုံစမ်းစစ်ဆေးနေပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များ ကျူးလွန်သည့် ရာဇ၀တ်မှုများကို စောင့်ကြည့်နေပါသည်။

အင်တာဗျူးထွက်ဆိုချက်များ၊ စာရွက်စာတမ်းများ၊ ဗီဒီယိုများ၊ ဓာတ်ပုံများ၊ ဂြိုလ်တုပုံရိပ်များနှင့် ဆိုရှယ်မီဒီယာ သတင်းများကို စိစစ်သုံးသပ်ခြင်းအားဖြင့်၊ ဤရာဇ၀တ်မှုများအတွက် မည်သူ့တွင် တာဝန်ရှိကြောင်း ပြသသည့် အထောက်အထားများကို ရှာဖွေနေပါသည်။ မရှိမဖြစ်အရေးပါသည့် သက်ဆိုင်ရာအချက်အလက်များ လက်ဝယ် ရှိနေသော မြန်မာစစ်တပ်အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများသည် အကန့်အသတ်များနှင့် ကြုံနေရပါသည်။ သတင်းအချက်အလက်နှင့် နိုင်ငံတွင်းဝင်ရောက်ခွင့်အတွက် ၎င်းတို့အား တောင်းဆိုချက်များကို ယနေ့ အချိန်အထိ အကြောင်းမပြန်ကြားပါ။ မည်သို့ပင်ဆိုစေ၊ အသက်ရှင်ကျန်ရစ်သူများ၊ မျက်မြင်သက်သေများနှင့် ကျူးလွန်သူများ၏ အရေးကြီးအချက်အလက်များယူဆောင်ကာ ဘက်ပြောင်းထွက်လာသူများ အပါအဝင်၊ များပြားလှသော ယုံကြည်ရလောက်သည့် တိုက်ရိုက် သတင်းအချက်အလက်များ ရရှိထားပါသည်။ ဤသတင်း အချက်အလက် မျှဝေပေးသည့် မြန်မာလူမျိုးများ၏ ရဲစွမ်းသတ္တိသည် ကျွန်ုပ်တို့ကို စိတ်အားတက်စေပြီး သက်သေများနှင့် သက်သေခံချက်များကို လျှို့ဝှက်၊ လုံခြုံစွာ ထိန်းသိမ်းသည့် စနစ်များ ကျွန်ုပ်တို့တွင် အဆင်သင့်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အာဂျင်တီးနားရှိ ရိုဟင်ဂျာဆိုင်ရာ အမှုတွဲ များတွင် ဆက်လက်လုပ်ဆောင်နေသူများထံ သက်သေအထောက်အထားများ မျှဝေနေသကဲ့သို့ပင်၊ ယန္တရား သည် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ကျူးလွန်ခဲ့သောရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများကို တစ်နေ့နေ့တွင် တရားစွဲဆိုမည့် နိုင်ငံတွင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာတရားရုံးများသို့ သက်သေ အထောက်အထားများ မျှဝေရန် အသင့်ရှိပါသည်။

ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများတွင် ဥပဒေကန့်သတ်ချက်မရှိကြောင်း ကျူးလွန်သူများ သတိထားသင့် သည်။ ဆိုလိုသည်မှာ ကျူးလွန်သူများကို တရားစွဲရန် အချိန်ကန့်သတ်မှု မရှိခြင်းဖြစ်သည်။ တရားစီရင်ရေးလမ်း ကြောင်းသည် ရှည်လျားသော်လည်း အနာဂတ်တွင် သက်ဆိုင်ရာ တရားရေးအာဏာပိုင်များ ချက်ချင်းအသုံးပြု နိုင်စေရန်အတွက် ယန္တရားသည် သက်သေအထောက်အထားများကို ထိန်းသိမ်းကာ စိစစ်သုံးသပ်နေပါသည်။ အရေးယူခံရခြင်းမှ ကင်းလွတ်ခြင်း သံသရာသည် ပြီးဆုံးမည်ဖြစ်ပြီး တစ်ချိန်တွင် ဤဆိုးရွားသော ရာဇ၀တ်မှု များအတွက် တာဝန်ခံမှုနှင့်တရားမျှတမှု ရှိလာမည်ဖြစ်သည်။

ယန္တရားနှင့် မည်သို့ လုံခြုံလျှို့ဝှက်စွာ ဆက်သွယ်ပြောဆိုနိုင်မည့် အကြောင်းများကို ဤနေရာတွင် တွေ့နိုင်ပါသည်။ https://iimm.un.org/my/ကိုယ်တို့ကို-ဆက်သွယ်ရန်/လျှို့ဝှက်နှင့်-သတိကြီး/ 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်သည့် အလေးနက်ဆုံးသော နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက် ခြင်း  အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင်  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့်  နိုင်ငံတကာတရားရုံးများတွင် တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ် ရာတွင် အသုံးပြုနိုင်မည့်အထောက်အထား များကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမိုသိရှိလိုပါက https://iimm.un.org/ သို့ဝင်ရောက်ကြည့်ရှုပါ။ သို့မဟုတ် iimm@un.org သို့ဆက်သွယ်ပါ။