Select Page

ဥရောပအခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ပေါ်ကြီးလေးသော ရာဇဝတ်မှုကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှုကျူး လွန်မှုများအား စုံစမ်းဖော်ထုတ် တရားစီရင်သောကွန်ယက်က မြန်မာယန္တယားကို တွဲဖက်အသင်းဝင်အဖြစ် ၂၀၂၁ နိုဝင်ဘာ ၉ ရက်က အသိအမှတ်ပြုခဲ့သည်။ ဤအတွက် ယန္တယားအနေဖြင့် ဥရောပအခြေစိုက် စုံစမ်းစစ်ဆေးရေးနှင့် တရားစီရင်ရေး အဖွဲ့များနှင့် ပိုမိုပူးပေါင်း လုပ်ဆောင်ရန် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။

၂၀၂၁ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အဆိုပါကွန်ယက်၏ မျက်နှာစုံညီအစည်းအဝေးတွင် ယန္တယားအား အသင်းအဝင်အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာယန္တယား၏ခေါင်းဆောင် Mr. Nicholas Koumjian လည်း ၎င်းအစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ပြီး ယန္တယားအဖွဲ့၏ လုပ်ငန်းဆောင်တာများ နိုင်ငံတကာအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို ရှင်းပြဆွေးနွေးခဲ့ပါသည်။

လူသားမျိုးနွယ်ပေါ် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်း သတ်ဖြတ်မှုများအား နိုင်ငံတကာအာဏာပိုင်များက စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းများ လုပ်ဆောင်ရာတွင် နိုင်ငံအချင်းချင်း ပိုမိုပူးပေါင်း လုပ်ဆောင်မှုများ အားကောင်းလာအောင် Genocide Network ဟုခေါ်သော အဆိုပါကွန်ယက်အား ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ဥရောပသမဂ္ဂ ကောင်စီကလည်း ၂၀၀၃ ခုနှစ်မှစ၍ အားပေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ ဥရောပသမဂ္ဂအသင်းဝင်နိုင်ငံများ၏ ပိုင်နက်အတွင်း အဆိုပါ ပြစ်မှုကျူးလွန်သူများ အရေးယူမခံရသည့် အခြေအနေမျိုးမဖြစ်ရအောင် ဆောင်ရွက်ခြင်းသည် အဆိုပါကွန်ယက်အဖွဲ့၏ အဓိကလုပ်ငန်းဆောင်တာ ဖြစ်သည်။

ယန္တယားသည် အချို့သောအသင်းဝင်နိုင်ငံများ၏ နယ်မြေပိုင်နက်အတွင်း သတင်းအချက်အလက် သက်သေအထောက်အထားများအား ရှာဖွေစုဆောင်းမှုများ ပြုလုပ်ရာတွင် ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်နေခဲ့ပြီး ဖြစ်သည်။ အဆိုပါနိုင်ငံများက နိုင်ငံတကာလွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် Universal jurisdiction အရ တရားစီရင်မည်ဆိုပါက ယန္တယားအနေဖြင်း ၎င်းလက်ဝယ်ရှိ မြန်မာနိုင်ငံတွင်း ကြီးလေးသောရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ်ရှိသော အထောက်အထား အချက်အလက်များအား အသုံးပြုခွင့်ပေးသွားမည်။

ကွန်ယက်မှတဆင့် ယန္တယားအဖွဲ့အနေနှင့် နိုင်ငံတကာရာဇဝတ်မှုများ မြန်မာပြည်အတွင်းကျူးလွန်ခဲ့မှုများအပေါ် ပိုမိုသိရှိလာရန်နှင့် အဆိုပါရာဇဝတ်မှုများအား ဥရောပနိုင်ငံနယ်မြေအတွင်း တရားစီရင်ရေး ပြုလုပ်နိုင်ရန် လှုံ့ဆော်နိုင်မည်ဟုမျှော်လင့်ပါသည်။ ကွန်ယက်၏ အဓိကရည်ရွယ်ချက်ဖြစ်သော သက်ဆိုင်ရာ ပြစ်မှုများအပေါ် စုံစမ်းထောက်လှမ်းခြင်း၊ တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် တရားစီရင်ရေးတွင် ပူးပေါင်းမှုများမှ ကောင်းမွန်သော လုပ်နည်းအတွေ့အကြုံများမှ ယန္တယား၏ လုပ်ငန်းစဥ်ပေါ် အထောက်အကူပြုနိုင်သကဲ့သို့ ယန္တယားမှလည်း အတွေ့အကြုံနှင့် ကောင်းမွန်သောလုပ်ငန်းဆောင်တာများကို မျှဝေနိုင်မည်ဖြစ်သည်။ ထို့အပြင် အဓိက ရာဇဝတ်မှုများအား ပိုမိုထိရောက်သောစုံစမ်းစစ်ဆေး တရားစီရင်ရေး ပေါ်ပေါက်လာအောင် လိုအပ်သော ပူးပေါင်းပါဝင်မှုအား ယန္တယားအဖွဲ့မှ ဖြည့်စွက်ပေးနိုင်မည်ဟု ယုံကြည်သည်။