Select Page

အကြီးအကဲ၏ အမှာစကား

“ယန္တရား၏ လည်ပတ်မှုဆိုင်ရာလုပ်ငန်းများသည် ကနဦးအဆင့်တွင်သာ ရှိပါသေးသည်။ လူ့အခွင့်အရေးကောင်စီမှ ပေးအပ်ထားသည့် ရည်မှန်းချက်ကြီးမားသော လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းရန် လမ်းကြောင်းပေါ်တွင် စိန်ခေါ်မှုများစွာရှိပါသည်။ ဤသို့သော စုံစမ်းစစ်ဆေးမှုများသည် ရှုပ်ထွေးပြီး၊ အချက်အလက်၊ စာရွက်စာတမ်းနှင့် သက်သေအထောက်အထားများကို တရားစွဲဆိုမှုအတွက် အဆင်သင့်ဖြစ်သည့် ခိုင်မာသော အမှုတွဲများ အသွင်ပြောင်းရန် အချိန်လိုအပ်ကြောင်း ပုံစံတူအခြား နိုင်ငံတကာ တာဝန်ခံမှုယန္တရားများနှင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများအား ကိုင်တွယ်သည့် တရားရုံးများနှင့် ခုံရုံးများ၏ အတွေ့အကြုံအရ တွေ့ရပါသည်။ အောင်မြင်သော စုံစမ်းစစ်ဆေးမှုများသည် အထူးဝီရိယစိုက်ထုတ်ပြီး လုပ်ဆောင်ရသော ကြိုးစားမှုများလိုအပ်သည်။ ရာဇ၀တ်မှုများနှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို သိရှိသူများ၊ အထူးသဖြင့် ရာဇဝတ်မှုများကို ကျူးလွန်ရန် စီမံကိန်းရေးဆွဲခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း သို့မဟုတ် အမိန့်ပေးခြင်းတို့၏ အထောက်အထားရှိသူများသည် မည်သည့်နေရာတွင်ရှိကြောင်း ရှာဖွေပြီး၊ ၎င်းတို့ထံမှ သက်သေခံပြောကြားချက်များကို ရယူရန်လည်းကောင်း၊ မျက်မြင်သက်သေတို့၏ ပြောကြားချက်များကို အထောက်အကူပြုသော စာရွက်စာတမ်းဆိုင်ရာ သို့မဟုတ် မှုခင်းဆိုင်ရာ သက်သေအထောက်အထားများကို စုဆောင်းရန်လည်းကောင်း၊ အပြစ်ရှိကြောင်း သက်သေပြသောနှင့် အပြစ်မရှိကြောင်း သက်သေပြသော ရှိသမျှအထောက်အထားမျိုးစုံကို စုဆောင်းရန်လည်းကောင်း ကြိုးစားအားထုတ်ဖို့ လိုအပ်ပါသည်။

သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာ၀န်ခံမှုမရှိပဲ ကုန်ဆုံးသွားသည့် နေ့ရက်တိုင်းက၊ နစ်နာသူများအား မျိုးစုံသော ဆင်းရဲဒုက္ခများကို ဆက်လက်ခံစားရစေကြောင်း ယန္တရားက အထူးနားလည်သိရှိပါသည်။ ထိုနစ်နာသူများတွင် မြန်မာပြည်ပရှိ ယာယီဒုက္ခသည်စခန်းများတွင် သောင်တင်နေသည့် သိန်းချီသော ဒုက္ခသည်များ၊ မြန်မာနိုင်ငံ၏ အခြားနေရာများတွင် ကိုယ်ပိုင်အိုးအိမ်များမှ နေရပ်ပြောင်းရွှေ့ခံရသူများနှင့် ပြစ်မှုကျူးလွန်ခံရသူများ သို့မဟုတ်၊ မိသားစုဝင်များကို ဆုံးရှုံးခဲ့ရသူပေါင်းများစွာတို့ ပါဝင်ကြောင်းသိပါသည်။ IDPများနှင့် ဒုက္ခသည်များက ဇာတိအသိုင်းအဝိုင်းသို့ ၎င်းတို့၏ စိတ်ဆန္ဒအလျှောက်၊ ရေရှည်တည်တံ့မည့် ပြန်လည်နေနိုင်ခွင့်သည်၊ ၎င်းတို့ကို နေရပ်အိုးအိမ်များမှ အမြစ်ဖြုတ်လိုက်သော ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူတို့က တာ၀န်ခံမှုရှိခြင်း၊ မရှိခြင်းတို့အပေါ်တွင် အရေးကြီးသည့် အတိုင်းအတာအနေနှင့် မူတည်ပါသည်။ ၎င်းတို့အပေါ် သို့မဟုတ်၊ ၎င်းတို့၏ မိသားစုအပေါ် လေးနက်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူတို့က ပြစ်ဒဏ်ကင်းဝတ်စွာ နေထိုင်လျက်ရှိပြီး၊ နောက်ထပ် အန္တရာယ်ပြုနိုင်စွမ်းနှင့် အာဏာဆက်လက်ရှိနေသော နေရာသို့ ပြန်ချင်သူနည်းနည်းပါးပါးသာ ရှိပါလိမ့်မည်။

မိမိတို့၏ လုပ်ငန်းအပေါ် နစ်နာသူများ၏ မျှော်လင့်ချက်များနှင့် တရားမျှတမှုရှိစေဖို့ ကြိုးစားရန် မိမိတို့ကို ပေးအပ်ထားခဲ့သည့် တာဝန်ဝတ္တရား၏ လေးနက်မှုတို့ကို ယန္တရားအနေနှင့် အထူးနားလည်သိရှိပါသည်။ (၂၀၁၁)ခုနှစ်မှစ၍၊ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုများအတွက် တရားမျှတမှုရလိုသော နစ်နာသူများနှင့် မျက်မြင်သက်သေတို့၏ ရဲရဲရင့်ရင့် ကူညီကြိုးပမ်းမှုများ၏ အထောက်အပံ့ရှိလျှင်ပင်၊ ယန္တရား၏ကြိုးပမ်းမှုများ သက်သက်သည် လုံလောက်မည် မဟုတ်ပါ။ ဤကိစ္စနှင့် စပ်လျဉ်း၍၊ ယန္တရား၏ လုပ်ငန်းများ အထိရောက်ဆုံးဖြစ်စေရန် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး၊ မိမိတို့အား ဝင်ရောက်ခွင့်ပေးကာ၊ လိုအပ်သော ထောက်ပံ့မှုများအားလုံးကိုလည်း ဖြည့်ဆည်းပေးရန် လူ့အခွင့်အရေးကောင်စီက အာရှဒေသရှိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့ပါသည်။ အထွေထွေညီလာခံက အလေးအနက်ပြောကြားခဲ့သည့်အတိုင်း၊ (၂၀၁၁)ခုနှစ်မှစ၍၊ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် အလေးနက်ဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် ကြိုးစားမည်ဆိုသော ကတိကဝတ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက ပူးပေါင်းအတည်ပြုသင့်ပါသည်။

ထိုရာဇဝတ်မှုများအတွက် ဆက်လက်ပြီး ပြစ်ဒဏ်ကင်းဝတ်နေခြင်းသည် နောင်လာမည့် အကြမ်းဖက်မှုများနှင့် ဆင်းရဲဒုက္ခခံစားရမှုများကို ဆက်လက်ဖြစ်ပေါ်စေနိုင်ပြီး၊ ဒေသတွင်းနှင့် ပြင်ပရှိ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပေါ် အန္တရာယ်ပြုနိုင်ချေများ ပူးတွဲ၍ ပေါ်ပေါက်လာစေနိုင်သည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော အရင်းအမြစ်များ၏ အကျိုးကျေးဇူးကို ပြည်သူလူထုအားလုံးက မျှဝေသုံးစွဲနိုင်သော၊ မြန်မာ့ပြည်သူများအတွက် ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ် ပေါ်ပေါက်ရေး အလားအလာသည် ထိုကဲ့သို့သော ရာဇ၀တ်မှုများကို သည်းခံမည် မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြနိုင်ခြင်းအပေါ်တွင် မူတည်ပေသည်။”

နီကိုလတ်စ်ခွန်ဂျန်သည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏ အကြီးအကဲ ဖြစ်သည်။

ဂျီနီဗာက ကုလသမဂ္ဂရုံး (ကုလ ဓာတ်ပုံ/ Rick Bajornas)