Select Page

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာဒုက္ခသည်များ ထွက်ပြေးရသည့် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို (၂၀၂၀) သြဂုတ်လကုန်ပိုင်းတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားမှလည်း အရပ်ဘက် လူ့အဖွဲ့အစည်း များ၏ အထိမ်းအမှတ်ပွဲ ၂ ခုတွင် ပါဝင်ခဲ့သည်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထူးထူးခြားခြား ပြောင်းလဲလာသည့် အခြေအနေတွင် ပြည်သူများနှင့် အဆက်အသွယ်မပြတ်စေရန် ကြိုးပမ်းမှုတခု အနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပထမ အထိမ်းအမှတ်အခမ်းအနားမှာ Legal Action Worldwide ၊ Shanti Mohila နှင့် Burmese Rohingya Organisation UK တို့မှ စီစဉ်သည့် ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု (Justice and Accountability for the Rohingya) ဆွေးနွေးပွဲဖြစ်သည်။

မြန်မာ့ယန္တရား အကြီးအကဲ Nicholas Koumjian သည် ဂျီနီဗာရှိ ဘင်္ဂလားဒေရှ့် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ဒုတိယ ခေါင်းဆောင်နှင့် သံမှူးဖြစ်သူ Shanchita Haque၊ ဂမ်ဘီယာနိုင်ငံ အတွက် ICJ အတိုင်ပင်ခံ နှင့် ဘင်္ဂလားဒေရှ့် အတွက် ICC အတိုင်ပင်ခံ ပါမောက္ခ Payam Akhavan၊ ထွက်ပြေးလွတ်မြောက်လာသည့် ရိုဟင်ဂျာများအတွက် ဥပဒေ အကျိုးဆောင် နှင့် Shanti Mohila အဖွဲ့ဝင် Hasina Begum၊ Burmese Rohingya Organisation UK ဥက္ကဌ ဦးထွန်းခင် တို့နှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။

Mr. Koumjian က ယန္တရားလုပ်ငန်းများအကြောင်းကို ဆွေးနွေးတင်ပြခဲ့သည်။ အရင်းအမြစ် အမျိုးမျိုးမှ အထောက် အထားများ စုစည်းသည့် လုပ်ငန်းစဉ်ဆောင်ရွက်ပုံ၊ လက်ရှိကာလ၊ အနာဂတ်ကာလများတွင် အသုံးပြုနိုင်ရန် သက်သေအထောက်အထားများ စိစစ်သုံးသပ်ပုံ၊ ထိန်းသိမ်းပုံများကိုတင်ပြခဲ့သည်။ ယန္တရားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံများ နှင့် အခြား အစုအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်းလည်း တင်ပြခဲ့သည်။

ဒုတိယ အထိမ်းအမှတ်အခမ်းအနားမှာ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(Free Rohingya Coalition) မှ စီစဉ်သည့် ကမ္ဘာအနှံ့အပြားတွင် သာသာစကားပေါင်းစုံဖြင့်ပြုလုပ်သည့် အွန်လိုင်း လှုပ်ရှားမှု ဖြစ်သည်။ တကမ္ဘာလုံး မှ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ပညာရှင်များ၊ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူများ၊ စာနယ်ဇင်းသမား စသည့် ပုဂ္ဂိုလ် အယောက် လေးဆယ်ကျော်မှ ကမ္ဘာတစ်၀န်းရှိ ရိုဟင်ဂျာ အသိုင်းအဝိုင်းနှင့် တစိတ်တဝမ်းထဲရှိကြောင်းကို ထုတ်ဖော်ပြသခဲ့ကြသည်။

“၂၀၁၇ သြဂုတ် ၂၅ ရက် ကနေ စဖြစ်ခဲ့တဲ့ အဖြစ်ဆိုးမှာ ထောင်နဲ့ချီပြီး ရခိုင်ပြည်နယ်ကနေ ထွက်ပြေး ခဲ့ရတယ်၊ အများစုကတော့ နိုင်ငံရပ်ခြားက ဒုက္ခသည်စခန်းတွေမှာနေနေရပါတယ်၊ မြန်မာနိုင်ငံတွင်းမှာပဲ နေရပ်စွန့်ခွာ ပြေးရသူတွေလည်း ရှိနေပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာဟာ အခုဆိုရင် ၃ နှစ်ရှိလာပါပြီ” ဟု Mr. Koumijan ကပြောခဲ့သည်။ “ဒုက္ခသည်တွေရဲ့ ဒုက္ခဆင်းရဲဟာ ရှိနေဆဲ ဖြစ်တာကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအကြောင်းကို မမေ့သွားဖို့လိုပါတယ်။”

“နိုင်ငံတကာာ ရာဇဝတ်မှု အမှန်တရား ပေါ်ပေါက်ရေးဟာ အလွန်ရှုပ်ထွေးတဲ့ကိစ္စဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။ “ပုံမှန်အရဆိုရင် အင်မတန်မှ နှေးကွေးတဲ့ဖြစ်စဉ်ဖြစ်ပါတယ်၊ အမှန်တရား ပေါ်ပေါက်ဖို့အတွက် နှစ်နဲ့ ချီ အချိန်ယူရပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှု အမှန်တရား ပေါ်ပေါက်ဖို့ အတွက် နှစ်အနည်းငယ်ဆိုတာ သိပ်မများ ဘူးဆိုပေမဲ့ ဒုက္ခသည်စခန်းမှာ နေရတဲ့သူတွေ၊ အတင်း အဓ္မမ နေရပ်ကနေ နှင်ထုတ်ခံရတဲ့သူတွေအတွက် ၃ နှစ်ဆို တာ အလွန်ကြာတဲ့အချိန် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သူတို့ ကိုယ့်နေရပ်ကိုယ် ပြန်ချင်နေကြပြီ ဆိုတာ ကိုလည်း နားလည်ပါတယ်။ အဲသည် အမှုအခင်းတွေကြောင့် နစ်နာရသူတွေအတွက် တရားမျှတမှု ပေါ်ပေါက် ဖို့အတွက် ကျနော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုပြောခဲ့သည်။