Select Page

လုပ်ပိုင်ခွင့်နှင့် ဖွဲ့စည်းပုံ

ယန္တရား၏ လုပ်ပိုင်ခွင့်မှာ (၂၀၁၁)ခုနှစ်မှစ၍၊ အလေးနက်ဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို မြန်မာနိုင်ငံတွင်း ကျူးလွန်ခဲ့ကြောင်း သက်သေပြုသော အထောက်အထားများအား စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း၍ စိစစ်သုံးသပ်ရန် ဖြစ်ပါသည်။ ပြစ်မှုများအတွက် လက်ရှိတွင် တရားစီရင်ခွင့်ရှိသော၊ သို့မဟုတ် အနာဂတ်တွင် တရားစီရင်ခွင့်ရှိလာနိုင်သော၊ နိုင်ငံတွင်း၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများတွင်၊ တရားမျှတ၍ သီးသန့်လွတ်လပ်သော ရာဇဝတ်မှု စီရင်ချက်များကို ကူညီထောက်ပံ့၍ လွယ်ကူချောမွတ်စေရန်အတွက်၊ အမှုတွဲများကို ပြင်ဆင်ရန် ယန္တရားကို ဆက်လက် လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်။

လက်ခံရရှိမည့် အဖွဲ့အစည်းသည် လူသက်သေများနှင့် သက်သေခံအထောက်အထားရင်းမြစ်တို့၏ လုံခြုံရေးနှင့် ယန္တရားက တောင်းဆိုသော လျှို့ဝှက်ပေးရန် လိုအပ်ချက်အားလုံးကို လေးစားနိုင်သည်ဟု ယုံကြည်မှသာ၊ ယန္တရားက အချက်အလက်များကို ဝေမျှပေးမည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေနှင့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီး၊ သေဒဏ်ကို မသတ်မှတ်၊ မစီရင်နိုင်သော တရားရုံးများနှင့် ခုံရုံးများနှင့်သာ ယန္တရားက အမှုတွဲများကို မျှဝေမည်။

(၂၀၁၈) စက်တင်ဘာလတွင်၊ လူ့အခွင့်အရေးကောင်စီက ယန္တရားကို တည်ထောင်သော ဆုံးဖြတ်ချက်အမှတ် (၃၉/၂) ကို အတည်ပြုခဲ့သည်။ (၂၀၁၈) ဒီဇင်ဘာလတွင်၊ ဆုံးဖြတ်ချက်အမှတ် (၇၃/၂၆၄) မှတဆင့်၊ ယန္တရား၏ တည်ထောင်မှုကို အထွေထွေညီလာခံက နောက်ဆက်တွဲ ကြိုဆိုခဲ့သည်။ (၂၀၁၉) ဩဂုတ်လတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အမှတ် (၄၂/၃)တွင်၊ “ယန္တရားက ၎င်း၏ လုပ်ပိုင်ခွင့်ကို အထိရောက်ဆုံး လုပ်ဆောင်နိုင်ရန် ဝန်ထမ်းများခန့်အပ်မှုဆိုင်ရာ၊ တည်ရှိမှုနေရာနှင့် လုပ်ငန်းလည်ပတ်မှုအတွက် လွတ်လပ်မှုဆိုင်ရာ လိုအပ်သော အထောက်အပံ့နှင့် အရင်းအမြစ်များအားလုံး ယန္တရားတွင်ရှိစေဖို့ အသေအချာဆောင်ရွက်ပေးရန်” လူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂကို ခေါ်ဆိုခဲ့ပါသည်။ (၂၀၁၉) ဒီဇင်ဘာလတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အမှတ် (၇၄/၂၄၆)တွင်၊ “ယန္တရားက ၎င်း၏ လုပ်ပိုင်ခွင့်ကို အထိရောက်ဆုံး လုပ်ဆောင်နိုင်ရန် ဝန်ထမ်းများခန့်အပ်မှုဆိုင်ရာ၊ တည်ရှိမှုနေရာနှင့် လုပ်ငန်းလည်ပတ်မှုအတွက် လွတ်လပ်မှုဆိုင်ရာ လိုအပ်သော ပြောင်းလွယ်ပြင်လွယ်နိုင်မှု ယန္တရားတွင်ရှိစေဖို့ အသေအချာဆောင်ရွက်ပေးရန်” အထွေထွေညီလာခံက ကုလသမဂ္ဂကို ဆက်လက် တောင်းဆိုခဲ့ပါသည်။ အထွေထွေညီလာခံက ယန္တရားကိုလည်း မိမိတို့၏လုပ်ငန်းကို မြန်မြန်ဆန်ဆန် စတင်ရန် လှုံ့ဆော်ခဲ့သည်။ မိမိတို့၏ လုပ်ပိုင်ခွင့်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန် လိုအပ်သော လုပ်သားများကို ရာထူးခန့်အပ်ရန် ယန္တရားက ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က စုဆောင်းခဲ့သော ပစ္စည်းများကို မိမိတို့က လက်ခံရရှိခဲ့ပြီး၊ အထောက်အထားများနှင့် အချက်အလက်များကို စုဆောင်းရန် အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များ၊ အခြားကုလသမဂ္ဂအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများစသည်တို့နှင့် ဆွေးနွေးမှုများကို စတင်ခဲ့ပါသည်။ အချက်အလက်ပေးပို့သူများ အပါအဝင်၊ အရေးပါသော လှုပ်ရှားသူများနှင့် ဆက်ဆံရာတွင် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များကို ယန္တရားက ရေးဆွဲလျက်ရှိပြီး၊ ရှုပ်ထွေးသောပတ်ဝန်းကျင်တွင် တရားမျှတပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ယန္တရားတွင်း လိုက်နာရမည့် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ကာ၊ စုံစမ်းစစ်ဆေးရေး မဟာဗျူဟာများကိုလည်း ရေးဆွဲလျက်ရှိပါသည်။ ရှုထောင့်မျိုးစုံပါဝင်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် နောက်ဆုံးပေါ် ကျွမ်းကျင်မှုနှင့် နည်းပညာများကို အသုံးပြုရန် ယန္တရားက ရည်ရွယ်ထားပါသည်။

ဂျီနီဗာက ကုလသမဂ္ဂရုံး (ကုလ ဓာတ်ပုံ/ Jean-Marc Ferré)