Select Page

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်

၂၀၁၇ ခုနှစ် မတ်လတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် (FFM) ကို တည်ထောင်ခဲ့သည်။  မြန်မာနိုင်ငံအတွင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်ညှင်းပန်းမှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ အချက်အလက်များနှင့် အခြေအနေများကို စုံစမ်းအတည်ပြုရန်  ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေးကောင်စီ၏ သဘာပတိသည် FFM အားဦးဆောင်မည့် ဥက္ကဌအဖြစ်  Marzuki Darusman (အင်ဒိုနီးရှား) နှင့်၊ အဖွဲ့ဝင်များအဖြစ် Radhika Coomaraswamy (သီရိလင်္ကာ) နှင့် Christopher Sidoti (သြစတေးလျ) တို့ကို ခန့်အပ်ခဲ့သည်။ အဖွဲ့ဝင်များကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ ဝန်ထမ်းများနှင့်အတူ အတွင်းရေးမှူးရုံးအဖွဲ့က ပံ့ပိုးကူညီခဲ့သည်။

FFM ၏ ပထမအစီရင်ခံစာကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး၊ ဒုတိယအစီရင်ခံစာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် “မြန်မာနိုင်ငံရှိ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြု အကြမ်းဖက်မှုများနှင့်၊ တိုင်းရင်းသား ပဋိပက္ခများက လိင်အုပ်စုတစ်စုစီကို တမျိုးစီ ကွဲပြားစွာသက်ရောက်ပုံ” နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ” တို့ကိုလည်း ထုတ်ဝေခဲ့ပါသည်။

FFM ၏ လုပ်ပိုင်ခွင့်သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးခဲ့သည်။ FFM သည် သက်သေများနှင့် အချက်အလက်ပေးသူများ၏ ခွင့်ပြုချက်ဖြင့် စုဆောင်းထားသော အချက်အလက်အားလုံးနီးပါးကို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် လုပ်ငန်းစတင်ခဲ့သည့် ယန္တရားထံ လွှဲပြောင်းပေးခဲ့သည်။

ယန္တရားနှင့် FFM တို့သည် မတူညီသော လုပ်ပိုင်ခွင့်များ၊ ရည်ရွယ်ချက်များ၊ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော သီးခြားအဖွဲ့ အစည်းများဖြစ်ကြောင်း သတိပြုရန် အရေးကြီးပါသည်။ အမှုတွဲများတည်ဆောက်ရာတွင်၊ ယန္တရားသည် FFM ထံမှရရှိထားသော အချက်အလက်များကိုအသုံးပြုပါသည်။ ထို့အပြင် အခြားရင်းမြစ်များမှ အထောက်အထားများကို စုဆောင်းပြီး ကိုယ်ပိုင်စိစစ်သုံးသပ်မှုများလည်း လုပ်ဆောင်သည်။