Select Page

အထောက်အထားစုဆောင်းခြင်းနှင့် အမှုတည်ဆောက်ခြင်း

အနာဂတ်တွင် တရားစီရင်မှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးသည် အထောက်အထားများ မပျောက်ဆုံးမီ သို့မဟုတ် ဖျက်ဆီးမခံရမီ စုဆောင်းထိန်းသိမ်းထားနိုင်ခြင်း၊ အချက်အလက်များ မဟောင်းသွားမီ သက်သေနှင့် အသက်ရှင်ကျန်ရစ်သူများ၏ ထွက်ဆိုချက်များကို မှတ်တမ်းတင်နိုင်ခြင်း အပေါ်တွင် မူတည်ပါသည်။

ယန္တရားသည် အောက်ပါ အချက်အလက်နှင့် အထောက်အထားများစွာကို စုဆောင်း၍ စိစစ်သုံးသပ်ပါသည်။

  • အင်တာနက်ရင်းမြစ်များ၊ သတင်းများ၊ လူထုသတင်းပေးပို့မှုများ နှင့် ဆိုရှယ်မီဒီယာ အပါအဝင် ပွင့်လင်းရင်းမြစ်များမှရသော အချက်အလက်များ
  • ထိခိုက်နစ်နာသူများ၊ သက်သေများ၊ အခြားလူပုဂ္ဂိုလ်များနှင့် အင်တာဗျူးမေးမြန်းချက်များ
  • စာရွက်စာတမ်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဂြိုဟ်တုပုံရိပ်များနှင့် မှုခင်းဆေးပညာဆိုင်ရာ အချက်များကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများ
  • မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်မှရရှိသော အချက်အလက်များနှင့် အခြား စုံစမ်းစစ်ဆေးရေး၊ အချက်အလက်ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ အစီရင်ခံစာများ
  • လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် အကျိုးစီးပွားအုပ်စုများကြားရှိ ကွန်ရက်များနှင့် ချိတ်ဆက်မှုများ၊ လက်နက်အထောက်အပံ့ကွင်းဆက်များ၊ လယ်ယာမြေ၊ အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများသိမ်းယူခြင်းနှင့် သက်ဆိုင်သည့် ငွေကြေးဆိုင်ရာ အချက်အလက်နှင့် အထောက်အထားများ။

အထောက်အထားများအား တရားရုံးတွင် တင်သွင်းနိုင်ရန်အတွက် အချက်အလက်၏ တိကျခိုင်မာမှုကို ထိန်းထားပြီး စိတ်ချရသော အဆင့်ဆင့် ထိန်းသိမ်းစောင့်ရှောက်မှုရှိစေရန် ခေတ်မီသော သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်များကိုအသုံးပြု၍ လုံခြုံလျှို့ဝှက်စွာ သိမ်းဆည်းထားပါသည်။

ယန္တရား၏ရှေ့နေများ၊ စုံစမ်းစစ်ဆေးသူများ၊ စိစစ်သုံးသပ်သူများနှင့် ကျွမ်းကျင်ပညာရှင်များသည် ရရှိထားသည့် အချက်အလက်များကို အတည်ပြုနိုင်ရန်၊ ယုံကြည်စိတ်ချရစေရန်နှင့် တရားရုံးများတွင်အသုံးပြုနိုင်ရန် နောက်ဆုံးပေါ်နည်းပညာများနှင့် နည်းလမ်းများကို အသုံးပြုပြီး စိစစ်သုံးသပ်ကာ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးပါသည်။

ထို့နောက် ဤအချက်အလက်နှင့်အထောက်အထားများကိုအသုံးပြု၍ ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့် ပတ်သက်သည့် အမှုတွဲများ ပြင်ဆင်ပါသည်။ ယန္တရားသည် အမှီအခိုကင်းစွာနှင့် သမာသမတ်ကျစွာ ဆောင်ရွက်ပါသည်။ စွပ်စွဲခံရသူများ၏ ပတ်သက်ဆက်သွယ်မှု သို့မဟုတ် ရာထူးအဆင့်အတန်း အပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်းမပြုပါ။ ထို့အတူ ထိခိုက်နစ်နာသူများ၏ လူမျိုး၊ မျိုးနွယ်စု နှင့် ဘာသာရေးအုပ်စုများအပေါ် အခြေခံ၍လည်း ခွဲခြားဆက်ဆံခြင်းမပြုပါ။