Select Page

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (မြန်မာနိုင်ငံဆိုင်ရာ ယန္တရား”)က လတ်တလော စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ မည်သည့် လုပ်ဆောင်မှုများ ပြုလုပ်နေသနည်း။

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေစေနိုင်သည့် အင်အားအသုံးပြုခြင်း၊ နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကို ဖမ်းဆီး ထိန်းသိမ်းခြင်းတို့နှင့် ပတ်သက်သော သတင်းများအပါအဝင် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ရပ်များကို မြန်မာဆိုင်ရာ ယန္တရားက အသေအချာ နားစွင့်လျက် ရှိပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော “အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ” နှင့် ပတ်သက်သည့် သက်သေခံ အထောက်အထားများကို စုဆောင်းခြင်း၊ ပေါင်းစည်းခြင်း၊ ထိန်းသိမ်းခြင်း၊ စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန် လုပ်ပိုင်ခွင့်နှင့်အတူ၊ မြန်မာဆိုင်ရာ ယန္တရားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လုပ်ပိုင်ခွင့်တွင် ဖော်ပြပါ ရာဇဝတ်မှုများ ကျူးလွန်သူများကို တာဝန်ခံစေရန်အတွက် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် သို့မဟုတ် နိုင်ငံတကာ တရားရုံး သို့မဟုတ် ခုံရုံးများတွင် တရားစွဲဆိုမှုများ လုပ်နိုင်သည့် အမှုတွဲများကို တည်ဆောက်ခွင့်လည်း ပါဝင်သည်။ အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုများတွင် လူမျိုးတုံးအောင် လုပ်ဆောင်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာရောက်သည့် ရာဇဝတ်မှုများ ပါဝင် ပါသည်။ အကြီးလေးဆုံးသော နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ ဆိုရာတွင်လည်း နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု သို့မဟုတ် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ချိုးဖောက်မှုများလည်း ပါ၀င်သည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ အဆင့်ဆင့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲများနှင့်တကွ ဒီမိုကရေစီ ကျင့်ထုံးဆိုင်ရာ ပြဿနာများမှာမူ မြန်မာဆိုင်ရာ ယန္တရား၏ လုပ်ဆောင်မှု ဘောင်အတွင်း အကျုံးမဝင်ပါ။ သို့သော် ထိုပြဿနာများသည် အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်အတွင်း အကျုံးဝင်ကောင်း ဝင်နိုင်ပါသည်။ (အောက်တွင် ကြည့်ပါ။)

မြန်မာဆိုင်ရာ ယန္တရားက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ဖြစ်ရပ်များနှင့် ပတ်သက်သော အချက်အလက်နှင့် သက်သေခံ အထောက်အထားများကို မည်သို့ စုဆောင်းသနည်း။

မြန်မာဆိုင်ရာ ယန္တရားသည် အကန့်အသတ် မရှိဘဲ၊ အများပြည်သူ ကြည့်ရှုနိုင်သည့် သတင်းအရင်းအမြစ်များဖြစ်သော မီဒီယာများတွင် ဖော်ပြမှုများနှင့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ရေးသားမှုများ၊ အဆိုပါ ဖြစ်ရပ်များနှင့် သက်ဆိုင်သော အချက်အလက်များ၊ ရထားသည့် မျက်မြင်သက်သေများ အပါအဝင်၊ သတင်းအရင်းအမြစ် မျိုးစုံတို့မှ အချက်အလက်များနှင့် သက်သေခံ အထောက်အထားများကို စုဆောင်းနေပါသည်။ ဤယန္တရား၏ စုံစမ်းစစ်ဆေးမှုများ တည်ကြည်ခိုင်မာမှုရှိကြောင်း သေချာစေရန်နှင့် သတင်းအရင်းအမြစ်များ၏ အတွင်းရေးနှင့်တကွ လုံခြုံရေးကို ကာကွယ်ရန်အတွက်၊ မြန်မာဆိုင်ရာ ယန္တရားသည် ၄င်း၏ စုံစမ်းစစ်ဆေးမှုဆိုင်ရာ နည်းနာများကို အသေးစိတ် ထုတ်ဖော်၍ မဖြစ်ပါ။

မြန်မာဆိုင်ရာ ယန္တရားက အဘယ့်ကြောင့် အရေးပါသနည်း။

အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များ လုပ်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှစ၍၊ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများနှင့် ပတ်သက်သည့် သက်သေခံ အထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးပါသည်။ ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများကို အောင်အောင်မြင်မြင် တရားစွဲဆိုနိုင်ရေး ခက်ခဲစေသည့် အကြီးမားဆုံး အတားအဆီးများတွင် အချိန်ကြာညောင်းသွားခြင်းနှင့် သက်သေခံ အထောက်အထားများကို ဖုံးကွယ်ရန် သို့မဟုတ်၊ ဖျက်ဆီးရန် ကြိုးစားလာခြင်းတို့လည်း ပါဝင်သည်။ ဤသို့ အဖိုးတန်သော သက်သေခံ အထောက်အထားများကို စုဆောင်းထိန်းသိမ်းထားနိုင်ရန် ယန္တရား၏ ကြိုးပမ်းမှုများသည် အနာဂတ် ရုံးတင်စစ်ဆေးမှုများအတွက် အရေးပါမည် ဖြစ်သည်။ ထိုသို့ အရေးပါသည် ဆိုရာတွင် ဤယန္တရား၏ လုပ်ပိုင်ခွင့်သည် ဆက်လက်တည်တံ့နေသည့်အပြင်၊ မြန်မာနိုင်ငံအတွင်းရှိ အခြေအနေကို သေချာစွာ စောင့်ကြည့်နေဆဲ ဖြစ်သည်ကို သတိပြုရန် အရေးကြီးပါသည်။ အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုများ သို့မဟုတ်၊ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ ဖြစ်ခဲ့လျှင်၊ အဆိုပါ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုမှုများ ဖြစ်မြောက်လာစေနိုင်မည့် သက်ဆိုင်ရာ သက်သေခံ အထောက်အထားများကို ဤယန္တရားက စုဆောင်းသွားမည် ဖြစ်သည်။ ယန္တရားသည် ၎င်း၏ လုပ်ပိုင်ခွင့်ကို အားကြိုးမာန်တက် လုပ်ဆောင်ခြင်းအားဖြင့်လည်း၊ မြန်မာပြည်သူတို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားဆီး ကာကွယ်နိုင်ရန် မျှော်လင့်ပါသည်။

မြန်မာဆိုင်ရာ ယန္တရားသည် ကုလသမဂ္ဂ၏ မည်သည့် ဖွဲ့စည်းပုံစနစ်အောက်တွင် ရှိပါသနည်း။ မည်သူ့ကို အစီရင်ခံပါသနည်း။ ယန္တရားသည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တကွ၊ အခြား  ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် မည်သို့ ဆက်စပ်နေပါသနည်း။

မြန်မာဆိုင်ရာ ယန္တရားသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး၊ အဆိုပါ ကောင်စီနှင့်တကွ ကုလသမဂ္ဂ အထွေထွေညီလာခံကို နှစ်စဉ် အစီရင်ခံပါသည်။ ဤယန္တရားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (Office of the High Commissioner for Human rights, OHCHR) တို့နှင့် မတူသော ထူးခြားသည့် လုပ်ပိုင်ခွင့် ရရှိထားပါသည်။ မြန်မာဆိုင်ရာ ယန္တရား၏ လုပ်ပိုင်ခွင့်သည် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ အစီရင်ခံရန် သို့မဟုတ်၊ ဆော်သြမှုပြုရန် မရည်ရွယ်သလို၊ အဆိုပါ လူ့အခွင့်အရေးအခြေအနေများ တိုးတက်စေဖို့ အကြံပြုချက်များ ပေးရန်လည်း မရည်ရွယ်ပါ။ စင်စစ်အားဖြင့်၊ ဤယန္တရား၏ အခန်းကဏ္ဍမှာ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် သို့မဟုတ်၊ နိုင်ငံတကာ တရားရုံး သို့မဟုတ်၊ ခုံရုံးများတွင် တရားစွဲဆိုမှုများအတွင်း အသုံးချနိုင်သော သက်သေခံ အထောက်အထားများကို စုဆောင်းပြီး၊  စိစစ်သုံးသပ်ရန် ဖြစ်သည်။

မြန်မာဆိုင်ရာ ယန္တရားနှင့် ပတ်သက်သည့် အချက်အလက်များ အကြောင်းကြားသိ ဖတ်ရှု့ခဲ့ရမှုများ မှန်ကန်ကြောင်း မည်သို့ သိနိုင်သနည်း။

“IIMM” သို့မဟုတ် “မြန်မာဆိုင်ရာ ယန္တရား” ဟု လူသိများသော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် ပတ်သက်၍ တိကျ မှန်ကန်သော အချက်အလက်များ ရယူရန် အကောင်းဆုံးနည်းလမ်းမှာ ယန္တရား၏ အင်တာနက်စာမျက်နှာ iimm.un.org သို့မဟုတ်၊ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာ facebook.com/MyanmarMechanism တို့ကို သွားရောက် ဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အဆိုပါ စာမျက်နှာများတွင် ဤယန္တရား၏ လုပ်ပိုင်ခွင့်နှင့် လုပ်ဆောင်မှုများဆိုင်ရာ အချက်အလက်များကို ဖော်ပြထားပါသည်။ ကြေညာချက်များ၊ နှစ်စဥ်  အစီအရင်ခံစာများ၊ သတင်းလွှာများနှင့် အခြား အများပြည်သူအတွက် ရည်ရွယ်ကာ ထုတ်ပြန်ထားသည့် စာစောင်များ အပါအဝင်၊ ဤယန္တရားက ထုတ်ပြန်သည့် စာရွက်စာတမ်းများကို ဤယန္တရား၏ အင်တာနက်နှင့် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဖတ်ရှုနိုင်ပါသည်။ အခြား အင်တာနက်နှင့် လူမှုကွန်ယက် စာမျက်နှာများတွင် ယန္တရားက ကြေညာသည်ဟု ဖော်ပြထားသည့် အချက်အလက်များ မှန်ကန်ကြောင်း ယန္တရားက တာဝန်မယူနိုင်ပါ။

မြန်မာဆိုင်ရာ ယန္တရားကို အချက်အလက်နှင့် သက်သေခံ အထောက်အထားများ မည်သို့ ပေးပို့နိုင်ပါသနည်း။

မြန်မာဆိုင်ရာ ယန္တရားသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာ ရာဇဝတ်မှုနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ ကျူးလွန်ရာတွင် လူပုဂ္ဂိုလ် တစ်ဦးဆီ၏ တာဝန်ရှိမှုကို သက်သေပြနိုင်သည့် အချက်အလက်များကို စိတ်ဝင်စား အလိုရှိပါသည်။ မည်သို့ သော ကျူးလွန်မှုက နိုင်ငံတကာ ရာဇဝတ်မှုနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ မြောက်ကြောင်းနှင့် ပတ်သက်သော ရှင်းလင်းချက်ကို သိရှိရန်အတွက် ဤယန္တရား၏ အင်တာနက်စာမျက်နှာမှ “နိုင်ငံတကာဥပဒေမူဘောင်” ဆိုင်ရာ စာမျက်နှာတွင် ဖော်ပြထားသော အချက်အလက် အရင်းအမြစ်များကို ဖတ်ရှုပေးစေလိုပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ယန္တရားသည် အွန်လိုင်း သတင်းကြေညာချက်များကို အစဉ်တစိုက်၊ အသေအချာ နားစွင့်လျက်ရှိသည် ဖြစ်၍၊ အင်တာနက်ပေါ်တွင် ရောက်ရှိနေပြီးသားဖြစ်သော အချက်အလက်များကို ဤယန္တရားအား ပေးပို့ရန်မလိုသည်ကိုလည်း သတိပြုပေးစေလိုပါသည်။

သင့်ထံတွင် မြန်မာ့ယန္တရားအတွက်အသုံးဝင်နိုင်သော သတင်းအချက်အလက်များရှိသည်ဟု ယုံကြည်ပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား Signal နံပတ် +41(0)76 691 12 08  (သို့) ProtonMail အီးမေးလ် contact@myanmar-mechanism.org တို့မှ ဆက်သွယ်ပါ။ သင့်ပေးပို့မည့် အချက်အလက်များကို မည်သို့မည်ပုံ လုံခြုံစွာဝေမျှနိုင်မလဲ၊ မည်သို့အသုံးပြုမလဲ စသည့်မေးခွန်းများနှင့် သင်၏ ကိုယ်ရေးအချက်အလက်များကို မည်သို့ ကာကွယ်လိုသလဲ စတာတွေကို အရင်ဆွေးနွေးမှာပါ။ သင့်ကို ဆက်သွယ်နိုင်မည့် အသေးစိတ်အချက်အလက်များကို ယန္တရားသို့ ပေးပို့ချက်တွင် ထည့်သွင်းပေးပါ။ သတင်းအချက်အလက်များ လက်ခံရယူရန် ယန္တရားတွင် တခြားလျှို့ဝှက်ဆက်သွယ်ရေးနည်းလမ်းများ ရှိပြီး လိုအပ်ရင် လိုအပ်သလို ပေးပို့ပါမည်။ ဆက်သွယ်သူများ၏ လုံခြုံရေးနှင့် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူ အားလုံး၏ လုံခြုံမှုရှိရေးက ယန္တရားအတွက် အရေးကြီးဆုံး ဖြစ်ပါသည်။ သင်၏သဘောတူညီချက်မပါဘဲ သင်ပေးပို့လာသော သတင်းအချက်အလက်များ (သို့) သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်နှင့်ဆိုင်သည့် သတင်းအချက်အလက်များကို ယန္တရားအနေဖြင့် မည်သူနှင့်မျှ မျှဝေမည်မဟုတ်ပါ။ မိမိသိချင်သော ယေဘူယျအချက်အလက်များအတွက် iimm@un.org အီးမေးလ်မှတဆင့် ဆက်သွယ်နိုင်ပါတယ်။