ငါးနှစ်ကြာလာသော်လည်း မြန်မာနိုင်ငံအတွင်း အရပ်သားများကို ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားနေ

Body

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်

 

ဂျီနီဗာ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်။      ။ လွန်ခဲ့သည့်ငါးနှစ်က မြန်မာစစ်တပ်သည် နိုင်ငံ၏ ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းခဲ့သည်။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအထိ ဆိုးရွားလှသော အကြမ်းဖက်မှုများကို ကြုံတွေ့နေရသည့် အထောက်အထားများရှိသည်။

စစ်တပ်က ရွေးကောက်ပွဲများကျင်းပခြင်းဖြင့် တရားဝင်မှုရရှိရန် ကြိုးပမ်းနေသည်ကို ဝေဖန်သူ သို့မဟုတ် ဆန့်ကျင်သူများကို စစ်အာဏာပိုင်များမှမကြာသေးမီက အကျဥ်းချခဲ့သည်။  စစ်အစိုးရကို ဆန့်ကျင်သည်ဟု ထင်မြင်ယူဆချက်ဖြင့် ဥပဒေမဲ့ဖမ်းဆီးထားသည့် လူထောင်ပေါင်းများစွာထဲတွင် ယခုအခါ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုသူများလည်း ပါဝင်လာပြီဖြစ်သည်။ အဖမ်းခံရသူများစွာသည် ရက်စက်ကြမ်းကြုတ်သည့် နှိပ်စက်ညှဉ်းပန်းမှုများ ခံစားရသည်။ ဥပဒေမဲ့ဖမ်းဆီးခြင်းနှင့် အကျဉ်းထောင်အတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများသည် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်နေပြီး၊ ထိုပုဂ္ဂိုလ်များအား ဆက်လက်ဖမ်းဆီးထားခြင်းသည် နိုင်ငံတကာဥပဒေများ ဆက်လက်ချိုးဖောက်နေကြောင်း ပြသနေသည်။

စစ်တပ်သည် အရပ်သားများ၏ နေအိမ်များ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို မခွဲခြားဘဲ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အမျိုးသမီးများ၊ အမျိုးသားများနှင့် ကလေးများသည် တိုက်ခိုက်မှုကို အမြဲတမ်း ကြောက်ရွံ့နေရသည်။ ကလေးများ အပါအဝင် အသက်အရွယ်နှင့် ဂျင်ဒါပေါင်းစုံမှ လူများသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု၊အခြားလိင်နှင့်ဂျင်ဒါအခြေပြု ရာဇဝတ်မှုများ ရင်ဆိုင်ကြရသည်။ ဆာလောင်ငတ်မွတ်မှု ကြုံတွေ့နေရသော ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အရေးပေါ် လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း တားဆီးပိတ်ပင်ခံရသည်။ 

ယန္တရားက စုဆောင်းပြီး စိစစ်သုံးသပ်ထားသော အထောက်အထားအများစုတွင် မြန်မာစစ်တပ်က ရာဇဝတ်မှုများ ကျူးလွန်နေဟု ညွှန်ပြနေသလို၊ အတိုက်အခံ လက်နက်ကိုင်အဖွဲ့များကလည်း ဆိုးရွားလှသည့် အကြမ်းဖက်မှုများ ကျူးလွန်နေသည်ဆိုသော စွပ်စွဲချက်များ တိုးနေပြီး ယင်းတို့ကိုလည်း ယန္တရားက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ယန္တရားသည် ဤရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ၏ တစ်ဦးချင်း ပြစ်မှုဆိုင်ရာတာဝန်ရှိမှုများကို ဖော်ထုတ်ရန် အထောက်အထားများကို စနစ်တကျ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်းများကို လုပ်ဆောင်နေသည်။ ပြစ်မှုကျူးလွန်သူများသည် ၎င်းတို့၏လုပ်ရပ်များကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိထားသင့်ပြီး ၎င်းတို့အား တရားစီရင်နိုင်ရေးအတွက် ယန္တရားသည် သက်ဆိုင်ရာ တရားရေးအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေသည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org  ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။