(၉) နှစ်ကြာလာသော်လည်း ရိုဟင်ဂျာများ တရားမျှတမှုရရှိရန် စောင့်ဆိုင်းနေရဆဲ
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်
ဂျီနီဗာ၊ ဩဂုတ်လ ၂၄ ရက်။ ။ မြန်မာလုံခြုံရေးတပ်ဖွဲ့များက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအား အကြမ်းဖက်စစ်ဆင်ရေးများ စတင်ခဲ့သည်မှာ မနက်ဖြန်တွင် (၉)နှစ်ပြည့်ပြီ ဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးများအတွင်း လူအများအပြား သတ်ဖြတ်ခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရသည့်အပြင် နေအိမ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလည်း ဖျက်ဆီးခံခဲ့ရသည်။ ယင်းဖြစ်စဥ်များကြောင့် သိန်းနှင့်ချီသည့် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ အတင်းအဓမ္မ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့သည် နေရပ်စွန့်ခွာထွက်ပြေးရသည်မှာ ကိုးနှစ်ကြာပြီဖြစ်သော်လည်း မိမိတို့၏ နေအိမ်များသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပါ။
ယနေ့အချိန်အထိ အဆိုပါ ရာဇဝတ်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံရခြင်း သို့မဟုတ် အရေးယူခံရ ခြင်း မရှိသေးပေ။ ၂၀၁၇ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကြောင့် ရိုဟင်ဂျာများစွာသည် စိတ်ဒဏ်ရာများ ခံစား နေကြရပြီး ယင်းအချိန်များသည် ၎င်းတို့အတွက် အဆိုးရွားဆုံးကာလဖြစ်ကြောင်း ပြောကြားကြသည်။ ၎င်းတို့သည် နေရပ်သို့ ပြန်လိုကြသော်လည်း ၎င်းတို့ပြန်လည်နေထိုင်ရမည့် နေရပ်ဒေသတွင် စစ်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်မှုများ၊ နေရပ်စွန့်ခွာရမှုများ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် လုံခြုံမှုကင်းမဲ့သည့် အခြေအနေများကြောင့် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများမှာ အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်နေကြသည့် ရိုဟင်ဂျာများသည်လည်း လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများအပါအဝင် ၎င်းတို့၏ အသက်အန္တရာယ်နှင့် ဘေးကင်းလုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်သည့် အန္တရာယ်များနှင့် ဆက်လက်ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် လူအများအပြားသည် ထိုအန္တရာယ်များမှ လွတ်မြောက်ရန် အသက်အန္တရာယ်များသည့် ပင်လယ်ခရီးကိုပင် စွန့်စားသွားလာနေကြရသည်။
ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ ပြစ်ဒဏ်ကင်းလွတ်နေမှု မရှိစေရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် ရိုဟင်ဂျာများအား အတိတ်က ကျူးလွန်ခဲ့သော အမှုများနှင့် လက်ရှိ ကျူးလွန်နေဆဲ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါ ရာဇဝတ်မှုများအတွက် အဓိက တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် ယန္တရားသည် အထောက်အထား အမြောက်အမြားကို စုဆောင်း၍ စိစစ်သုံးသပ်ထားသည့်အပြင် ရာနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများ၊ မျက်မြင်သက်သေများနှင့် အတွင်းသတင်းသိသူများကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ ယန္တရား၏ စုံစမ်းစစ်ဆေးမှုများတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ သာမက အာရက္ခတပ်တော်၊ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်နှင့် အခြားလက်နက်ကိုင်အဖွဲ့များလည်း ပါဝင်သည်။ ထို့အပြင် ရာဇဝတ်မှုများကို စီစဉ်ရာတွင် ကူညီခဲ့သူများ၊ ကျူးလွန်ရန် လှုံ့ဆော်ခဲ့သူများ သို့မဟုတ် ယင်းရာဇဝတ်မှုများမှ အကျိုးအမြတ် ရရှိခဲ့သူများအပါအဝင် နိုင်ငံရေးသမားများ၊ ဘာသာရေးခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကဲ့သို့ ရာဇဝတ်များအတွက် တာဝန်ရှိနိုင်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။
ယခုနှစ်အစောပိုင်းတွင် နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) သည် ရိုဟင်ဂျာများအား လူမျိုးပြုန်းစေမှု ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာနိုင်ငံသည် ၎င်း၏ တာဝန်ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း ရှိ၊ မရှိ ကို ဆုံးဖြတ်မည့်အမှုနှင့် ပတ်သက်၍ လူထုရှေ့မှောက် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယန္တရားသည် ၂၀၁၇ ခုနှစ်မှ ဖြစ်ရပ်များနှင့် သက်ဆိုင်သော အထောက်အထားများနှင့် စိစစ်သုံးသပ်ချက် အများအပြားကို အမှုတွင်ပါဝင်သည့် နှစ်ဖက်အဖွဲ့ထံ မျှဝေခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တာဝန်ရှိမှုကို ဆုံးဖြတ်ရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။
ယန္တရားသည် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) ရှိ ရိုဟင်ဂျာများနှင့် သက်ဆိုင်သည့် အမှုများနှင့်အတူ အာဂျင်တီးနားနိုင်ငံနှင့် အခြားတရားစီရင်ပိုင်ခွင့်ရှိသည့် နိုင်ငံများတွင် ဆောင်ရွက်နေသော အမှုများအတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်များထံ အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို မျှဝေပေးခဲ့သည်။ ယင်းတို့တွင် ရိုဟင်ဂျာများ ယင်းဒေသတွင် နေထိုင်ခဲ့သည့် အထောက်အထားများကို ဖျောက်ဖျက်ရန် ရည်ရွယ်၍ ၎င်းတို့၏ မြေယာများကို ဖျက်ဆီးခြင်းနှင့် အခြားရည်ရွယ်ချက်များအတွက် ပြောင်းလဲအသုံးပြုခြင်းတို့တွင် ပါဝင်ခဲ့သည့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၊ ကုမ္ပဏီများနှင့် အခြားပါဝင်ပတ်သက်သူများကို ဖော်ထုတ်ထားသည့် အချက်အလက်များလည်း ပါဝင်သည်။
တရားမျှတမှုရရှိရန် ကိုးနှစ်ကြာ စောင့်ဆိုင်းရသည်မှာ အသက်ရှင်ကျန်ရစ်သူများအဖို့ အလွန်ကြာမြင့်သည်။ ၂၀၁၇ ခုနှစ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ရိုဟင်ဂျာများ ယနေ့တိုင် ဆက်လက်ခံစားနေရသည့် ဒုက္ခများက ယင်းရာဇဝတ်မှုများ အတွက် တာဝန်ခံမှုရရှိရေးသည် အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြနေသည်။ ယန္တရားသည် အဆိုပါ ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူများ တရားရင်ဆိုင်ရစေရေးကို အထောက်အကူပြုနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။
ရိုဟင်ဂျာ ဘာသာဖြင့် နားဆင်ရန်
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။