(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး

Body

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်မှ ထုတ်ပြန်ချက်

 

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် 

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ လုပ်ငန်းတိုးတက်မှုတွေအကြောင်း တင်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ 

ပြီးခဲ့တဲ့တစ်ခေါက် ဒီကော်မတီမှာ ကျွန်တော် လာရောက်တင်ပြခဲ့ပြီးကတည်းက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမို ဆိုးရွားလာပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာရသူ အရေ အတွက်လည်း ပိုမိုများပြားလာပါတယ်။ 

မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပါတယ်။ အရပ်သားတွေရှိနေတဲ့ နေအိမ်တွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ နေရပ်စွန့်ခွာသူတွေ ခိုလှုံရာ စခန်းတွေနဲ့ စာသင်ကျောင်းတွေကို ထိခိုက်စေတဲ့ ပစ်မှတ်မရှောင်ရှားဘဲ တိုက်ခိုက်မှုတွေ၊ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ပိုမိုအရှိန်မြှင့် စုံစမ်းစစ်ဆေးနေပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲမှာ ဒရုန်းတွေနဲ့ ပါရာမော်တာတွေ အသုံးပြုတဲ့ တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကပဲ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ချင်းပြည်နယ်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်းတစ်ခုကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ ဈေးတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရပြီး လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ 

မြန်မာစစ်တပ်က စီမံခန့်ခွဲတဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးရာမှာလည်း ရှေ့ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး ဒီရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တပ်မှူးတွေနဲ့ စစ်ကြောရေးလုပ်ဆောင်သူတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြု ရာဇဝတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လည်ပင်းညှစ်မှုတွေနဲ့ လျှပ်စစ်နဲ့ ရှော့တိုက်ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ် သက်သေထွက်ဆိုချက်တွေကိုလည်း ရရှိထားပါတယ်။ 

ဒါ့အပြင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပိုမိုများပြားလာတာကြောင့် ဒီဖြစ်ရပ်တွေကိုလည်း ကျွန်တော်တို့ စုံစမ်းစစ်ဆေး နေပါတယ်။ ကျွန်တော်တို့ဟာ အထောက်အထားတွေကို အခြေခံပြီး ကျူးလွန်သူတွေရဲ့ လူမျိုးရေး ဒါမှမဟုတ်၊ နိုင်ငံရေးဆက်နွယ်မှုတွေကို  မခွဲခြားဘဲ စုံစမ်းစစ်ဆေးပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား…

ဒီလအစောပိုင်းမှာ ကျွန်တော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဦးရေဟာ အခုဆိုရင် ၁.၂ သန်းကျော် ရှိနေပါတယ်။ ဒီထဲက ရိုဟင်ဂျာ ၁၅၅,၀၀၀ ကျော်ဟာ ၂၀၂၄ ခုနှစ်အစောပိုင်းက ထွက်ပြေးရောက်ရှိလာခဲ့သူတွေ ဖြစ်ပါတယ်။ 

ကျွန်တော်နဲ့ တွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာအမျိုးသားတစ်ဦးက မကြာသေးမီက ရခိုင်ပြည်နယ်မှာ သူရဲ့သားသမီးငါးဦးစလုံး အသတ်ခံခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးကလည်း သူမရဲ့ခင်ပွန်းကို အာရက္ခတပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုအချိန်အထိ ဘယ်နေရာမှာရှိနေတယ်ဆိုတာ မသိရသေးကြောင်း ပြောပြခဲ့ပါတယ်။ ကျွန်တော် တွေ့ဆုံခဲ့သူအားလုံးဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာတွေ ခံစားနေကြပါတယ်။ သူတို့အားလုံးဟာ မြန်မာနိုင်ငံကို ပြန်သွားချင်ကြပြီး တရားမျှတမှုရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် သူတို့တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်မယ့်နေ့ ပိုပြီးမြန်မြန်ဆန်ဆန် ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။ 

ယန္တရားဟာ အနာဂတ်တရားစွဲဆိုမှုတွေကို ပံ့ပိုးကူညီနိုင်ဖို့ အထောက်အထားတွေကို တစိုက်မက်မက် စုစည်းတည်ဆောက်နေပါတယ်။ ယန္တရားက အထောက်အထားရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်ဆီက ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုလ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပေါ်က ဖော်ပြချက်တွေနဲ့ ဘဏ္ဍာရေးမှတ်တမ်းတွေကို စုဆောင်းထားပါတယ်။ ဒါ့အပြင် သက်သေတွေဆီက ထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း ရရှိထားပါတယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရားရုံးတို့က တရားရေးအာဏာပိုင်တွေဆီကို   အထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက် အမြောက်အမြား မျှဝေပေးထားပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင် နေတဲ့ နိုင်ငံအချို့က သက်ဆိုင်ရာအာဏာပိုင်တွေဆီကိုလည်း အချက်အလက်တွေ မျှဝေပေးထားပါတယ်။ 

ပုဂ္ဂိုလ်ရေး အန္တရာယ်ကြီးမားတဲ့ကြားက ယန္တရားထံ အချက်အလက်တွေ မျှဝေပေးခဲ့ကြသူ အားလုံးကို ကျွန်တော် အထူးပဲကျေးဇူးတင်ရှိပါတယ်။ သူတို့တွေရဲ့ ယုံကြည်မှုနဲ့ အဲဒီယုံကြည်မှုနဲ့ အတူတွဲပါလာတဲ့ တာဝန်ကို ကျွန်တော်တို့ အလေးအနက်ထားပါတယ်။ ဒါကြောင့် ယန္တရားဟာ စုံစမ်းစစ်ဆေးမှုတွေကို တစိုက်မက်မက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စုဆောင်းထားတဲ့ အထောက်အထားတွေကို အသုံးပြုပြီး ရာဇဝတ်မှုတွေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေကို တရားဥပဒေအရ တာဝန်ခံမှုရှိစေနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ။ 

အခုအချိန်ဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအတွက် စိန်ခေါ်မှုတွေ ကြီးမားနေတဲ့ ကာလ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က နျူရင်ဘတ်တရားစီရင်မှုတွေ ပြုလုပ်ခဲ့တဲ့အချိန်ကစပြီး စစ်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အ‌ပေါ် တားမြစ်ချက်တွေ ပိုမိုခိုင်မာအားကောင်းလာစေဖို့ အားထုတ်ကြိုးပမ်းခဲ့ကြပါတယ်။  ဒါ့အပြင် အဆိုးရွားဆုံး ရာဇဝတ်မှုတွေရဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ကိုလည်း စီစဥ်ဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထိခိုက်နစ်နာသူတွေကို ပစ်ပယ်ထားမှာ မဟုတ်သလို ဒီလိုရာဇဝတ်မှုတွေကိုလည်း လက်သင့်ခံမှာ မဟုတ်ကြောင်း ပြတ်သားတဲ့ သတင်းစကားပေးဖို့ လိုအပ်ပါတယ်။ 

ကျေးဇူးတင်ပါတယ်။