ရိုဟင်ဂျာများ ရခိုင်ပြည်နယ်သို့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် အကြမ်းဖက်မှုများ အဆုံးသတ်ရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ယန္တရားအကြီးအကဲ ပြောကြား
ဒါကာ/ဂျီနီဗာ၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ။ ။မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရက်စက်ကြမ်းကြုတ်သည့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာများသည် ၎င်းတို့၏ နေရပ်များသို့ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (ယန္တရား)၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခြောက်ရက်ကြာ တရားဝင်ခရီးစဉ်အဆုံးတွင် ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း နီကိုလတ်စ်ခွန်ဂျန်သည် အစိုးရအဆင့်မြင့်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး၊ ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများ၊ အခြားလူမှုအသိုင်းအဝိုင်းများမှ လူပေါင်း ၂၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုများတွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ကြသူများစွာလည်း ပါဝင်သည်။
“ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ လူမျိုးစု၊ ဘာသာရေးနဲ့ နိုင်ငံရေးခံယူချက် အသီးသီးရှိသူတွေက လက်ရှိမှာ အလွန် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယန္တရားက စုံစမ်းစစ်ဆေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာခဲ့ကြတဲ့ ရိုဟင်ဂျာအများအပြားက မကြာသေးခင်က သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိတ်ထိခိုက်စရာ အတွေ့အကြုံတွေ ကျွန်တော့်ကို ပြောပြခဲ့ကြပါတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေဟာ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောကြားခဲ့သည်။
အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်ကြား ဖြစ်ပွားဆဲ ပဋိပက္ခအတွင်း ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသောကြောင့် ရိုဟင်ဂျာ ၁၅၄,၀၀၀ ကျော်သည် ၂၀၂၄ ခုနှစ် အစောပိုင်းမှစ၍ ကော့စ်ဘဇားသို့ ထွက်ပြေးလာကြသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ်စွန့်ခွာခဲ့သည့် ရိုဟင်ဂျာလူဦးရေသည် ၁.၂ သန်းကျော် ရှိလာပြီဖြစ်သည်။
ခရီးစဉ်အတွင်း နီကိုလတ်စ်ခွန်ဂျန်သည် အဆင့်မြင့်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်းတို့တွင် ပြည်ထဲရေးဝန်ကြီး Mr. Salahuddin Ahmed၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဝန်ကြီး Mr. Asadul Habib Dulu၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Mr. Humayun Kabir၊ နိုင်ငံခြားရေး အတွင်းဝန် Mr. Asad Alam Siam နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui တို့ ပါဝင်သည်။
နီကိုလတ်စ်ခွန်ဂျန်သည် မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများနှင့်စပ်လျဉ်း၍ ယန္တရား၏ စုံစမ်းစစ်ဆေးမှုများကို ပံ့ပိုးခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအား အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ကော့စ်ဘဇားရှိ ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ (RRRC) နှင့် ဒုက္ခသည်စခန်းတာဝန်ခံ (CiC) ရုံးများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများအတွက်လည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
“ကျွန်တော်နဲ့ တွေ့ဆုံစကားပြောခဲ့သူတိုင်းက ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေကို အထူးစိုးရိမ်နေကြပါတယ်” ဟု နီကိုလတ်ခွန်ဂျန်က ပြောကြားခဲ့သည်။ “အရပ်သားတွေကို အကြမ်းဖက်နေမှု အဆုံးသတ်ရေးနဲ့ ဒီရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိရေးဟာ ရိုဟင်ဂျာအသိုင်းအဝန်းတွေ ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှသာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်း အဝိုင်းအားလုံးအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) တွင် လူမျိုးပြုန်းစေမှု တားဆီးကာကွယ်ရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာနိုင်ငံတွင် ရှိသည့် တာဝန်ဝတ္တရားများအား ဆန်းစစ်သည့်အမှုကို တရားသူကြီးများက စဥ်းစားသုံးသပ်နေသည့် ကာလအတွင်း နီကိုလတ်စ်ခွန်ဂျန်က ဤခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများအား လူမျိုးပြုန်းစေမှုကို တားဆီးကာကွယ်ရန်နှင့် ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရန် ၎င်း၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့ခြင်း ရှိ၊ မရှိ အိုင်စီဂျေတွင် စစ်ဆေးသုံးသပ်လျက်ရှိပြီး လာမည့်လများအတွင်း ဆုံးဖြတ်ချက် ချနိုင်ဖွယ်ရှိသည်။
ရိုဟင်ဂျာ ဘာသာဖြင့် နားဆင်ရန်
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။
Facebook: @MyanmarMechanism LinkedIn: @MyanmarMechanism