Select Page

ICJ – ဂမ်ဘီယာ နှင့် မြန်မာ

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင်၊ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင်  တရားစွဲဆိုမှု  တစ်ခု တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးပြုန်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် တာဝန်ပျက်ကွက်ခဲ့ခြင်းဖြင့် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ် (Genocide Convention) ကို ချိုးဖောက်ခဲ့သည်ဟု တရားစွဲဆိုခြင်းဖြစ်သည်။

ဤတရားစွဲဆိုချက်နှင့် ပတ်သက်၍ ICJ သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင်  အမိန့်  တစ်ခုထုတ် ပြန်ခဲ့သည်။ ထိုအမိန့်တွင်၊ မြန်မာနိုင်ငံအား လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်တွင် သတ်မှတ်ထားသည့် လုပ်ရပ်များကျူးလွန်ခြင်းကို  “မိမိအာဏာအတွင်း စီမံလုပ်ဆောင်နိုင်သည့်နည်းအားလုံးကို သုံး၍” တားဆီးရန် ညွှန်ကြားခဲ့သည်။ မြန်မာစစ်တပ်အပါအဝင် အခြားသော သာမန်မဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များက အဆိုပါကျူးလွန်မှုများကို ရှောင်ကြဥ်ရန် ညွှန်ကြားခဲ့သည်။ ထို့အပြင်၊ ICJ ၏ တရားစွဲဆိုမှုနှင့် သက်ဆိုင်သော  “အထောက်အထားများကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန်နှင့် အထောက်အထားများကို သေချာထိန်းသိမ်းရာတွင် ထိရောက်သော စီမံဆောင်ရွက်မှုများလုပ်ရန်” မြန်မာနိုင်ငံအား အမိန့်ချခဲ့သည်။ အဆိုပါအမိန့်အတိုင်း လိုက်နာဆောင်ရွက်ချက်များကို မြန်မာနိုင်ငံက ပုံမှန်အစီရင်ခံစာများ တင်သွင်းရန် ညွှန်ကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင်၊ ICJ တရားရုံး၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့်ပတ်သက်သော မြန်မာနိုင်ငံ၏ ပဏာမ ကန့်ကွက်ချက်များကို  ICJ က ပယ်ချလိုက်သည်။ လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်၏ အဓိကရည်ရွယ်ချက်အရ လူမျိုးပြုန်းစေမှုတားဆီးရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာကျင့်သုံးမှုသည် လက်မှတ်ရေးထိုးသည့် နိုင်ငံအားလုံး၏ ‘ဘုံအကျိုးစီးပွား’ ဖြစ်သည်။ ထို့ကြောင့် ဂမ်ဘီယာသည်  အဆိုပါ ‘ဘုံအကျိုးစီးပွား’ အရ မိမိနည်းတူ စာချုပ်လက်မှတ်ရေးထိုးသည့်  တခြားနိုင်ငံတစ်ခုကို တရားစွဲဆိုမှုလုပ်ပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ ပိုမိုသိရှိလိုပါက၊ ယန္တရား၏  စီရင်ချက်အပေါ် တုံ့ပြန်ခြင်း ကို ဖတ်ရှုပါ။

ထို့နောက် ICJ သည် ဤဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နှစ်ဖက်နိုင်ငံ၏ ပြန်လည်တင်ပြချက်များအား ထပ်မံစဥ်းစားမည်ဖြစ်သည်။ မြန်မာနိုင်ငံအား ဂမ်ဘီယာ၏ ပြန်လည်တင်ပြချက်ကို တုံ့ပြန်ရန် ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်နေ့ နောက်ဆုံးထားတင်ပြရန် ညွှန်ကြားထားသည်။ အဆိုပါ အချိန်ကန့်သတ်မှုကို သက်တမ်းတိုးပေးရန် မြန်မာနိုင်ငံက တောင်းဆိုသောကြောင့်  ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ကို အချိန်ရွှေ့ ဆိုင်းပေးထားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်၊  ICJ သည်  ဂမ်ဘီယာနိုင်ငံအား မြန်မာနိုင်ငံက တင်သွင်းခဲ့သော ငြင်းခုံချက်များကို ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နောက်ဆုံးထား တုံ့ပြန်ရန်နှင့်   ဤ ဂမ်ဘီယာ၏ တုံပြန်ချက်များကို မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ ပြန်လည်တုံ့ပြန်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။

၁၉၄၈ ခုနှစ် လူမျိုးပြုန်းစေမှုဆိုင်ရာ ပြစ်မှုများမှ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေး သဘောတူစာချုပ် ၏ “မြင့်မားသောရည်ရွယ်ချက်များ အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ဘုံအကျိုးစီးပွား” ကို အခြေခံ၍ ၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံ တို့သည် ကြားဝင်ဆောင်ရွက်ရေး ပူးတွဲကြေငြာချက်တစ်ရပ်ကို တင်သွင်း ခဲ့သည်။ .မော်လ်ဒိုက်နိုင်ငံသည်လည်း “ရိုဟင်ဂျာမွတ်ဆလင်များအပေါ်  လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍” ၎င်း၏ အလွန်အမင်း စိုးရိမ်ပူပန်မှုကို ကြေငြာချက်တင်သွင်း ခဲ့ပြီး၊ “လူမျိုးပြုန်းစေမှုဆိုင်ရာ ပြစ်မှုများမှ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ပေးရေး ကြိုးပမ်းမှုတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” လိုအပ်ကြောင်း တင်ပြခဲ့သည်။

ICJ ဆိုတာဘာလဲ။

ICJ သည် နိုင်ငံများအကြား တရားဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် ကုလသမဂ္ဂ တရားရုံးဖြစ်သည်။ ICJ သည် လူပုဂ္ဂိုလ်များကို တရားမစွဲဆိုနိုင်ဘဲ၊ နိုင်ငံများကသာ တရားစွဲဆိုရန် အစပြုနိုင်သည်။

ICJ သည် ဒီအမှုကို ဘာကြောင့် တရားစီရင်ပိုင်ခွင့်ရှိသလဲ။

ICJ သည် နိုင်ငံများက လက်မှတ်ရေးထိုးပြီး အတည်ပြုထားသည့် စာချုပ်များနှင့် စပ်လျဉ်းသော အငြင်းပွားမှုများကို တရားစီရင်ပိုင်ခွင့်ရှိသည်။ ဂမ်ဘီယာသည် လူမျိုးပြုန်းစေမှုဆိုင်ရာ ပြစ်မှုများမှ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေး သဘောတူစာချုပ် (လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်) အပိုဒ် ၉ အရ အဆိုပါ အမှုကို တင်ပြခဲ့သည်။ ယင်းအပိုဒ် ၉ တွင် “လူမျိုးပြုန်းစေမှုအတွက် နိုင်ငံတစ်နိုင်ငံ၏ တာဝန်နှင့် စပ်လျဉ်း၍” နိုင်ငံများအကြား အငြင်းပွားမှုများကို ICJ တွင် တရားစွဲဆိုခွင့်ပြုထားသည်။ မြန်မာနိုင်ငံသည် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်ကို ၁၉၅၆ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးထားသည်။

ယန္တရားက ဘယ်လိုပါဝင်သလဲ။

ICJ ရှိအမှုသည် နိုင်ငံများအကြားဖြစ်သည့် အငြင်းပွားမှုဖြစ်ပြီး ရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်း မဟုတ်ပါ။ သို့သော် ယန္တရားသည် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများအပြင် တရားမျှတမှုဖြစ်ထွန်းရန်နှင့် အနာဂတ်တ္ငင် ရာဇ၀တ်မှုများထပ်မဖြစ်ရန်  ဟန့်တားနိုင်သည့် အခြေအနေမျိုးရှိပါက အချက်အလက် များ မျှဝေနိုင်သည်။ ၂၀၂၀ ခုနှစ် ဇွန်လတွင်၊ လူ့အခွင့်အရေးကောင်စီ (ဆုံးဖြတ်ချက် ၄၃/၂၆) က ယန္တရားအား ICJ နှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးတောင်းဆိုထားသည်။

ထို့ကြောင့် ယန္တရားသည် အချက်အလက်ပေးသူများ၏ ခွင့်ပြုချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တောင်းဆိုလာသော အချက်အလက်များကို မျှဝေသည်။ အာဏာမသိမ်းမီကာလတွင်၊ ယန္တရားသည် အချက်အလက်ပေးသူများ၏ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအာဏာပိုင်များက တောင်းဆိုသော အချက်အလက်အချို့ကိုလည်း မျှဝေခဲ့သည်။ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းတွင်၊ မြန်မာအာဏာပိုင်များသည် ယန္တရား၏ သတ်မှတ်ချက်ဖြစ်သော လျှို့ဝှက်စွာထားရှိမှုနှင့် သက်သေများ၏လုံခြုံရေးအတွက် သဘောတူကြောင်းအတည်ပြုချက် မပေးသေးသောကြောင့် ၎င်းတို့နှင့် အချက်အလက် မျှဝေခြင်း မရှိပါ။

နောင်တစ်ချိန်တွင် ယန္တရားသည် မြန်မာနိုင်ငံထံ အချက်အလက်များ မျှဝေနိုင်ပါသည်။ သို့သော် အချက် အလက်ပေးသူများ၏ ခွင့်ပြုချက်ဖြင့်သာ မျှဝေပါမည်။ ထို့အပြင် အချက်အလက်မျှဝေခြင်းဖြင့် မည်သူ့ကိုမျှ အန္တရာယ်မဖြစ်နိုင်ကြောင်း ယုံကြည်စိတ်ချရပြီး၊ သတ်မှတ်ထားသော အခြေအနေများနှင့် ကိုက်ညီမှသာ မျှဝေသွားပါမည်။