နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) – ဂမ်ဘီယာ နှင့် မြန်မာ

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင်၊ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) တွင်  တရားစွဲဆိုမှုတစ်ခု တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် လူမျိုးပြုန်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် တာဝန်ပျက်ကွက်ခဲ့ခြင်းဖြင့် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ် (Genocide Convention) ကို ချိုးဖောက်ခဲ့သည်ဟု တရားစွဲဆိုခြင်းဖြစ်သည်။

ဤတရားစွဲဆိုမှုနှင့်ပတ်သက်၍ အိုင်စီဂျေသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင်  အမိန့်တစ်ရပ်ထုတ် ပြန်ခဲ့သည်။ ထိုအမိန့်တွင်၊ မြန်မာနိုင်ငံအား လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် လုပ်ရပ်များ ကျူးလွန်ခြင်းကို  “မိမိအာဏာအတွင်း စီမံလုပ်ဆောင်နိုင်သည့် နည်းအားလုံးကို သုံး၍ တားဆီးရန်” ညွှန်ကြားခဲ့သည်။ မြန်မာစစ်တပ်အပါအဝင် အခြားသော သာမန်မဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များက အဆိုပါကျူးလွန်မှုများကိုရှောင်ကြဥ်ရန် ညွှန်ကြားခဲ့သည်။ ထို့အပြင်၊ အိုင်စီဂျေ၏ တရားစွဲဆိုမှုနှင့်သက်ဆိုင်သော “အထောက်အထားများကိုဖျက်ဆီးခြင်းမှ ကာကွယ်ရန်နှင့် အထောက်အထားများကို သေချာထိန်းသိမ်းရာတွင် ထိရောက်သော စီမံဆောင်ရွက်မှုများလုပ်ဆောင်ရန်” မြန်မာနိုင်ငံအား အမိန့်ချမှတ်ခဲ့သည်။ အဆိုပါအမိန့်အတိုင်း လိုက်နာဆောင်ရွက်ချက်များကို မြန်မာနိုင်ငံက ပုံမှန်အစီရင်ခံစာများ တင်သွင်းရန်လည်း ညွှန်ကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင်၊ အိုင်စီဂျေတရားရုံး၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့်ပတ်သက်သော မြန်မာနိုင်ငံ၏ ပဏာမကန့်ကွက်ချက်များကို  အိုင်စီဂျေက ပယ်ချလိုက်သည်။ လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်၏ အဓိကရည်ရွယ်ချက်အရ လူမျိုးပြုန်းစေမှုတားဆီးရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာကျင့်သုံးမှုသည် လက်မှတ်ရေးထိုးသည့်နိုင်ငံအားလုံး၏ ‘ဘုံအကျိုးစီးပွား’ ဖြစ်သည်။ ထို့ကြောင့် ဂမ်ဘီယာသည်  အဆိုပါ ‘ဘုံအကျိုးစီးပွား’အရ မိမိနည်းတူ စာချုပ်လက်မှတ်ရေးထိုးထားသည့်  အခြားနိုင်ငံတစ်ခုကို တရားစွဲဆိုမှုလုပ်ပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ ပိုမိုသိရှိလိုပါက၊ ယန္တရား၏  စီရင်ချက်အပေါ် တုံ့ပြန်ခြင်းကို ဖတ်ရှုပါ။

မြန်မာနိုင်ငံအား ဂမ်ဘီယာ၏ တင်သွင်းချက်ကို တုံ့ပြန်ရန် ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်နေ့ နောက်ဆုံးထားတင်ပြရန် ညွှန်ကြားခဲ့သည်။ အဆိုပါ အချိန်ကန့်သတ်မှုကိုသက်တမ်းတိုးပေးရန် မြန်မာနိုင်ငံက တောင်းဆိုသောကြောင့်  ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ကို ရွှေ့ ဆိုင်းပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်၊  အိုင်စီဂျေသည်  ဂမ်ဘီယာနိုင်ငံအား မြန်မာနိုင်ငံက တင်သွင်းခဲ့သော ငြင်းခုံချက်များကို ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နောက်ဆုံးထား တုံ့ပြန်ရန်နှင့်   ဤဂမ်ဘီယာ၏ တုံပြန်ချက်များကို မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ တဖန်ပြန်လည်တုံ့ပြန်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ တောင်းဆိုမှုကြောင့် ယင်းတုံ့ပြန်ချက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် တင်သွင်းရန် ရွှေ့ဆိုင်းခဲ့သည်။

၁၉၄၈ ခုနှစ် လူမျိုးပြုန်းစေမှုဆိုင်ရာပြစ်မှုများမှ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးသဘောတူစာချုပ်၏ “မြင့်မားသောရည်ရွယ်ချက်များအား အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် ဘုံအကျိုးစီးပွား”ကို အခြေခံ၍ ၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့သည် ကြားဝင်ဆောင်ရွက်ရေးပူးတွဲကြေညာချက်တစ်ရပ်ကို တင်သွင်းခဲ့သည်။မော်လ်ဒိုက်နိုင်ငံသည်လည်း “ရိုဟင်ဂျာမွတ်ဆလင်များအား  လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍” အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ကြေညာချက်တစ်ရပ် တင်သွင်းခဲ့ပြီး၊ “လူမျိုးပြုန်းစေမှုဆိုင်ရာပြစ်မှုများမှ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ပေးရေးကြိုးပမ်းမှုတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု” လိုအပ်ကြောင်း တင်ပြခဲ့သည်။

အိုင်စီဂျေသည် အဆိုပါကြားဝင်ဆောင်ရွက်မှုများကို ခွင့်ပြုနိုင်သည်ဟု သတ်မှတ်ကာ အဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့၏ ရေးသားတင်ပြချက်များကို တင်သွင်းရန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ခွင့်ပြုလိုက်သည်။ နှုတ်ဖြင့် ငြင်းခုံမှုများကို ကြားနာသွားမည်ဖြစ်သည်။ 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် စလိုဗေးနီးယားနိုင်ငံသည် စရီဗ်ရီနီကာလူမျိုးပြုန်းစေမှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ယခင်ယူလိုစလဗ်သမ္မတနိုင်ငံအဖြစ် ကြားဝင်ဆောင်ရွက်ရေး ကြေညာချက်တစ်ရပ် တင်သွင်းခဲ့သည်။ လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်၏ အပိုင်း ၁ မှ ၄ ကိုလည်း ဤအမှုတွင် မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်ဟု ကြေညာချက်တွင် ကိုးကားဖော်ပြထားသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်၊ ၁၆ ရက်နှင့် ၂၀ ရက်တို့တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်ဂျီယမ်နှင့် အိုင်ယာလန်နိုင်ငံတို့ကလည်း ကြားဝင်ဆောင်ရွက်ရေးကြေညာချက်များ အသီးသီး တင်သွင်းခဲ့သည်။

အိုင်စီဂျေသည် ကြားဝင်ဆောင်ရွက်ရေး တင်သွင်းချက်များကို လက်ခံကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံဘက်မှ စာဖြင့်ရေးသားတင်သွင်းသည့် နောက်ဆုံးငြင်းခုံချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တင်သွင်းခဲ့သည်။ 

အိုင်စီဂျေသည် အမှုအတွက် ကြားနာစစ်ဆေးမှုများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်အထိ ဆောင်ရွက်ခဲ့သည်။ ဤကြားနာစစ်ဆေးမှုများတွင် နှုတ်ဖြင့်လျှောက်လှဲမှု နှစ်ကြိမ်၊ ဂမ်ဘီယာဘက်မှ ခေါ်ဆိုသည့် သက်သေ ၃ ဦး၊ ကျွမ်းကျင်သူ ၁ ဦးအား စစ်ဆေးချက်၊ မြန်မာဘက်မှ ခေါ်ဆိုသည့် သက်သေ ၁ ဦးအား စစ်ဆေးချက်များ ပါဝင်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အိုင်စီဂျေ၏ စဥ်းစားဆွေးနွေးမှုများ စတင်ပြီဖြစ်ကြောင်း ကြေညာသည်။ တရားရုံး၏ ဆုံးဖြတ်ချက်ကို အများပြည်သူရှေ့မှောက်တွင် ကြေညာမည်ဖြစ်ပြီး ဆုံးဖြတ်ချက်အဆင်သင့်ဖြစ်သည့်အခါ ရက်သတ်မှတ်မည်ဖြစ်သည်။

 

ကိုးကားဖွယ်များ

Image

ဂမ်ဘီယာနှင့် မြန်မာ အမှုကြားနာစစ်ဆေးမှုများအကြောင်း အမေးအဖြေ

English မြန်မာ Rohingya

 

ICJ ဆိုတာဘာလဲ။

ICJ သည် နိုင်ငံများအကြား တရားဥပဒေဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းပေးသည့် ကုလသမဂ္ဂတရားရုံးဖြစ်သည်။ ICJ သည် လူပုဂ္ဂိုလ်များကို တရားမစွဲဆိုနိုင်ဘဲ၊ နိုင်ငံများကသာ တရားစွဲဆိုရန် အစပြုနိုင်သည်။

 

ICJ သည် ဒီအမှုကို ဘာကြောင့် တရားစီရင်ပိုင်ခွင့်ရှိသလဲ။

ICJ သည် နိုင်ငံများက လက်မှတ်ရေးထိုးပြီးအတည်ပြုထားသည့် စာချုပ်များနှင့်စပ်လျဉ်းသော အငြင်းပွားမှုများကို တရားစီရင်ပိုင်ခွင့်ရှိသည်။ ဂမ်ဘီယာသည် လူမျိုးပြုန်းစေမှုဆိုင်ရာပြစ်မှုများမှ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေး သဘောတူစာချုပ် (လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်) အပိုဒ် ၉ အရ အဆိုပါ အမှုကို တင်ပြခဲ့သည်။ ယင်းအပိုဒ် ၉ တွင် “လူမျိုးပြုန်းစေမှုအတွက် နိုင်ငံတစ်နိုင်ငံ၏ တာဝန်နှင့် စပ်လျဉ်း၍” နိုင်ငံများအကြားအငြင်းပွားမှုများကို ICJ တွင် တရားစွဲဆိုခွင့်ပြုထားသည်။ မြန်မာနိုင်ငံသည် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်ကို ၁၉၅၆ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသည်။

 

ယန္တရားက ဘယ်လိုပါဝင်သလဲ။

ICJ ရှိအမှုသည် နိုင်ငံများအကြားဖြစ်သည့် အငြင်းပွားမှုဖြစ်ပြီး ရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်း မဟုတ်ပါ။ သို့သော် ယန္တရားသည် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများအပြင် တရားမျှတမှုဖြစ်ထွန်းရန်နှင့် အနာဂတ်တ္ငင်ရာဇ၀တ်မှုများထပ်မဖြစ်ရန် ဟန့်တားနိုင်သည့်အခြေအနေမျိုးရှိပါက အချက်အလက်များ မျှဝေနိုင်သည်။ ၂၀၂၀ ခုနှစ် ဇွန်လတွင်၊ လူ့အခွင့်အရေးကောင်စီ (ဆုံးဖြတ်ချက် ၄၃/၂၆) က ယန္တရားအား ICJ နှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးတောင်းဆိုထားသည်။

ထို့ကြောင့် ယန္တရားသည် တိကျသေချာပြီး ယုံကြည်စိတ်ချရသော အချက်အလက်များနှင့် စိစစ်သုံးသပ်ချက်များကို နှစ်ဘက်အဖွဲ့များအား မျှဝေပေးခြင်းဖြင့် တရားရုံး၏ အမှုစစ်ဆေးမှုကို ပံ့ပိုးပေးသည်။ ယင်းတို့တွင် - 

  • စိစစ်သုံးသပ်ချက်အစီရင်ခံစာ ၉ စောင်

- Facebook ရှိ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ

- ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအား မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်အခြေချနေထိုင်ရန် မြန်မာအစိုးရ၏ အားပေးမှု

- ရိုဟင်ဂျာများအား ကျူးလွန်သည့် လိင်နှင့်ဂျင်ဒါအခြေပြု ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် အပြစ်ပေးအရေးယူရန် ကြိုးပမ်းမှု

- ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာများ၏ မြေယာနှင့် ပိုင်ဆိုင်မှုများအား ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း

- ဘူးသီးတောင်ထောင်နှင့် အခြားနေရာများတွင် ရိုဟင်ဂျာများကို ဖမ်းဆီးထိန်းသိမ်းထားခြင်း

- ARSA ၏ လက်နက်ပိုင်ဆိုင်မှုနှင့် အသုံးပြုမှု အထောက်အထားများ

- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

- ရိုဟင်ဂျာများ၏အခြေအနေကို အထူးပြုလေ့လာသည့် ၁၉၈၂ မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အရေးကြီးဖြစ်ရပ်များ

- ရိုဟင်ဂျာများအား ပစ်မှတ်ထားသော သို့မဟုတ် သက်ရောက်မှုရှိသော အစိုးရ၏ အစီအမံများ

  • အသေးစိတ် သက်သေထွက်ဆိုချက် (၄၀) စောင်
  • စုံစမ်းစစ်ဆေးသူ၏ ရေးသားချက်များနှင့်အတူ စစ်တပ်မှ ဘက်ပြောင်းလာသူများအား မေးမြန်းပြီး မှတ်တမ်းပြုစုထားသည့် စိစစ်ချက်မှတ်စု (၂) စောင်
  • ယန္တရား၏အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် ရေးသားပြီး ကျမ်းကျိန်ဆိုထားသည့် ကျမ်းကျိန်လွှာ (၁) စောင် ပါဝင်သည်။

အထက်တွင်ဖော်ပြထားသော အချက်အလက်များသည် ယန္တရားက စုဆောင်းထားသည့် အထောက်အထားများ၏ အစိတ်အပိုင်းအနည်းငယ်သာဖြစ်သော်လည်း ပိုမိုကျယ်ပြန့်စွာ စုဆောင်းထားသော အခြားအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်။ အထူးအားဖြင့်၊ အချက်အလက်များ မျှဝေရာတွင် အချက်အလက်ပေးသူများထံမှ အိုင်စီဂျေအမှုတွင် အသုံးပြုရန် သဘောတူခွင့်ပြုချက်ရထားပြီး အချက်အလက်များ မျှဝေခြင်းဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အန္တရာယ်မဖြစ်နိုင်ကြောင်း ယန္တရားက ဆန်းစစ်သုံးသပ်ပြီးမှသာ အမှုတွင်ပါဝင်သည့်အဖွဲ့များထံ မျှဝေသည်။