အထောက်အထားများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်း
အနာဂတ်တရားစီရင်မှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးသည် အထောက်အထားများမပျောက်ဆုံးမီ သို့မဟုတ် ဖျက်ဆီးမခံရမီ စုဆောင်းထိန်းသိမ်းထားနိုင်ခြင်း၊ အချက်အလက်များမဟောင်းသွားမီ သက်သေများ၏ထွက်ဆိုချက်များကို မှတ်တမ်းတင်နိုင်ခြင်းအပေါ်တွင် မူတည်ပါသည်။
ယန္တရားသည် အောက်ပါအထောက်အထားများကို စုဆောင်းပါသည်။
- အင်တာနက်ရင်းမြစ်များ၊ သတင်းများ၊ လူထုသတင်းပေးပို့မှုများနှင့် ဆိုရှယ်မီဒီယာအပါအဝင် ပွင့်လင်း ရင်းမြစ်များမှရသော အချက်အလက်များ
- ထိခိုက်နစ်နာသူများ၊ သက်သေများ၊ အခြားလူပုဂ္ဂိုလ်များနှင့် အင်တာဗျူးမေးမြန်းချက်များ
- စာရွက်စာတမ်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဂြိုဟ်တုပုံရိပ်များနှင့် မှုခင်းဆေးပညာဆိုင်ရာအချက် အလက်များကဲ့သို့သော ကိုင်တွယ်ကြည့်ရှုနိုင်သည့်အထောက်အထားများ
- လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် အကျိုးစီးပွားအုပ်စုများကြားရှိ ကွန်ရက်များနှင့် ချိတ်ဆက် မှုများ၊ လက်နက်အထောက်အပံ့ကွင်းဆက်များ၊ လယ်ယာမြေ၊ အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများသိမ်း ယူခြင်းစသည့် ငွေကြေးဆိုင်ရာ အချက်အလက်များ။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်မှ ရရှိသောအချက် အလက်များ
အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက် နှင့် စာရွက်စာတမ်းများ။
ယင်းအထောက်အထားများအား တရားရုံးတွင်တင်သွင်းနိုင်ရန်အတွက် အချက်အလက်၏တိကျခိုင်မာမှုကို ထိန်းထား ပြီး စိတ်ချရသော အဆင့်ဆင့်ထိန်းသိမ်းစောင့်ရှောက်မှုရှိစေရန် ခေတ်မီသော သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်များကိုအသုံးပြု၍ လုံခြုံလျှို့ဝှက်စွာသိမ်းဆည်းထားသည်။
ယုံကြည်စိတ်ချမှုရှိစေရန် ယန္တရားသည် ထုံးလမ်းစဥ်လာ စုံစမ်းစစ်ဆေးရေးနည်းလမ်းများနှင့် ခေတ်မီနည်းပညာ၊ ကိရိယာများကို အသုံးပြုပြီး ရရှိထားသည့် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းရင်းမြစ်မှ အချက်အလက်များ၊ ဘဏ္ဍာရေးမှတ်တမ်းများ၊ ပထဝီဝင်အချက်အလက်များ၊ ဖြစ်ရပ်များကို ကိုယ်တွေ့ကြုံခဲ့ရသည့် သက်သေများ၊ ကျူးလွန်ခံရသူများနှင့် တိုက်ရိုက်ဆက်သွယ်ခြင်း အပါအဝင် အခြားသော အထောက်အထားများနှင့် လက်ခံရရှိထားသော အချက်အလက်များကို နှိုင်းယှဥ်ခြင်းလည်း ပါဝင်သည်။
ထို့နောက် ယန္တရားသည် သက်ဆိုင်ရာ အထောက်အထား အပြည့်အစုံတစ်ခုလုံးကို အချက်အလက်ပိုင်းနှင့် ဥပဒေပိုင်းဆိုင်ရာ စိစစ်သုံးသပ်ချက်များ ပြုလုပ်သည်။ ပုံမှန်အားဖြင့် စုံစမ်းစစ်ဆေးမှုတစ်ခုချင်းစီသည် ရာနှင့်ချီသော အချက်အလက်များကို အခြေခံထားသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဖြစ်ရပ်များကို ပြည့်စုံတိကျသည့် နားလည်မှု တည်ဆောက်နိုင်ပြီး ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိနှင့် မည်သူတာဝန်ရှိနိုင်သည်ကို ဖော်ထုတ်နိုင်သည်။
ယန္တရားသည် အမှီအခိုကင်းစွာနှင့် သမာသမတ်ကျစွာ ဆောင်ရွက်သည်။ စွပ်စွဲခံရသူများ၏ ပတ်သက်ဆက်နွယ်မှု သို့မဟုတ် ရာထူးအဆင့်အတန်းကိုမူတည်၍ ခွဲခြားဆက်ဆံခြင်းမပြုပါ။ ထို့အတူ ထိခိုက်နစ်နာသူများ၏ လူမျိုး၊ မျိုးနွယ်စု နှင့် ဘာသာရေးအုပ်စုများကို အခြေခံ၍လည်း ခွဲခြားဆက်ဆံခြင်းမပြုပါ။
ပွင့်လင်းရင်းမြစ် စုံစမ်းစစ်ဆေးမှုများ
အဓိကအားဖြင့် အွန်လိုင်းတွင်တွေ့ရှိရသော “ပွင့်လင်းအရင်းအမြစ်” သို့မဟုတ် အများပြည်သူရရှိနိုင်သော အချက်အလက်များသည် ယန္တရား၏ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးများတွင် ပို၍အသုံးဝင်လာသည်။ အွန်လိုင်းအချက်အလက်များကို တရားရုံးသို့မတင်သွင်းမီ တင်းကျပ်စွာ စိစစ်အတည်ပြုရန် လိုအပ်သဖြင့် ယန္တရား၏ စုံစမ်းစစ်ဆေးသူများနှင့် စိစစ်သုံးသပ်သူများသည် အချက်အလက်များ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို တိကျစွာ စိစစ်အတည်ပြုသည်။
စုံစမ်းစစ်ဆေးရေးလမ်းကြောင်းအသစ်များရှာဖွေရန်နှင့် သက်သေခံထွက်ဆိုချက်များကို တိုက်ဆိုင်အတည်ပြုရန်အတွက် ယန္တရားသည် အောက်ပါအမျိုးအစားများ အပါအဝင် ပွင့်လင်းအရင်းအမြစ် အချက်အလက်များကို စိစစ်ပါသည်။
ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဆိုရှယ်မီဒီယာမှ ပို့စ်များ
ဂြိုဟ်တုပုံရိပ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ခြေရာခံအချက်အလက်များ
အစိုးရဌာနများ၊ ပညာရပ်ဆိုင်ရာအဖွဲ့များ၊ သတင်းမီဒီယာနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့် တင်ပြချက်များ။
စီးပွားရေးလုပ်ငန်းကြီးများ၏ ဖွဲ့စည်းပုံများနှင့် ကုမ္ပဏီပိုင်ဆိုင်မှုဆိုင်ရာ အစီရင်ခံစာများ။