ပူးပေါင်းဆောင်ရွက်ခြင်း

ယန္တရားသည် တရားရုံးတစ်ခု မဟုတ်သလို၊ တရားလိုရှေ့နေအဖွဲ့လည်း မဟုတ်၊ ရဲတပ်ဖွဲ့လည်း မဟုတ်ပါ။ ထို့ကြောင့် အဖွဲ့၏ လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အခြား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ 

အဖွဲ့ဝင်နိုင်ငံများ

ယန္တရားသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေများရှိ သက်သေများကို အင်တာဗျူးဆောင်ရွက်ရန်၊ အခြားသော စုံစမ်းစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန်၊ စုံစမ်းစစ်ဆေးမှုအတွက် လိုအပ်သော အချက်အလက်နှင့် အထောက်အထားများ တောင်းခံရန်အတွက် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။

ထို့ကြောင့် ယန္တရားသည် သက်ဆိုင်ရာအစိုးရများနှင့် ချိတ်ဆက်ပြီး စိုးရိမ်ရသည့်အခြေအနေများ သို့မဟုတ် အကဲဆတ်သည့်ကိစ္စများကို နားလည်ရန် ကြိုးပမ်းသည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများအနေနှင့်လည်း ယန္တရား၏ လုပ်ပိုင်ခွင့်အကြောင်း၊ ၎င်းတို့၏နယ်မြေများတွင် လုပ်ဆောင်မည့် လုပ်ငန်းသဘာဝနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက ယန္တရား၏လုပ်ငန်းများအတွက် အရေးပါပုံတို့ကို ပိုမိုနားလည်စေရန် ရှင်းပြသည်။

အစိုးရများအနေဖြင့် ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့၏ ဥပဒေများကို ပြင်ဆင်ခြင်း သို့မဟုတ် သဘောတူညီချက်များ ရေးဆွဲခြင်းများ ဆောင်ရွက်နိုင်သည်။ ၂၀၂၂ ခုနှစ်တွင် သြစတြီးယားနိုင်ငံနှင့် ဘယ်လ်ဂျံနိုင်ငံတို့သည် ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ၎င်းတို့၏ ဥပဒေများကို ပြင်ဆင်ခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံနှင့် ယန္တရားတို့ကြား နိုင်ငံတကာ တရားမျှတမှုရရှိရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် အသက်ဝင်ခဲ့သည်။ ထိုသဘောတူညီချက်အရ ယန္တရားသည် ပြင်သစ်နိုင်ငံအတွင်းရှိ သက်သေများ၊ သတင်းအချက်အလက်များ ရယူရန် ခွင့်ပြုချက် တောင်းခံနိုင်သကဲ့သို့ ပြင်သစ်နိုင်ငံအနေဖြင့်လည်း ၎င်းတို့ နိုင်ငံအတွင်းရှိ ဥပဒေရေးရာ လုပ်ငန်းစဥ်များအတွက် လိုအပ်ပါက ယန္တရားထံမှ အချက်အလက်များ တောင်းခံနိုင်သည်။ ယန္တရားသည် အခြားနိုင်ငံများနှင့်လည်း ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ ချမှတ်ထားသည်။ ယင်းတို့မှာ ကန့်သတ်ထားသော အကြောင်းအရာများဖြစ်သည်။

Thumbnail

အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs)

မြန်မာနိုင်ငံရှိ CSO များသည် ရာဇဝတ်မှုဖြစ်ပွားရာနေရာများသို့ ဦးစွာရောက်ရှိသူများဖြစ်ပြီး ထိခိုက်နစ်နာသူများကို မကြာခဏ ပံ့ပိုးကူညီပေးကြသည်။  CSO များသည် အချက်အလက်နှင့် အထောက်အထားများ စုဆောင်းနိုင်ရေးအတွက် အရေးကြီးသော သတင်းအရင်းအမြစ်များဖြစ်ပြီး၊ သက်သေများနှင့် ချိတ်ဆက်ရာတွင် အရေးပါသောကဏ္ဍတွင် ရှိနေသည်။ 

ယန္တရားသည် ပြည်တွင်းပြည်ပရှိ မြန်မာ CSO များနှင့် ပုံမှန်ထိတွေ့ဆက်ဆံလျက်ရှိသည်။ ထို့အပြင် အရေးပါသောကိစ္စရပ်များ ဆွေးနွေးရန်၊ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် CSO ကိုယ်စားလှယ်များနှင့် ယန္တရား၏ဝန်ထမ်းများ ပါဝင်တက်ရောက်ကြသည့် မြန်မာနိုင်ငံအရပ်ဘက်လူမှုအဖွဲ့အစည်းများဒိုင်ယာလော့ကိုလည်း ကျင်းပသည်။

Thumbnail

တရားရုံးများနှင့် ခုံရုံးများ

ယန္တရားသည် တရားစွဲဆိုခြင်း သို့မဟုတ် အမှုစစ်ဆေးစီရင်ခြင်းများ မဆောင်ရွက်နိုင်ပါ။ ထို့ကြောင့် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုဖြစ်ထွန်းရန်နှင့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများအား အရေးယူနိုင်ရန် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ တရားလိုရှေ့နေအဖွဲ့များ၊ တရားစီရင်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သည်။ ယန္တရား၏တာဝန်မှာ ရာဇ၀တ်မှုများကိုတရားစီရင်ပိုင်ခွင့်ရှိပြီး နိုင်ငံတကာဥပဒေစံနှုန်းများနှင့်ပြည့်မီသော နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးများ သို့မဟုတ် ခုံရုံးများထံ အထောက်အထားနှင့် စိစစ်သုံးသပ်ချက်များ မျှဝေရန် ဖြစ်သည်။

ယန္တရားသည် လက်ရှိတွင် ရိုဟင်ဂျာများအားကျူးလွန်သည့် ရာဇဝတ်မှုများကို စစ်ဆေးနေသည့် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားလိုရှေ့နေရုံး၊ နိုင်ငံတကာတရားရုံးတွင် စစ်ဆေးနေသည့် ဂမ်ဘီယာနှင့်မြန်မာအမှုမှ  သက်ဆိုင်ရာအဖွဲ့များ ကမ္ဘာ့နေရာတိုင်းတွင် တရားစီရင်ပိုင်ခွင့်ဖြင့် အမှုစစ်ဆေးနေသည့် အာဂျင်တီးနားရှိ တရားလိုရှေ့နေများထံ အချက်အလက်များ မျှဝေလျက်ရှိသည်။

Thumbnail

ကုလသမဂ္ဂအဖွဲ့အစည်းများ

ယန္တရားသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်နေသော အခြား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပုံမှန်ဆက်သွယ်လျက်ရှိသည်။ ယင်းတို့အနက် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အခြားအဖွဲ့အစည်းများ ပါဝင်သည်။ ယန္တရားသည် ကုလသမဂ္ဂ၏ တစိတ်တပိုင်းဖြစ်သော်လည်း အခြားကုလသမဂ္ဂအဖွဲ့အစည်းများထံ မျှဝေထားသည့်  အချက်အလက်များကို အလိုအလျောက် မရရှိပါ။

၂၀၂၃ ခုနှစ် ဧပြီလ (ဆုံးဖြတ်ချက် ၅၂/၃၁) တွင် လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့များကို ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အနာဂတ်တွင် တရားစွဲဆိုမှုများဖြစ်လာသည့်အခါ အထောက်အပံ့ဖြစ်စေရန်အတွက် အထောက်အထားများ မျှဝေရန် တိုက်တွန်းထားသည်။

Thumbnail