ကမ္ဘ့ာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်

အာဂျင်တီးနားတရားရုံးရှိအမှု

Thumbnail

အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ကိုအသုံးပြု၍ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာစွပ်စွဲချက်များကို စတင်စုံစမ်းစစ်ဆေးသော ပထမဦးဆုံးနိုင်ငံဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာဒုက္ခသည်များကိုယ်စား မြန်မာရိုဟင်ဂျာအဖွဲ့ UK က ပန်ကြားလွှာတစ်ခုကို အာဂျင်တီးနားတရားရုံးများထံ တင်သွင်းခဲ့သည်။ ထိုပန်ကြားလွှာတွင် ရိုဟင်ဂျာများအား ကျူးလွန်ခဲ့သည့် လူမျိုးပြုန်းစေမှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများတွင် မြန်မာစစ်တပ်နှင့် အရပ်ဘက်ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေး‌မှုပြုလုပ်ပေးရန် တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အာဂျင်တီးနားနိုင်ငံ၏ ဖက်ဒရယ်ရာဇဝတ်ခုံရုံးမှ တရားသူကြီးတစ်ဦးသည် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဤစုံစမ်းစစ်ဆေးရေးအာဏာကို ဗဟိုအစိုးရရှေ့နေရုံးသို့ လွှဲပြောင်းခဲ့သည်။ ထိုအချိန်မှစ၍ ယန္တရားသည် အာဂျင်တီးနားတရားရုံး၏ အကူအညီတောင်းခံမှုများကို အထောက်အထားများမျှဝေပြီး ပံ့ပိုးခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လတွင် အာဂျင်တီးနား အစိုးရရှေ့နေသည် ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် လူမျိုးပြုန်းစေမှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်း ၂၅ ခု ထုတ်ပြန်ရန် ဖက်ဒရယ်ရာဇဝတ်ခုံရုံးထံ တင်သွင်းခဲ့သည်။

 

ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့် ဆိုတာဘာလဲ။

ဤသဘောတရားအရ၊ အချို့ရာဇဝတ်မှုများသည် အလွန်ကြီးလေးပြင်းထန်သော သဘောသဘာဝရှိသောကြောင့် နိုင်ငံအချို့သည် ယင်းတို့နှင့်ဆက်စပ်မှုမရှိသည့်တိုင်၊ ကျူးလွန်သူများအား ယင်းနိုင်ငံများ၏ တရားဥပဒေပေါ်မူတည်၍ တရားစွဲဆိုမှု လုပ်ကောင်းလုပ်နိုင်သည်။ ဆိုလိုသည်မှာ၊ ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ကိုအခြေခံ၍ ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများကို အခြားနိုင်ငံတစ်ခုမှ တရားစွဲဆိုနိုင်သည်။ ပြစ်မှုကျူးလွန်ခဲ့သည့်နေရာ သို့မဟုတ် ကျူးလွန်သူနှင့် ထိခိုက်နစ်နာသူများ၏ နိုင်ငံသားဖြစ်မှုများကို ထည့်သွင်းစဥ်းစားရန် မလိုအပ်ပါ။

နောက်ထပ်အချက်အလက်များ သိလိုပါက  OHCHR  ဝက်ဘ်ဆိုဒ်သို့ ဝင်ကြည့်ပါ။

 

ယန္တရားသည် ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ဖြင့် စွဲဆိုသောအမှုများကို ဘယ်လိုပံ့ပိုးပေးသလဲ။

ယန္တရားသည် မြန်မာနိုင်ငံတွင်ကျူးလွန်သည့် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုများနှင့်ပတ်သက်ပြီး ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ဖြင့် စွဲဆိုသောအမှုများတွင် ပံ့ပိုးနိုင်သည့် လုပ်ပိုင်ခွင့်ရရှိထားသည်။ အဆိုပါ တရားစွဲဆိုမှုသည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး၊ သေဒဏ်မချမှတ်ဘဲ တရားမျှတသောစီရင်မှုဖြစ်စေသော အခြေခံအာမခံချက်များ ပေးထားပါက၊ ယန္တရားသည် သက်ဆိုင်ရာစုံစမ်းစစ်ဆေးသူ၊ တရားစွဲဆိုသူ သို့မဟုတ် တရားရေးအာဏာပိုင်များထံ အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များ မျှဝေပေးသည်

ယန္တရားသည် European Genocide Network ဟု ခေါ်သည့် လူမျိုးပြုန်းစေမှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအား  စုံစမ်းစစ်ဆေးရေးနှင့်တရားစွဲဆိုရေးကွန်ရက်၏ တွဲဖက်အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ်မှ စတင်၍ ပါဝင်နေသည်။  ဤသို့ပါဝင်ခြင်းဖြင့် ဥရောပနှင့်အခြားဒေသများရှိ နိုင်ငံတွင်း စုံစမ်းစစ်ဆေးမှုနှင့်တရားစီရင်မှုများဆောင်ရွက်နေသည့် အာဏာပိုင်များနှင့် ပို၍ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။ 

 

အခြားတိုးတက်ဖြစ်ပေါ်မှုများ

တူရကီ

၂၀၂၂ ခုနှစ် မတ်လတွင် Myanmar Accountability Project သည် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်၍ အစ္စတန်ဘူလ်ရှိ အစိုးရရှေ့နေရုံးထံ တိုင်ကြားခဲ့သည်။ တူရကီအာဏာပိုင်များသည် အဆိုပါတိုင်ကြားချက်အား မတုံ့ပြန်သေးပါ။

ဂျာမနီ

၂၀၂၃ ခုနှစ် ဇန်နန်ဝါရီလတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights ၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံမှ လျှောက်ထားသူ (၁၆) ဦးသည် မြန်မာစစ်တပ်ထိပ်ပိုင်းအရာရှိများ ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တိုင်ကြားစာတစ်စောင်ကို ဂျာမနီနိုင်ငံ ဖက်ဒရယ်အစိုးရရှေ့နေချုပ်ထံ တင်သွင်းခဲ့သည်။ ဖက်ဒရယ်အစိုးရရှေ့နေသည် ဤတိုင်ကြားချက်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ပယ်ချခဲ့သည်။

ဖိလစ်ပိုင်

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ထိခိုက်နစ်နာသူငါးဦးနှင့် ၎င်းတို့၏မိသားစုများသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းတရားစွဲဆိုရေးဌာနတွင် ပူးတွဲရာဇ၀တ်မှုတိုင်ကြားချက်တစ်ခု တင်သွင်းခဲ့သည်။ ဖိလစ်ပိုင်အာဏာပိုင်များက အဆိုပါတိုင်ကြားချက်အား တုံ့ပြန်မှု မရှိသေးပေ။

ယူကေ

ယူကေနိုင်ငံ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနချုပ်သည် ဘင်္ဂလားဒေ့ရှ်/မြန်မာအမှုအပါအဝင် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် စုံစမ်းစစ်ဆေးနေသည့် အမှုတိုင်း၏ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေသည်။ ဆိုလိုသည်မှာ ဖြစ်နိုင်ခြေရှိသော သက်သေများကိုဖော်ထုတ်ပြီး စွပ်စွဲထားသောပြစ်မှုများကို စစ်ဆေးမည်ဖြစ်သည်။