နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) - ဘင်္ဂလားဒေ့ရှ်/မြန်မာတို့၏ အခြေအနေ

Thumbnail

နိုင်ငံတကာရာဇ၀တ်ခုံရုံး (အိုင်စီစီ) ၏ တရားလိုရှေ့နေသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ၆ သိန်းမှ တစ်သန်းခန့်အား ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုကျော်၍ အတင်းအကြပ် ပြည်ပသို့နှင်ထုတ်ခြင်းနှင့် ပတ်သက်ပြီး စွပ်စွဲထားသော ရာဇ၀တ်မှုများ ကို စုံစမ်းစစ်ဆေးရန်  ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၁၄ ရက်တွင် ခွင့်ပြုချက် ရရှိခဲ့သည်။ တရားလိုရှေ့နေသည် အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်အတွင်းရှိနေပြီး လက်ရှိအခြေအနေနှင့်လည်း ဆက်စပ်နေသော အခြားရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက်ရရှိထားသည်။  

၂၀၂၀ ခုနှစ် ဇွန်လတွင် လူ့အခွင့်အရေးကောင်စီသည် ယန္တရားနှင့် အိုင်စီစီ တို့အကြား နီးကပ်စွာ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည် (ဆုံးဖြတ်ချက် ၄၃/၂၆)။ ယန္တရားသည် တရားလိုရှေ့နေရုံးနှင့် ပုံမှန်ထိတွေ့ ဆက်ဆံပြီး အချက်အလက်နှင့် အထောက်အထားများကို မျှဝေသည်။

ရိုဟင်ဂျာများအား နိုင်ငံတွင်းမှနှင်ထုတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန်  နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) အား တောင်းဆိုလိုက်ကြောင်း အိုင်စီစီ၏တရားလိုရှေ့နေရုံးက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုအခါ အိုင်စီစီ၏ တရားခွင်အကြိုတရားရုံးမှ တရားသူကြီးများက တရားလိုရှေ့နေ၏ တင်သွင်းချက်နှင့် အထောက်အထားကို ဆန်းစစ်သုံးသပ်ပြီး ဖမ်းဝရမ်း ထုတ်၊ မထုတ် ဆုံးဖြတ်ရမည် ဖြစ်သည်။ 

 

ကိုးကားဖွယ်များ

Image

အိုင်စီစီတရားလိုရှေ့နေ၏ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုမှုအား ယန္တရား၏တုံ့ပြန်ချက်

English မြန်မာ Rohingya

Image

အိုင်စီစီ၏ ဖမ်းဝရမ်းတောင်းဆိုမှုနှင့်ပတ်သက်သော အမေးအဖြေများ

English မြန်မာ Rohingya

 

အိုင်စီစီ ဆိုတာဘာလဲ။

အိုင်စီစီ သည် လူမျိုးပြုန်းစေမှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အပါအဝင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများဖြင့် စွဲချက်တင်ခံရသူများကို စုံစမ်းစစ်ဆေးပြီး အမှုစီရင်ရန် အမြဲတမ်းတည်ရှိနေသော ရာဇ၀တ်ခုံရုံးတစ်ခုဖြစ်သည်။

 

အိုင်စီစီ က ဘယ်အမှုကို စုံစမ်းစစ်ဆေးမလဲဆိုတာ ဘယ်လိုဆုံးဖြတ်လဲ။

  • အိုင်စီစီ၏ တရားလိုရှေ့နေ့သည် အောက်ပါနည်းလမ်းများဖြင့် စုံစမ်းစစ်ဆေးမှု စတင်နိုင်သည်။
    နိုင်ငံတစ်နိုင်ငံ၏ တောင်းဆိုမှုဖြင့်။        ။အိုင်စီစီအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက တရားလိုရှေ့နေအား ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုနိုင်သည်။ အိုင်စီစီအဖွဲ့ဝင်နိုင်ငံ မဟုတ်သော နိုင်ငံသည်လည်း မိမိနိုင်ငံအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများ သို့မဟုတ် မိမိနိုင်ငံသားက ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တရားလိုရှေ့နေအား ခွင့်ပြုနိုင်သည်။ 

  • ကုလသဂ္ဂလုံခြုံရေးကောင်စီ၏ ညွှန်းဆိုချက်ဖြင့်။        ။ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားလိုရှေ့နေအား စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အခြေအနေများကို ညွှန်းဆိုနိုင်သည်။

  • တရားလိုရှေ့နေ၏ အဆိုပြုတင်သွင်းမှုဖြင့်။        ။အိုင်စီစီ အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်အာဏာကို လက်ခံထားသောနိုင်ငံ၏ နိုင်ငံသားများ သို့မဟုတ် နယ်နိမိတ်အတွင်း ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ရှိသော် အိုင်စီစီ၏ တရားလိုရှေ့နေကိုယ်တိုင်က အဆိုပြုပြီး စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နိုင်သည်။ ထိုသို့ဆောင်ရွက်လိုပါက တရားလိုရှေ့နေသည် တရားခွင်အကြိုတရားရုံးထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။

 

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အိုင်စီစီ၏ တရားလိုနေရှ့နေက စုံစမ်းစစ်‌ဆေးနိုင်ပါသလား။ 

အိုင်စီစီတရားလိုရှေ့နေ၏ တောင်းဆိုချက်အရ အိုင်စီစီ၏ တရားသူကြီးများသည် ၂၀၁၉ ခုနှစ် နို၀င်ဘာလတွင် ဘင်္ဂလားဒေ့ရှ်/မြန်မာ အခြေအနေကို စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် ရောမသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်သည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကျူးလွန်ခဲ့သောရာဇဝတ်မှုများ၏ တစ်စိတ်တစ်ပိုင်းသည် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်း ဖြစ်ပွားသောကြောင့်၊ အိုင်စီစီသည် တရားစီရင်ပိုင်ခွင့်ရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ရာထောင်ချီသော ရိုဟင်ဂျာများကို ပြည်ပသို့နှင်ထုတ်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများကျူးလွန်ခဲ့သော ရာဇဝတ်မှုဆိုင်ရာအခြေခံအချက်များရှိနိုင်ကြောင်း တရားသူကြီးများက လက်ခံခဲ့သည်။ ဤအမှုများအပြင် အခြားရာဇဝတ်မှုများသည်လည်း အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့် အတွင်းကျရောက်ပြီး၊ အထက်ဖော်ပြပါအခြေအနေများနှင့် ဆက်စပ်နေသော အခြားရာဇဝတ်မှုများကိုလည်း  စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက် ပေးထားသည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က အိုင်စီစီ၏ စုံစမ်းစစ်ဆေးမှုကို ဘယ်လို ပံ့ပိုးကူညီသလဲ။

သက်သေထွက်ဆိုချက်များအပါအဝင် များပြားလှသော အထောက်အထားနှင့် စိစစ်သုံးသပ်ချက်များကို မျှဝေပေးခြင်းဖြင့် ယန္တရားသည် အိုင်စီစီ၏ တရားလိုရှေ့နေရုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကြုံတွေ့ခံစားခဲ့ရသူများစွာကို တွေ့ဆုံမေးမြန်းရာတွင်လည်း ယန္တရားသည် အိုင်စီစီနှင့်အတူ ပူးတွဲဆောင်ရွက်ခဲ့သည်။

 

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အိုင်စီစီ တရားလိုရှေ့နေ၏ တောင်းဆိုမှုက ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။

မင်းအောင်လှိုင်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိကြောင်း လုံလောက်သော သက်သေအထောက်အထားများ ရှိနေသည်ဟု အိုင်စီစီ၏ တရားလိုရှေ့နေက ယုံကြည်သည်။ ယခုအခါအိုင်စီစီ၏ တရားသူကြီးများသည် ယင်းသက်သေအထောက်အထားများကို စိစစ်သုံးသပ် ပြီး ဖမ်းဝရမ်းထုတ်၊ မထုတ် ဆုံးဖြတ်မည်ဖြစ်သည်။ အကယ်၍ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ မင်းအောင်လှိုင်အားဖမ်းဆီး၍အိုင်စီစီသို့လွှဲပြောင်းပေးမည်ဆိုပါက၊သူသည်အိုင်စီစီတွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံ မဟုတ်သောကြောင့် အိုင်စီစီ၏ ဖမ်းဝရမ်းအရ သံသယရှိသူကို ဖမ်းဆီးပေးရန် ဝတ္တရားမရှိပါ။

 

အိုင်စီစီ တရားလိုရှေ့နေ၏ တောင်းဆိုမှုတွင် မည်သည့်ရာဇဝတ်မှုများ ပါဝင်သလဲ။ ယင်းတို့ အနက် လူမျိုးပြုန်းစေမှု ဘာကြောင့်မပါဝင်သလဲ။

အိုင်စီစီ တရားလိုရှေ့နေ၏ တောင်းဆိုမှုတွင် ရိုဟင်ဂျာများကို နိုင်ငံတွင်းမှနှင်ထုတ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းများနှင့် ပတ်သက်သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ပါဝင်သည်။ ယင်းရာဇဝတ်မှုများသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်မြေတစိတ်တပိုင်းတွင် ဖြစ်ပွားခဲ့သည်။   ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် ယင်း၏ နယ်နိမိတ်အတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများ၊ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို သာ တရားလို့ရှေ့နေက တင်သွင်းခွင့်ရှိသည်။ လက်ရှိ စုံစမ်းစစ်ဆေးမှုတွင်လည်း အဆိုပါ ကန့်သတ်ချက်ရှိနေသည်။ ထို့ကြောင့် အိုင်စီစီ တရားလိုရှေ့နေ၏ ဖမ်းဝရမ်းတောင်းဆိုမှုတွင် ပါဝင်နိုင်သော ရာဇဝတ်မှုများ၏ အတိုင်းအတာတွင်လည်း ကန့်သတ်ချက်များရှိသည်။ 

 

အိုင်စီစီ တရားလိုရှေ့နေ၏ တောင်းဆိုမှုတွင် လတ်တလော ရာဇ၀တ်မှုများ ပါဝင်ပါသလား။

အိုင်စီစီ၏ ဖမ်းဝရမ်းတောင်းဆိုမှုသည်၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာများအား ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို အဓိကထားသည်။

တချိန်တည်းတွင်၊ ယန္တရားသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်ခဲ့သည့် အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုများ၏ သက်သေအထောက်အထားများ စုဆောင်းရေး၊ ထိန်းသိမ်းရေး၊ စိစစ်သုံးသပ်ရေးနှင့် မျှဝေရေးများကို လုပ်ပိုင်ခွင့်အတိုင်း ဆောင်ရွက်နေသည်။ယင်းလုပ်ငန်းများတွင် ရခိုင်ပြည်နယ်အတွင်း လတ်တလော ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ အပါအဝင် ကြီးလေးသော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့် ကျူးလွန်သူအားလုံးကို စုံစမ်းစစ်ဆေးနေသည်။ 

 

အိုင်စီစီ၏တရားလိုရှေ့နေက အခြားလူပုဂ္ဂိုလ်များအတွက် ဖမ်းဝရမ်းတောင်းဆိုမှု ဆက်လက် လုပ်ဆောင်ရန် ရှိပါသလား။

အိုင်စီစီ တရားလိုရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ယခုတောင်းဆိုမှုသည် မြန်မာနိုင်ငံ၏ အဆင့်မြင့် အရာရှိတစ်ဦးအား ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး တောင်းဆိုခြင်းဖြစ်ပြီး နောက်ထပ် လည်းရှိလာဦးမည်ဟု ဖော်ပြထားသည်။  အခြားပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက်လည်း  အိုင်စီစီ ၏တရားစီရင်ပိုင်ခွင့်အတွင်းရှိ ရာဇ၀တ်မှုများနှင့် ဆက်စပ်ပြီး လုံလောက်သော အထောက်အထားများရှိပါက ဖမ်းဝရမ်းထုတ်ရန် ထပ်မံတောင်းဆိုနိုင်သည်။

တချိန်တည်းတွင်၊ ယန္တရားသည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအား ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများကို သီးခြားလွတ်လပ်စွာ ဆက်လက် စုံစမ်းစစ်ဆေးနေပြီး အထောက်အထားနှင့် စိစစ်သုံးသပ်ချက်များကို အိုင်စီစီ၏ တရားလိုရှေ့နေရုံးထံ မျှဝေသွားမည်ဖြစ်သည်။