(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး

Body

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်မှ ထုတ်ပြန်ချက်

 

၂၉ အောက်တိုဘာ ၂၀၂၄

ဥက္ကဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ တိုးတက်မှုများအကြောင်း ပြောကြားခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။

မနှစ်က ဒီကော်မတီမှာ ကျွန်တော်လာရောက်တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုတွေ အကြိမ်ရေပိုတိုးလာပြီး၊ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ထပ်ပြီးတင်ပြရမှာပါ။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားများ ရာနှင့်ချီသေဆုံး ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အထောက်အထားတွေကို ယန္တရားက စုဆောင်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုစီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ စစ်ကိုင်းမြို့က မင်္ဂလာဧည့်ခံပွဲတစ်ပွဲနဲ့ ရခိုင်ပြည်နယ်က ကျေးရွာအချို့ ပါဝင်ပါတယ်။

စစ်တပ်ကိုဆန့်ကျင်သူလို့ ထင်မြင်ခံရတဲ့သူတွေကို မကြာခဏ ဖမ်းဆီးတာတွေလည်း တိုးလာပါတယ်။ တရားမ၀င်ဖမ်းဆီးမှုနဲ့ ဖမ်းဆီးခံရသူတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ယန္တရားက စုံစမ်းစစ်ဆေးနေပြီး အရေးပါတဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ အသက်အရွယ်နဲ့ ဂျင်ဒါစုံ လူပုဂ္ဂိုလ်တွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုချက်တွေကို ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေဆီက ကျွန်တော်တို့ စုဆောင်းထားပါတယ်။

မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်အဖွဲ့များစွာက ကျူးလွန်တဲ့ အလွန်ရက်စက်ကြမ်း ကြုတ်တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေကိုလည်း ယန္တရားက စုဆောင်းနေပါတယ်။ ကျူးလွန်မှုတိုင်းအတွက် ဘယ်နိုင်ငံရေးအဖွဲ့အစည်းကဖြစ်စေ၊ ဘယ်ဘာသာဝင်ဖြစ်စေ ဒါမှမဟုတ် ဘယ်လူမျိုးစုဝင်ကဖြစ်စေ ကျူးလွန်ပါက တာဝန်အရှိဆုံးသူတွေကို မခွဲခြားဘဲ ဖော်ထုတ်ဖို့ ယန္တရားက လုပ်ဆောင်နေပါတယ်။

မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို အထူးပြုတဲ့ စုံစမ်းစစ်ဆေးမှုအသစ်တွေ ကျွန်တော်တို့ စတင်လုပ်ဆောင်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ကြားက တိုက်ပွဲတွေကြောင့် အရပ်သားလူမျိုးစုပေါင်းစုံ ထိခိုက်မှုဒဏ်ခံရပါတယ်။ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အပါအဝင် ကြောက်မက်ဖွယ်ရာဇ၀တ်မှုတွေအကြောင်း သတင်းပေးပို့ချက်တွေကို ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ထိခိုက်မှုဒဏ်ကို ပိုခံရပါတယ်။ သူတို့ဟာ နှစ်ဖက်တိုက်ခိုက်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရသလို၊ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ပါတယ်။ ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်နဲ့ နိုင်ငံအနှံ့အပြားမှာ ဖြစ်နေတဲ့အခြေအနေတွေဟာ ကျူးလွန်သူတွေ ဆယ်စုနှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွတ်နေခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ရာဇ၀တ်မှုကျူးလွန်သူတွေကို တရားစွဲအရေးယူမှု မလုပ်နိုင်မချင်း ရက်စက်ကြမ်းကြုတ်မှုသံသရာ မပြတ်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေပါလိမ့်မယ်။

ဒီသံသရာကိုအဆုံးသတ်ဖို့ ယန္တရားကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်အတွက် ကျွန်တော်တို့ဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရား ရုံးက တရားရေးအာဏာပိုင်တွေဆီ အချက်အလက်နဲ့ စိစစ်သုံးသပ်ချက်မျှဝေမှုကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

ဥက္ကဌကြီးခင်ဗျား

ကျွန်တော်တို့ရရှိခဲ့တဲ့ တိုးတက်မှုတွေဟာ အခက်အခဲတွေကြားက ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိဖြစ်နေဆဲ ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်းရဲ့ အကျိုးဆက်အဖြစ် ဘတ်ဂျက်ကန့်သတ်ချက်များရှိခဲ့ပြီး ယန္တရားရဲ့ အဓိကလုပ်ငန်းအချို့ကို ကန့်သတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံထဲ ဝင်ရောက်ခွင့်မရှိတာကြောင့် နိုင်ငံတွင်းက သတင်းရင်းမြစ်တွေနဲ့ လုံခြုံစွာဆက်သွယ်ဖို့ ပိုမိုခက်ခဲလာပါတယ်။ ဒါ့အပြင် ဒီအခန်းထဲမှာရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံအချို့ဆီလည်း ကျွန်တော်တို့ ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ ယန္တရားအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာရှိတဲ့ သက်သေတွေနဲ့တွေ့ဆုံဖို့၊ အချက်အလက်တွေရယူဖို့ နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ်။

ဒီစိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ နည်းပညာအသစ်တွေ အသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းတွေကို ရှာဖွေပါတယ်။ လူမှုကွန်ရက်သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဂြိုလ်တုပုံရိပ်များနဲ့ တခြားဒစ်ဂျစ်တယ်အချက်အလက်တွေကို အတည်ပြုတဲ့အခါ၊ စိစစ်သုံးသပ်တဲ့အခါ နည်းကိရိယာသစ်များကို အသုံးပြုပါတယ်။ ဒီနောက်၊ နည်းပညာသစ်တွေသုံးပြီးရရှိလာတဲ့ စိစစ်သုံးသပ်ချက်တွေကို ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေဆီက စုဆောင်းရရှိထားတဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော်အပါအဝင် ရင်းမြစ် ၁၀၀၀ ကျော်ဆီကရရှိထားတဲ့ အထောက်အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးပါတယ်။

အသက်အန္တရာယ်နဲ့ ဖမ်းဆီးခံရမယ့်ဘေးရန်ကို စွန့်စားပြီး ယန္တရားဆီ အချက်အလက်တွေ မျှဝေပေးခဲ့တဲ့ ပုဂ္ဂိုလ်များစွာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့နဲ့ သူတို့ကြား ဆက်သွယ်ရေးကို တတ်နိုင်သမျှလုံခြုံစေပြီး၊ သူတို့တွေ့ကြုံရတဲ့ အန္တရာယ်တွေ အချည်းနှီးမဖြစ်စေဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။

ဖမ်းဆီးခြင်း ဒါမှမဟုတ် တရားစွဲဆိုခြင်း လုပ်ဆောင်ဖို့ ယန္တရားမှာ အခွင့်အာဏာမရှိပေမဲ့လည်း၊ ဒီလိုလုပ်ဆောင်နိုင်တဲ့ တရားရေးအာဏာပိုင်တွေကို ကူညီဖို့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ဒီအခန်းထဲမှာရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုမှု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားရေးဌာန ဒါမှမဟုတ်၊ တရားရေးအာဏာပိုင်တွေက နိုင်ငံတွင်းတရားရုံး ဒါမှမဟုတ် နိုင်ငံတကာတရားရုံးတွေမှာ အမှုတည်ဆောက်တဲ့အခါ အတူပူးပေါင်းဆောင်ရွက်ဖို့အတွက် ယန္တရားက အသင့်ရှိနေပါတယ်။

မြန်မာနိုင်ငံပြည်သူတွေက တရားမျှတမှုတစုံတရာရရှိဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့အလုပ်တွေက မြန်မာနိုင်ငံအတွက်ပဲ အရေးပါတာမဟုတ်ပါဘူး။ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုနဲ့ လူမျိုးပြုန်းစေမှုများအတွက် တာဝန်ရှိသူတွေကို တရားစွဲအရေးယူရာမှာ အောင်မြင်မှုတစုံတရာရရှိပါက မြန်မာနိုင်ငံထက် ကျော်လွန်တဲ့ သက်ရောက်မှုတွေရှိနိုင်ပါတယ်။ အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူတွေကို သူတို့ရဲ့ရာထူးအာဏာက ဘယ်လောက်ပဲ ကြီးမားနေပါစေ တရားမျှတမှု ဖော်ဆောင်နိုင်တယ်ဆိုတဲ့ ခိုင်မာအားကောင်းတဲ့ သတင်းစကားကို ပေးနိုင်မှာပါ။

ကျေးဇူးတင်ပါတယ်။