ရခိုင်ပြည်နယ်ရှိ ဆေးရုံအား လေကြောင်းမှတိုက်ခိုက်သည့်ဖြစ်ရပ်နှင့် ဆက်စပ်သောအချက်အလက်များ မျှဝေပေးရန် မြန်မာယန္တရားက တောင်းခံ
ဂျီနီဗာ၊ ၁၂ ဒီဇင်ဘာ ၂၀၂၅။ ။မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦးပြည်သူ့ဆေးရုံအား လေကြောင်းမှတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့သူများ သို့မဟုတ် တိုက်ရိုက်သိရှိထားသူများရှိပါက သတင်းအချက်အလက် မျှဝေပေးရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက တောင်းဆိုလိုက်သည်။ လူနာများအပြည့်ရှိနေသည့် ကုတင် ၃၀၀ ဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လေကြောင်းမှတိုက်ခိုက်ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီး၊ ၇၀ ဦးခန့် ဒဏ်ရာရခဲ့သည်။
နိုင်ငံတကာဥပဒေအရ ဆေးရုံကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာနေရာများကို အရပ်သားများ၏နေရာများအဖြစ် သတ်မှတ်ထားပြီး တိုက်ခိုက်ခြင်းမပြုရန် ကာကွယ်ထားသည်။ ထို့သို့ အကာအကွယ်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ နာမကျန်းဖြစ်နေသူများ၊ ဒဏ်ရာရသူများလည်း ပါဝင်သည်။ အကာအကွယ်ပေးထားသည့် လူပုဂ္ဂိုလ်များ သို့မဟုတ် နေရာများကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ပါက နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုလည်း မြောက်နိုင်သည်။
ဤဖြစ်ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆေးရုံများအား လေကြောင်းမှတိုက်ခိုက်မှုများအနက် အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်နိုင်သည်။ လက်ရှိဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် အရပ်သားများသည် အခြေခံဝန်ဆောင်မှုများရရှိရန် ခက်ခဲနေသည့်အချိန်တွင် မြန်မာနိုင်ငံအနှံ့ရှိ ဆေးရုံဆေးခန်းများကို အကြိမ်ရေများစွာ တိုက်ခိုက်သောကြောင့် ဝန်ဆောင်မှုရရှိရန် ပို၍ ခက်ခဲလာသည်။
အဆိုပါတိုက်ခိုက်မှုကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရသည့် အသက်ရှင်ကျန်ရစ်သူများ၊ လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားသက်သေများ သို့မဟုတ် အဖွဲ့အစည်းများထံမှ အချက်အလက်များကို ယန္တရားက တောင်းခံလိုပါသည်။ ထို့ကြောင့် -
သေဆုံးသူများနှင့် ဒဏ်ရာရသူများစာရင်း၊ သက်ဆိုင်ရာ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ အပါအဝင် ထိခိုက်ခံရသူများ၏ အချက်အလက်များ
အပျက်အစီးများကို ပြနိုင်သည့် ဓါတ်ပုံ၊ ဗီဒီယို၊ ဒရုန်းရိုက်ချက်များနှင့် အခြားမှတ်တမ်းမှတ်ရာများအပါအဝင် ဆေးရုံနှင့် အနီးတဝိုက်ရှိအဆောက်အအုံများ၏ အချက်အလက်များ
မည်သည့်လေတပ်စခန်းက စေလွှတ်လိုက်သည်ဆိုသည့် အချက်အလက်အပါအဝင် ယင်းတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည် လေယာဥ်နှင့် ဆက်စပ်သော အချက်အလက်များ
လက်နက်အပိုင်းအစများပါဝင်သည့် ဓါတ်ပုံ၊ ဗီဒီယိုများအပါအဝင် တိုက်ခိုက်မှုတွင် အသုံးပြုသည့် လက်နက်များအကြောင်း အချက်အလက်များ
လေယာဥ်ဆီတင်သွင်းမှုဆိုင်ရာအချက်အလက်များ အပါအဝင် ယင်းတိုက်ခိုက်မှု ဖြစ်မြောက်စေရန် ငွေကြေးနှင့် အခြားပံ့ပိုးမှုများ
လေယာဥ်မှူးများနှင့် အခြားအမိန့်ပေးသောပုဂ္ဂိုလ်များအပါအဝင် ယင်းတိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်သူများအကြောင်း
တိုက်ခိုက်မှု မစခင် ထိုနေရာမှ စွန့်ခွာရန် သတိပေးမှုများ ရှိ၊ မရှိ စသည့်အချက်အလက်များ မျှဝေပေးရန် တောင်းခံလိုက်သည်။
မည်သူမဆို သက်ဆိုင်ရာအချက်အလက်များ လက်ဝယ်ရှိထားပါက ယန္တရား၏ Signal နံပါတ် +41 76 691 12 08 သို့ စာများအလိုလျောက်ပျောက်ကွယ်သည့်စနစ် (disappearing message) ကို အသုံးပြုကာ ဆက်သွယ်ရန် တိုက်တွန်းပါသည်။ အီးမေးဖြင့် ဆက်သွယ်လိုပါက ယန္တရား၏ Proton Mail လိပ်စာ contact@myanmar-mechanism.org. သို့ ပေးပို့နိုင်ပါသည်။ ဤလိပ်စာသို့ အီးမေးပို့လိုပါက Proton Mail အချင်းချင်း ပေးပို့မှသာ လုံခြုံမှာဖြစ်ပြီး Proton Mail လိပ်စာကို အခမဲ့ ဖွင့်နိုင်ပါသည်။
ယန္တရားသည် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အလေးထားပြီး ၎င်းတို့မျှဝေလိုက်သော အချက်အလက်များ၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက်စွာထားရှိသည်။ ယန္တရားထံ ဆက်သွယ်ရာတွင်လည်း လုံခြုံစိတ်ချရသည့် အချိန်မှသာ ဆက်သွယ်ရန် တိုက်တွန်းပါသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။
Facebook: @MyanmarMechanism LinkedIn: @MyanmarMechanism