(၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့်စာတမ်း
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်
ဥက္ကဌကြီးနဲ့
ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အဋ္ဌမမြောက် နှစ်ပတ်လည်အစီရင်ခံစာ ကို တင်သွင်းခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။
ဝမ်းနည်းစွာနဲ့ပဲ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆက်ပြီးဆိုးရွားလာနေတာကို ကျွန်တော်အစီရင်ခံရမှာ ဖြစ်ပါတယ်။ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေပါတယ်။ ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလတွေမှာ တိုက်ခိုက်မှုတွေ ပိုပြင်းထန်ခဲ့ပြီး အခုချိန်ထိလည်း ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်း ဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထားခံနေရပါတယ်။
မြန်မာစစ်တပ်ကလေယာဉ်တွေထက် ကြိုတင်သိရှိဖို့ရန် ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကိုခိုလှုံဖို့ အချိန်နည်းလာ ပါတယ်။ ဒါ့အပြင် “နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု” နည်းလမ်းကို ပိုသုံးလာတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေရှိနေပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ တပ်ဖွဲ့အများအပြားနဲ့ သူတို့ အခြေစိုက်ရာ လေတပ်စခန်းတွေကို ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်လက်အောက်ကထိန်းသိမ်းရေးစခန်းတွေမှာ ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးရာမှာလည်း တိုးတက်မှုတွေရှိခဲ့ပါတယ်။ တာဝန်ရှိတဲ့တပ်မှူးတွေနဲ့ စစ်ကြော မေးမြန်းသူတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စုဆောင်းထားတဲ့ အထောက်အထားတွေမှာ အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ လိင်အင်္ဂါကို စီးကရက်မီးနဲ့ရှို့ခြင်း အပါအဝင် ထိတ်လန့်ဖွယ် လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြု ရာဇဝတ်မှု မှတ်တမ်းတွေ ပါဝင်ပါတယ်။
ဥက္ကဌကြီးခင်ဗျာ…
လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကျွန်တော်တို့ကို လုပ်ပိုင်ခွင့် ချမှတ်ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာဇဝတ်မှုအထောက်အထားတွေကို စုဆောင်းရာမှာကျူးလွန်သူ ဒါမှမဟုတ် ထိခိုက်နစ်နာသူတွေရဲ့ နိုင်ငံရေးသစ္စာခံမှု၊ လူမျိုးစု ဒါမှမဟုတ် ကိုးကွယ်ယုံကြည်မှုတွေ မခွဲခြားဘဲ စုဆောင်းနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့ အမျိုး မျိုးက ကျူးလွန်တယ်ဆိုတဲ့ လူသတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အင်အားသုံးပြီး နယ်မြေမှ ဖယ်ရှားမှုနဲ့ဆိုင်တဲ့ စွပ်စွဲချက်တွေကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားလူမျိုးအားလုံးဟာ ဒီရာဇဝတ်မှုတွေရဲ့ ဒုက္ခကို ခံစားနေကြရပါတယ်။ ရခိုင်လူမျိုးတွေနဲ့အတူ အခြားလူမျိုးစုတွေဟာလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပိတ်ဆို့တားဆီးမှုတွေ ကြုံတွေ့နေရပါတယ်။ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေဟာ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေယူပြီး ထွက်ပြေး နေရဆဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အစပိုင်းကတည်းက ရိုဟင်ဂျာ ၁၅၄,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေ ဆက်ရှိနေတဲ့အတွက် မိမိတို့ရဲ့နေရပ်ကို လုံခြုံစွာ မပြန်နိုင်သေးတဲ့ ရိုဟင်ဂျာတစ်သန်းနီးပါး ရှိလာပြီဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ဘဏ်ငွေလွှဲ ပြောင်းမှုတွေနဲ့ လက်နက်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် ရင်းမြစ် ပေါင်း ၁,၆၀၀ ကျော်ကနေ အထောက်အထားအများအပြားကို စုဆောင်းရရှိထားပါတယ်။ ဒါ့အပြင် သက်သေထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း စုဆောင်းထားပါတယ်။ ဒီအထောက်အထားတွေက ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီရာဇဝတ်မှုတွေအတွက် ဘယ်သူတွေက ငွေကြေးထောက်ပံ့ခဲ့တယ်၊ ပံ့ပိုးကူညီခဲ့တယ် ဒါမှမဟုတ် အကျိုးအမြတ်ရရှိခဲ့တယ် ဆိုတာတွေကို နားလည်နိုင်ဖို့ အထောက်အကူပြုပါတယ်။
ယန္တရားဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး ကြိုးပမ်း နေတဲ့ သက်ဆိုင်ရာ တရားရေးအာဏာပိုင်တွေထံကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက် အများ အပြား မျှဝေပေးထားပါတယ်။ ဒီအထဲမှာ နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ အာဂျင်တီးနားနိုင်ငံ တို့လည်း ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း အဖွဲ့ဝင်နိုင်ငံအချို့က တရားရေးအာဏာပိုင်တွေထံ မျှဝေထားပြီး ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းက နိုင်ငံတကာတရားရုံးမှာ လူမျိုးပြုန်းစေမှုကာကွယ်ရေးဆိုင်ရာစာချုပ်အရ မြန်မာနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးကြားနာမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအမှုမှာ တရားသူကြီးတွေဆီ တင်ပြတဲ့ အထောက်အထားအများစုကို ယန္တရားက ပံ့ပိုးပေးခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ ယန္တရားဆီ အချက်အလက်တွေ မျှဝေပေးဖို့အတွက် ကြီးမားတဲ့ စွန့်စားမှုတွေကို ရင်ဆိုင်ပြီး လုပ်ဆောင်နေကြတဲ့ ရဲရင့်တဲ့ ပုဂ္ဂိုလ်များစွာကို ကျေးဇူးတင်မိပါတယ်။ သူတို့ဟာ အမှန် တရားကို သိရှိစေချင်တဲ့အတွက်၊ ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေချင်တဲ့အတွက် ဒီလိုလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့ သတ္တိတွေ အချည်းနှီးမဖြစ်စေဖို့ ဆောင်ရွက်ပေးရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။
ယန္တရားအနေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေ ပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာပါ။ ဒီအထောက်အထား တွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေး အာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။