ရခိုင်ပြည်နယ်ရှိ စျေးတစ်ခုအနီးတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ မျှဝေရန် မြန်မာယန္တရားက တောင်းခံ

Body

ဂျီနီဗာ၊ စက်တင်ဘာ ၃၀။       ။ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ “အိန္ဒိယစျေး” ဟုခေါ်သည့် စျေးအနီးတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူများ၊ ဒါမှမဟုတ် ဖြစ်ရပ်အကြောင်း တိုက်ရိုက်သိရှိထားသူများအနေဖြင့် အချက်အလက်များ မျှဝေပေးရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက တောင်းခံလိုက်သည်။ 

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ၅၈ ဦး ဒဏ်ရာရခဲ့သည်။ ထိခိုက်ခံရသူများမှာ ကုန်သည်များ၊ စျေးဝယ်သူများ၊ ဖြတ်သန်းသွားလာသူများနှင့် ပစ္စည်းသယ်သူများဟု ယုံကြည်ရသည်။ ထိခိုက်ခံရသူများအနက် အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြပြီး ကိုယ်ဝန်ဆောင်တစ်ဦးနှင့် မွေးကင်းစ ကလေးငယ်တစ်ဦးလည်း ပါဝင်ကာ ယင်းတို့ နှစ်ဦးလုံးမှာ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အနီးတဝိုက်မှ အဆောက်အအုံများကိုလည်း ထိခိုက်ခဲ့ရာ ကစ္စပနဒီတံတားနှင့် ဆိုင်အချို့လည်း ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားဆဲ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များကို ယန္တရားက စုံစမ်းစစ်ဆေးနေသည်။ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရှောင်ရှားဘဲ တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် ၂၀၂၅ ခုနှစ်မှ စတင်ကာ သိသိသာသာ တိုးမြင့်လာကြောင်း ယုံကြည်ရသည့် အထောက်အထားများက ညွှန်ပြနေသည်။ ယင်းတိုက်ခိုက်မှုများတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ စျေးများနှင့် ဘုန်းကြီးကျောင်းများလည်း ပါဝင်သည်။ 

အရပ်သားများအား မရှောင်ရှားဘဲ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်နိုင်သည်။ ‌စျေးကဲ့သို့ အရပ်သားများ ကျင်လည်ရာ နေရာများကို တိုက်ခိုက်ခြင်းသည် ယင်းတို့အတွက် အစားအစာရရှိနိုင်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုကို ပြင်းထန်စွာ ထိခိုက်နိုင်သည်။ ယင်းကဲ့သို့သော တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု၊ စစ်အတွင်း နည်းဗျူဟာတစ်ရပ်အနေဖြင့် အသုံးပြုပါက ငတ်မွတ်စေခြင်းဖြင့် ကျူးလွန်သည့် ရာဇဝတ်မှု၊ ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည်။ 

ယန္တရားသည် အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်သည့် အောက်ပါအချက်အလက်များကို တောင်းခံလိုက်သည်။ 

  • ထိခိုက်သေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများနှင့် သက်ဆိုင်သည့် ဓါတ်ပုံ၊ ဗီဒီယိုများ အပါအဝင် ထိခိုက်သေဆုံးသူများအကြောင်း

  • စျေး၊ တံတားနှင့် အနီးတဝိုက်မှ အဆောက်အအုံများ၏ ပျက်စီးမှုကို ပြသနိုင်သည့် ဓါတ်ပုံ၊ ဗီဒီယိုနှင့် အခြားအချက်အလက်များ

  • တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လေယာဥ်နှင့် အခြေစိုက်သည့် လေတပ်စခန်း စသည့် အချက်အလက်များ

  • လက်နက်အကြွင်းအကျန်များကို မှတ်တမ်းတင်ထားသည့် ဓါတ်ပုံနှင့် ဗီဒီယိုများအပါအဝင် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်နက်များအကြောင်း 

  • လေယာဥ်မှူးများနှင့် အမိန့်ပေးသူများ အပါအဝင် ယင်းတိုက်ခိုက်မှုတွင် ပါဝင်သည့် မြန်မာစစ်တပ်မှ ပုဂ္ဂိုလ်များအကြောင်း ပေးပို့နိုင်ပါသည်။

သက်ဆိုင်ရာအချက်အလက်များ လက်ဝယ်ရှိထားသည့် မည်သူမဆို မြန်မာယန္တရား၏ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်နိုင်ပါသည်။ ပေးပို့ရာတွင် စာတိုများ အလိုလျောက် ပျောက်သွားနိုင်သည့်စနစ် (disappearing messages) ကို အသုံးပြုရန် တိုက်တွန်းပါသည်။ အီးမေးဖြင့် ပေးပို့လိုပါက မြန်မာယန္တရား၏ Proton အီးမေး contact@myanmar-mechanism.org သို့ ပေးပို့နိုင်သည်။ Proton အီးမေးအချင်းချင်းသာ ပေးပို့နိုင်သောကြောင့် Proton အီးမေးကို ဦးစွာ အခမဲ့ ဖွင့်ရပါမည်။ အချက်အလက်ပေးပို့လိုသူများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို ဦးစားပေးကာ စိတ်ချလုံခြုံသည့် အခြေအနေမှသာ ယန္တရားထံ ဆက်သွယ်ရန် အကြံပြုပါသည်။ 

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို  iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။

Facebook: @MyanmarMechanism LinkedIn: @MyanmarMechanism