ရိုဟင်ဂျာများ တရားမျှတမှုရရှိရေးအတွက် သမိုင်းဝင်ခြေလှမ်းဖြစ်သော အိုင်စီဂျေ၏ စီရင်ချက်
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်မှ ထုတ်ပြန်ချက်
ဂျီနီဗာ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် – မြန်မာနိုင်ငံသည် ရိုဟင်ဂျာများကို လူမျိုးပြုန်းစေမှု ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ရိုဟင်ဂျာများ ရင်ဆိုင်ခဲ့ရသည့် ဘေးအန္တရာယ်များအတွက် ပြန်လည်ကုစားပေးရမည်ဖြစ်ကြောင်း နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က ယနေ့ စီရင်ချက် ချမှတ်ခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတရားရုံး၏ ယခုစီရင်ချက်သည် ရိုဟင်ဂျာများ ခံစားရသည့် ကြီးမားလှသော ဒုက္ခဆင်းရဲများကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေအရ အဆိုးရွားဆုံးသော ရာဇဝတ်မှုများအနက်မှ တစ်ခုအတွက် တာဝန်ခံမှုရှိစေရေးနှင့် နစ်နာမှုများ ကုစားခွင့်ရရှိရေး တို့အတွက် သမိုင်းဝင်စီရင်ချက် တစ်ခုလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် လူမျိုးပြုန်းစေမှုကို တားဆီးခြင်းနှင့် အပြစ်ပေးခြင်းဆိုင်ရာ စာချုပ်ကို ချိုးဖောက်ကာ လူမျိုးပြုန်းစေမှုကို တားဆီးရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ဤတွေ့ရှိချက်သည် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးများအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် အထောက်အထားများကို အခြေခံထားခြင်း ဖြစ်သည်။ ယင်းတို့တွင် သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ခြင်း၊ ရိုဟင်ဂျာကျေးရွာများကို စနစ်တကျ ဖျက်ဆီးခြင်းတို့ ပါဝင်သည်။ အမှုကို စဥ်းစားသုံးသပ်စဥ်အတွင်း သက်သေအထောက်အထား ခိုင်မာမှုကို ထည့်သွင်းစဥ်းစားခဲ့ရာ ယန္တရားက စုဆောင်းထားသည့် သက်သေထွက်ဆိုချက်များ၊ လိုအပ်သော နည်းစနစ်ပိုင်းဆိုင်ရာ စံနှုန်းများနှင့်အညီ ရေးသားပြုစုခဲ့သည့် စိစစ်သုံးသပ်ချက် အစီရင်ခံစာ ၆ စောင်လည်း ပါဝင်ခဲ့ကြောင်း တရားရုံးက အသိအမှတ်ပြုခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ကျူးလွန်မှုများအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆို အရေးယူရန်၊ ရိုဟင်ဂျာများ မိမိဆန္ဒအလျောက် နေရပ်သို့ လုံခြုံစွာ ပြန်နိုင်ရန်၊ သိမ်းဆည်းထားသော အရပ်သားပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ နစ်နာဆုံးရှုံးမှုများအတွက် သင့်တင့်သော ကုစားမှုပေးရန် ဆောင်ရွက်ရမည်ဟု တရားရုံးက အမိန့်ချမှတ်သည်။ မြန်မာနိုင်ငံသည် လာမည့် ၂ နှစ်အတွင်း ပြန်လည်ကုစားမှု ဆောင်ရွက်ချက်များ၊ လျော်ကြေးပေးသည့် ပမာဏနှင့် ပုံစံများကို တရားရုံးထံ အစီရင်ခံစာတစ်ရပ် တင်သွင်းရမည်။
မိမိတို့၏ ကိုယ်တွေ့ အတွေ့အကြုံများကို ရဲဝံ့စွာ မျှဝေပေးခဲ့ကြသည့် အသက်ရှင်ကျန်ရစ်သူများနှင့် တရားရုံး၏ စီရင်ချက်တွင် ထင်ဟပ်နေသည့် စေ့စပ်သေချာသော စိစစ်သုံးသပ်ချက်များကို ယန္တရားက အသိအမှတ်ပြုပါသည်။ အဆိုပါ တရားစီရင်ရေးလုပ်ငန်းစဉ်တွင် ကာလကြာရှည်စွာ ဆောင်ရွက်ခဲ့သည့် ဥပဒေဆိုင်ရာ လျှောက်လဲချက်များနှင့် အချက်အလက်ဆိုင်ရာ သုံးသပ်မှုများ၊ စာမျက်နှာထောင်ပေါင်းများစွာ ပါဝင်သည့် တင်သွင်းချက်များနှင့် သက်သေအထောက်အထားများ၊ သီတင်း သုံးပတ်ကြာ ကြားနာစစ်ဆေးမှုများ၊ သက်သေ လေးဦး၏ နှုတ်ဖြင့် ထွက်ဆိုချက်များနှင့် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံပေါင်း ၁၁ နိုင်ငံ၏ ကြားဝင်တင်ပြချက်များ ပါဝင်သည်။
ယန္တရားသည် စီရင်ချက်နှင့် ယင်း၏ နောက်ဆက်တွဲသက်ရောက်မှုများကို အသေးစိတ်လေ့လာသုံးသပ်ရန် အချိန် ယူရဦးမည်ဖြစ်သော်လည်း ယခုစီရင်ချက်သည် ရိုဟင်ဂျာများအတွက် အရေးပါကြောင်းက ထင်ရှားနှင့်ပြီး ဖြစ်သည်။ ရိုဟင်ဂျာများ နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားခဲ့ရသည့် ခွဲခြားဆက်ဆံမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရာဇဝတ်မှုများကို ယခု စီရင်ချက်က အသိအမှတ်ပြုထားသည်။ ထို့ပြင် ၎င်းတို့၏ ဆင်းရဲဒုက္ခများကို ကမ္ဘာက မမေ့လျော့သေးကြောင်း မျှော်လင့်ချက်အသစ်များ ပေါ်ထွန်းစေသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ယခုစီရင်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြလိမ့်မည်ဟူသော မျှော်ကိုးမှုများပါ ဖြစ်ပေါ်စေသည်။
ယခုတရားရေးလုပ်ငန်းစဉ်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အဓိကထားသော်လည်း စီရင်ချက်၏ အရေးပါမှုသည် လူမှုအသိုက်အဝန်း တစ်ရပ်တည်းအတွက်မျှသာ မဟုတ်ပါ။ တရားရုံးက ဆန်းစစ် သုံးသပ်ခဲ့သော လူပုဂ္ဂိုလ်များနှင့် အစိုးရအဖွဲ့အစည်းများအနက် အများအပြားသည် မြန်မာနိုင်ငံတစ်ဝန်း ဆက်လက် ကျူးလွန်လျက်ရှိသည့် အခြား ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများနှင့်လည်း ဆက်စပ်လျက် ရှိနေသည်။
ယခုစီရင်ချက်သည် သမိုင်းတွင်သည့် စီရင်ချက် ဖြစ်သော်လည်း တာဝန်ခံမှုရှိစေရေး လုပ်ငန်းစဉ်၏ အဆုံးသတ်မဟုတ်ပါ။ တရားရုံးသည် လူမျိုးပြုန်းစေမှု စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာဥပဒေအရ မြန်မာနိုင်ငံ၏ နိုင်ငံတစ်နိုင်ငံအနေဖြင့် တာဝန်ရှိမှုကို စီရင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် တစ်ဦးချင်းစီ၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို သက်သေထူရန်မှာမူ သီးခြားရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်များ လိုအပ်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက်ပါ တာဝန်ခံမှုရှိစေရေး ကြိုးပမ်းမှုများကို ဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်သည်။ ယန္တရားသည် မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများကို ဆက်လက်၍ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။ ယင်းစုံစမ်းစစ်ဆေးမှုများတွင် လူမှုအသိုက်အဝန်းအားလုံးမှ နစ်နာသူများနှင့် အဖွဲ့အစည်းအသီးသီးမှ ကျူးလွန်သူများ ပါဝင်မည်ဖြစ်ပြီး တာဝန်အရှိဆုံးပုဂ္ဂိုလ်များကို အရေးယူနိုင်ရေး ကြိုးပမ်းမှုများကိုလည်း ဆက်လက် ပံ့ပိုးသွားမည် ဖြစ်သည်။
ယခုအခါ တရားရုံးက စီရင်ချက်ကို ချမှတ်လိုက်ပြီဖြစ်သည်။ အရေးကြီးသည်က လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်သည်။ ယခုစီရင်ချက်သည် အတိတ်ကာလတွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ချမှတ်ခြင်း ဖြစ်သော်လည်း ၎င်း၏အရေးပါမှုသည် အတိတ်သမိုင်းထဲမှာပဲ ကျန်ရစ်ခဲ့မည် မဟုတ်ပါ။ ရိုဟင်ဂျာ အများအပြားသည် အဆိုပါရာဇဝတ်မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ယနေ့တိုင် ဆက်လက် ခံစားနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံသည် တရားရုံးက ချမှတ်လိုက်သော တာဝန်ဝတ္တရားများကို အပြည့်အဝ အကောင်အထည် ဖော်ရမည်ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများက တရားရုံး၏ တွေ့ရှိချက်များအပေါ် အခြေခံ၍ ဆက်လက်ဆောင်ရွက်ကြရန်၊ စီရင်ချက်ပါ အမိန့်များကို လိုက်နာအကောင်အထည်ဖော်ရေး တောင်းဆိုကြရန်နှင့် တာဝန်ခံမှုနှင့် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုများကို ဆက်လက်ကူညီကြရန် လိုအပ်သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။