စာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုနှင့်ဆက်စပ်သည့် အချက်အလက်များမျှဝေရန် မြန်မာယန္တရား တောင်းခံ

Body

၂၀၂၅ ခုနှစ်၊ မေ ၁၄၊ ဂျီနီဗာ။ ။မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် မေလ ၁၂ ရက် (တနင်္လာနေ့) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား လေကြောင်းဖြင့်တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူများအား အထောက်အထားမျှဝေရန် တောင်းဆိုလိုက်သည်။ ယင်းတိုက်ခိုက်မှုတွင် ကျောင်းသား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရခဲ့သည်။ 

ဤဗုံးကြဲတိုက်ခိုက်မှုသည် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများစွာအနက် တစ်ခုဖြစ်သည်။ မြန်မာစစ်တပ်နှင့် တိုက်ခိုက်မှုတွင်ပါဝင်သည့် အခြားအဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာထားသည့်ကာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အရပ်သားများအား မခွဲခြားဘဲ လေကြောင်းမှတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ကိုကျူးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်သည်။ ကလေးများကို တိုက်ခိုက်ခြင်းသည် အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းသည်၊ ထို့ကြောင့် ယန္တရားအနေဖြင့်  ကလေးများအား ထိခိုက်ကျူးလွန်သည့်အမှုများကို ဦးစားပေး စုံစမ်းစစ်ဆေးလျက်ရှိသည်။  

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းများစွာကို တိုက်ခိုက်ခဲ့ရာ ကလေးများ သေဆုံးပြီး ဒဏ်ရာရခဲ့ကြသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေဦးခရိုင်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ချင်းပြည်နယ်ရှိ မတူပီမြို့နယ်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကယားပြည်နယ်ရှိ ဒီမော့ဆိုမြို့နယ်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရှမ်းနှင့် ကယားပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ်နှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်တို့၌ ယင်းကဲ့သို့သော တိုက်ခိုက်မှုများ အသီးသီးဖြစ်ပွားခဲ့ပြီး ယခုဖြစ်ရပ်သည်လည်း အပါအဝင်ဖြစ်သည်။ 

ယန္တရားသည် အထက်ပါဖြစ်ရပ်များအပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် အချက်အလက်များကို စုဆောင်းနေသည်။ ယင်းတို့တွင် 

  • ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ ပေါက်ကွဲမှုများ၏ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ 
  • ထိခိုက်သူများ၏ အချက်အလက်များ 
  • လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဥ်နှင့် လက်နက်အမျိုးအစားများ 
  • လေယာဥ်မှူးနှင့် အမိန့်ပေးရာတွင် ပါဝင်သူများ၏ အချက်အလက်များ ပါဝင်သည်။ 

အချက်အလက်များ လက်ဝယ်ရရှိထားပါက ယန္တရား၏ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်ရန် တောင်းဆိုပါသည်။ အချက်အလက်မျှဝေပေးသူများ၏ အရေးကြီးသောကြောင့် ဘေးကင်းလုံခြုံသည့်အချိန်မှသာ ဆက်သွယ်ရန် မေတ္တာရပ်ခံပါသည်။ 

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။  

ပိုမို သိရှိရန် iimm.un.org  ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။