ခွဲခြားသတ်မှတ်မှုနှင့် အချိုးညီမျှမှု မူဝါဒဆိုတာ ဘာလဲ။
ခွဲခြားသတ်မှတ်မှုနှင့် အချိုးညီမျှမှု မူဝါဒဆိုတာ ဘာလဲ။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ၊ ခွဲခြားသတ်မှတ်မှုနှင့် အချိုးညီမျှမှုဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခအတွင်း တိုက်ခိုက်မှုများကို မည်သို့ဆောင်ရွက်နိုင်သည်ကို ထိန်းညှိပေးသည့် အခြေခံမူဝါဒများ ဖြစ်သည်။
ခွဲခြားသတ်မှတ်မှုဆိုသည်မှာ ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့များသည် အရပ်သားများနှင့် စစ်သားများ (လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ) ကို ခွဲခြားသတ်မှတ်ရမည်၊ အရပ်သားပိုင်ပစ္စည်းများနှင့် စစ်ရေးဆိုင်ရာပစ္စည်းများကိုလည်း ခွဲခြားသတ်မှတ်ရမည်။ တိုက်ခိုက်မှုများအား စစ်သားများနှင့် စစ်ရေးဆိုင်ရာပစ္စည်းများကိုသာ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးဆိုင်ရာနေရာများကဲ့သို့ အရပ်သားများနှင့် အရပ်သားပိုင်ပစ္စည်းများကို ပစ်မှတ် မထားရပါ။
အချိုးညီမျှမှုသည် တရားဝင်သည့် စစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်သော အချိန်တွင်ပါ လိုက်နာရသည်။ ဤမူဝါဒသည် စစ်ရေးဆိုင်ရာပစ္စည်းကို တိုက်ခိုက်ရာတွင် အရပ်သားများနှင့် အရပ်သားပိုင်ပစ္စည်းများ ထိခိုက်သွားနိုင်သည်ကို လက်ခံသည်။ သို့သော် တိုက်ခိုက်မှုတစ်ခုမှ ရနိုင်မည့် စစ်ရေးအသာရရှိမှုနှင့် နှိုင်းယှဉ်လျှင် အရပ်သားထိခိုက်မှုပမာဏသည် များလွန်းနေပါက ထိုတိုက်ခိုက်မှုကို လုပ်ခွင့်မရှိပေ။ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့များသည် တိုက်ခိုက်မှုမပြုမီ၊ ထိုအချိန်တွင် ရရှိနိုင်သည့် အချက်အလက်များကို အခြေခံ၍ အဆိုပါသုံးသပ်ချက်များကို ပြုလုပ်ရမည် ဖြစ်သည်။
ခွဲခြားသတ်မှတ်မှု သို့မဟုတ် အချိုးညီမျှမှုကို မလိုက်နာပါက တိုက်ခိုက်မှုသည် တရားဝင်မည် မဟုတ်ဘဲ ကြီးလေးသောအမှု များတွင် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည်။