ကျွမ်းကျင်သူများ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်သည့် သက်သေအထောက်အထားများ မပျောက်ပြက်ခင် အချိန်မီ စုဆောင်း
This is an unofficial translation of an article originally published on UN News in English
ဤ ဆောင်းပါးသည် UN News ဝက်ဘဆိုက်မှ မူရင်း အင်္ဂလိပ် ဆောင်းပါးကို ရုံးသုံးဘာသာ မဟုတ်သော မြန်မာဘာသာသို့ ပြန်ဆိုထားသည့် ဆောင်းပါး ဖြစ်ပါသည်။
၂၀၂၁ အောက်တိုဘာ ၁၅
ကုလသမဂ္ဂကခန့်ထားသည့် ကျွမ်းကျင်သူ ၅၉ ယောက်ပါအဖွဲ့သည် မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု မြောက်နိုင်သည့် သက်သေအထောက်အထား နှစ်သန်းကျော်ကို စုဆောင်းလေ့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိသည်မှာ ယခုဆို နှစ်နှစ်ကျော် ရှိလာပြီ ဖြစ်ပါသည်။
ဂျင်ဒါနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု လုပ်ငန်းပိုင်းတွင် အတွေ့အကြုံရှိသည့် လေ့လာဆန်းစစ်သူများ၊ ပြင်ပတွင် အလွယ်တကူ ရရှိနိုင်သော သတင်းရင်းမြစ်များမှ အထောက်အထားများကို ဆန်းစစ်လေ့လာရာတွင် အထူးကျွမ်းကျင်သူများ၊ အဆင့်မြင့် သတင်းအချက်အလက် နည်းပညာစနစ် အသုံးပြုပြီး စုံစမ်းစစ်ဆေးသူများ ပါဝင်သည့် အဖွဲ့သည် ဂျီနီဗာမြို့တွင် လုပ်ဆောင်လျက် ရှိပါသည်။
ဤကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသော အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (Independent Investigative Mechanism for Myanmar) ဟု သိကြပြီး ၂၀၁၈ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ပြဌာန်းဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည်။
ကုလသမဂ္ဂ၏ လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင် Independent International Fact-Finding Mission က တပ်မတော်ဟု သိကြသည့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ‘ပုံစံများကို အထင်အရှား’ တွေ့ရှိခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာများ၏ အခွင့်အရေးကို ချိုးဖောက်သူများ အပါအဝင် ‘လူ့အခွင့်အရေး ကြီးကြီးမားမား ချိုးဖောက်’ ကျူးလွန်သူများကို အရေးမယူနိုင်ခြင်း မရှိစေရဟု ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်တွင် IIMM ကိုဖွဲ့စည်းခဲ့သည်။
IIMM အဖွဲ့သည် တရားရုံးမဟုတ်သလို တရားစီရင်ပိုင်ခွင့်အာဏာရှိသော အဖွဲ့အစည်းလည်းမဟုတ်ပါ။ IIMM အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ ပျောက်ဆုံးနိုင်ဖွယ်ရှိသော သက်သေအထောက်အထားများအား စုဆောင်းသိမ်းစည်းထားပြီး ၎င်းသိမ်းဆည်းထားသည့် အချက်အလက်များကို သက်ဆိုင်ရာနိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများအား ပေးပို့နိုင်ရန် မျှော်လင့်ပါသည်။
IIMM အဖွဲခေါင်းဆောင် Nicholas Koumjian က ပျောက်ဆုံးနိုင်ဖွယ်ရှိသော သက်သေအထောက်အထားများ စုဆောင်းထိန်းသိမ်းမှု၏ အရေးပါပုံကို ကုလသမဂ္ဂသတင်းစဉ် UN News နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကုလသတင်း။ ခင်ဗျားနဲ့ ခင်ဗျားတို့ အဖွဲ့ လုပ်လာတာ အခုဆို နှစ်နှစ်ကျော် ရှိလာပြီ။ ခင်ဗျာတို့ရဲ့ အဓိကဦးတည်ချက်က ဘာလဲ။ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့ပြီးလဲ။
“ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ၂၀၁၉ ဇူလိုင်လမှာ စလုပ်ပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်သူတွေလို့ ယုံကြည်သူတွေကို ခေါ်ယူပြီး ယန္တရားကို တဖြည်းဖြည်းချင်း ဖွဲ့စည်း တည်ဆောက်လာခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေကျွမ်းကျင်သူတွေ၊ ကလေးသူငယ်တွေနဲ့ ဂျင်ဒါပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးသူတွေ၊ အင်မတန် ခက်ခဲနက်နဲတဲ့ နိုင်ငံတကာကိစ္စတွေမှာ အတွေ့အကြုံရှိတဲ့ ခွဲခြမ်းစိတ်ဖြာသူတွေ ပါဝင်ပါတယ်။ နောက်ပြီး ပြင်ပမှာ အလွယ်တကူ ရနိုင်တဲ့ သတင်းရင်းမြစ်တွေကရတဲ့ အထောက်အထားတွေကို ရှာဖွေစုဆောင်းရာမှာ အတွေ့အကြုံရှိသူတွေ၊ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း လက်ဝယ်ရရှိထားတဲ့ အချက်အလက်တွေကို စုဆောင်းသိမ်းဆည်းပြီး၊ အရေအတွက်များပြားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာမှာ အကူအညီပေးပါတယ်။
အခုလောလောဆယ်မှာ ကျွန်တော်တို့ ရရှိထားတဲ့ သက်သေအထောက်အထား ၂ သန်းကျော်ကို စစ်ဆေးနေပြီး ပြောခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိတဲ့ တသီးပုဂ္ဂလတွေနဲ့ဆိုင်တဲ့ ရာဇဝတ်ပြစ်မှု အမှုတွဲ တည်ဆောက်ဖို့ရာ ဖြစ်နိုင်ခြေ ရှိတဲ့ အခြေအနေတွေကို သေချာ လေ့လာဆန်းးစစ်နေပါတယ်။
ကုလသတင်း။ ကနဦး ကောက်ချက်တွေဘာတွေ ချနိုင်ပြီလား။ ဘာတွေများ ပြောပြနိုင်မလဲ။
“ကျွန်တော်တို့အဖွဲ့က တကယ်တမ်းမှာ အချက်အလက်တင်ပြတဲ့အဖွဲ မဟုတ်ပါဘူး။ တရားရုံးမဟုတ်သလို တရားစီရင်တဲ့ အဖွဲ့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့အလုပ်က သက်သေအထောက်အထားတွေကို စုဆောင်းပြီး ပြစ်မှု ကျူးလွန်သူတွေကို မျှမျှတတ တရားစွဲဆိုနိုင်တဲ့ အခွင့်အာဏာရှိတဲ့၊ တရားစွဲဆိုဖို့ ဆန္ဒရှိတဲ့ တရားရုံး၊ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော် စုဆောင်းထားတဲ့ အချက်အလက် အထောက်အထားတွေကို လိုအပ်သလို ထောက်ပံ့ကူညီပေးရန် ဖြစ်ပါတယ်။ [အိမ်နီးချင်း ဘင်းဂလားဒေ့ရှနိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် အများစုရဲ့ ဇာတိဖြစ်တဲ့] ရခိုင်ပြည်နယ်နဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံး (ICC) က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ကမ်းလှမ်းပြီး အဲဒိအတွက် ကျွန်တော်တို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားမျှတမှု ခုံရုံး (ICJ) နဲ့ ပတ်သက်သူတွေကလည်း ကျွန်တော်တို့ ရထားတဲ့ သက်သေအထောက်အထားတွေကို သူတို့နဲ့ မျှဖို့ မေတ္တာရပ်တော့ ကျွန်တော်တို့လည်း အခြေအနေကို စဥ်းစားပါတယ်။ အဲဒီကိစ္စမှာ တရားသူကြီးတွေ အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ဖို့ ကျွန်တော်တို့ ကူညီချင်ပါတယ်။ ဒါ့ကြောင့် ဆီလျော်မှုရှိတဲ့ သက်သေအထောက်အထားတွေကို သူတို့ကို ပေးပို့ဖို့ရာ ရှာဖွေပေးဖို့ သဘောတူထားပါတယ်။ ဒီလိုကူညီရာမှာလည်း အချက်အလက်တွေကို ပေးပို့သူတွေရဲ့ ခွင့်ပြုမှုရရှိမှသာ အဆိုပါ ခုံရုံးကို ပေးပို့မှာ ဖြစ်ပါတယ်။
ကုလသတင်း။ မြန်မာနိုင်ငံထဲကို ဝင်ခွင့်မရဘဲနဲ့ ဒီလုပ်ငန်းစဉ်ကို ဘယ်လိုများ ဆောင်ရွက်နေသလဲဆိုတာကို ပြောပြပေးပါလား။
“မြန်မာနိုင်ငံထဲ ဝင်ခွင့်မရတာ အဆင်မပြေပါဘူး။ လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အထူးတလည် တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ကို ဝင်ခွင့်ပြုပြီး လုပ်ငန်းဆောင်ရွက်ခွင့်ပြုဖို့၊ တိုင်းပြည်ထဲမှာရှိတဲ့ အမှုအခင်း ဖြစ်ပွားခဲ့တဲ့နေရာတွေ၊ မျက်မြင်သက်သေတွေကို တွေ့ဆုံခွင့်ရဖို့ မြန်မာအစိုးရကို အကြိမ်ကြမ်တောင်းဆိုခဲ့သလို ဆက်လက်ပြီးတော့လည်း တောင်းဆိုသွားမှာပါ။
ကုလသတင်း။ မကြာခင် မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့် ရမယ်လို့ရော မျှော်လင့်ပါသလား။
“လောလောဆယ်တော့ ဝင်ရောက်ခွင့်ရမယ်လို့ ကျွန်တော်တို့ မမျှော်လင့်ပါဘူး။ ကျွန်တော့ အတွေ့အကြုံအရ ပြောရရင် နိုင်ငံတကာ ပြစ်မှု ဥပဒေလောကမှာ၊ ယေဘုယျအားဖြင့် သမိုင်းနဲ့ချီပြီးပြောရရင် အနာဂတ် ဘာဖြစ်လာမလဲဆိုတာ မှန်းရတာ အင်မတန် ခက်ပါတယ်။ အခြေအနေတွေက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြောင်းချင် ပြောင်းသွားတတ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံထဲ ဝင်ခွင့်ရဖို့ ဆက်ကြိုးစားသွားမယ်။ အခြေအနေတွေ တကယ် ပြောင်းလဲသွားပြီး နောက်ဆုံး တိုင်းပြည်ထဲ ဝင်ရောက်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကုလသတင်း။ ဖေဖော်ဝါရီလ အာဏာသိမ်းမှုက ခင်ဗျားတို့အလုပ်ပေါ် ရိုက်ခတ်မှု တစုံတရာ ရှိလား။ ရှိရင် ဘယ်ပုံဘယ်နည်း ရိုက်ခတ်သလဲဆိုတာ ပြောပြပါအုံး။
“အာဏာသိမ်းမှု စဖြစ်တော့ အုပ်ချုပ်သူ အစိုးရ ပြောင်းသွားတာ၊ ဖွဲ့စည်းပုံနဲ့အညီ အာဏာရထားတဲ့ အစိုးရအဖွဲ့ ဖြုတ်ချခံရတာ၊ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ၊ ဒီမိုကရေစီနဲ့ ညီမညီ စတဲ့မေးခွန်းတွေဟာ ကျွန်တော်တို့ ရထားတဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲမှာ ရှိမနေပါဘူး။ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုကြီးတွေ၊ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုကြီတွေကသာ ကျွန်တော်တို့ လုပ်ပိုင်ခွင့်နဲ့ သက်ဆိုင်ပါတယ်။
သို့သော်လည်း နိုင်ငံရေးပဋိပက္ခတွေမှာ အရပ်သားတွေအပေါ်ပြစ်မှုကျူးလွန်ခဲ့တာတွေ မြန်မာ့သမိုင်းမှာ ရှိခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်တယ်၊ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။
ခုဟာက မြန်မာနိုင်ငံ တနံတလျားမှာ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ နေရာအနှံမှာ စနစ်တကျ အကွက်ချ ကျူးလွန်တာတွေကို တွေ့နေရပါတယ်။ အဲဒိအတွက် သက်သေအထောက်အထား အချက်အလက်တွေကို ကျွန်တော်တို့ စုဆောင်းနေပါတယ်။
သတင်းရင်းမြစ်ပေါင်းစုံက သူတို့ဆန္ဒအလျောက် ကျွန်တော်တို့ကို ဆက်သွယ်ပြီး အချက်အလက် အထောက်အထားတွေကို ပို့ပေးနေပါတယ်။
တချို့လည်း ကျွန်တော်တို့အဖွဲ့က လှမ်းဆက်သွယ်ခဲ့ပါတယ်။ အာဏာသိမ်းပြီး လအနည်းငယ်အတွင်းမှာကိုပဲ ကျွန်တော်တိုဆီ ဆက်သွယ်မှုပေါင်း ၂၀၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒိအတွက် ကျွန်တော်တို့ ဝန်ပိုကြီးလာသလို တဘက်ကလည်း ကျွန်တော်တို့နဲ့ စကားပြောချင်တဲ့ တသီးပုဂ္ဂလတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်းတွေ ရလာပါတယ်။ နောက်ပြီး မြန်မာနိုင်ငံထဲမှာ ဖြစ်ခဲ့တာတွေ၊ လက်ရှိဖြစ်နေတာတွေကို မျက်မြင်တွေ့ရှိထားသူတွေ၊ အထောက်အထားရှိတဲ့သူတွေနဲ့လည်း ဆက်သွယ်ဖို့ ပိုပြီးအခွင့်အရေး ရလာပါတယ်။ ဒီအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အခွင့်အလမ်းတွေ ပေါ်လာခဲ့ပါတယ်။
ကုလသတင်း။ ခင်ဗျားတို့ရဲ့ Mechanism သာ မရှိရင် အခု ခင်ဗျားတို့ လုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ခင်ဗျားတို့ ပြုစု စုဆောင်းနေတဲ့ သတင်းအချက်အလက်တွေကို စုံစမ်းစစ်ဆေးဖို့၊ ပြုစု စုဆောင်းဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောရင် မှန်မလား။
အမှန်ပါပဲ။ ဒီလိုပြောလို့ရတယ်လို့ ကျွန်တော်တော့ အပြည့်အဝ ယုံကြည်ပါတယ်။
ကျွန်တော် နိုင်ငံတကာစစ်ခုံရုံးတွေ၊ တာဝန်ခံမှုရှိရေးဆိုင်ရာ လုပ်ငန်းမျိုးစုံမှာ ပါဝင်လုပ်ကိုင်ခဲ့ဖူးပါတယ်။ အဲဒိ ပဋိပက္ခတွေမှာ ကျွန်တော်တို့ တွေ့ရှိခဲ့တာကတော့ သတင်းအချက်အလက်သက်သေခံ အထောက်အထားတွေကို အချိန်မနှောင်းခင် စုဆောင်းထိန်းသိမ်းဖို့က အရမ်းအရေးကြီးပါတယ်။ မှုခင်းဖြစ်ပွားရာနေရာတွေ ပျောက်ပြက်သွားနိုင်သလို သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေလည်း ယိုယွင်းပျက်စီးသွားနိုင်ပါတယ်။ အလားတူပဲ ဒဏ်ရာတွေကျက်သွားနိုင်သလို လူတွေရဲ့မှတ်ဉာဏ်တွေလည်း ဝေဝါးသွားနိုင်ပါတယ်။ သတင်းအချက်အလက်တွေ ပိုင်ဆိုင်ထားတဲ့ မျက်မြင်သက်တွေလည်း သူတို့ဆီက ဘာအချက်အလက်မှ မစုဆောင်းလိုက်ရခင်မှာ ကွယ်လွန်ဆုံးပါးသွားနိုင်ပါတယ်။
ဒါကြောင့်မို့ သက်သေအထောက်အထားတွေကို ပြုစု စုဆောင်းလို့ ရခိုက်မှာ အမြန်ဆုံး စုဆောင်းထိန်းသိမ်းထားဖို့ လိုပါတယ်။ ဘာလို့ဆို နိုင်ငံတကာမှာ တရားမျှတမှုရဖို့ဆိုတာ အချိန်ကာလ အင်မတန်မှ ရှည်လျားတဲ့ ဖြစ်စဥ်တစ်ခုမို့ပါ။
ကမ္ဘောဒီးယားက တရားစီရင်ရေး ခမာနီခုံရုံးမှာ ပူးတွဲ တရားလိုရှေ့နေ လုပ်နေရာကနေ အခု ကျွန်တော် မြန်မာ ယန္တရားကို ရောက်လာပါတယ်။ ဒီခမာခုံရုံးက ၁၉၇၅-၇၉ က ဖြစ်ပွားခဲ့တဲ့ ပြစ်မှုကျူးလွန်မှုတွေကို တရားစီရင်စစ်ဆေးပါတယ်။
၂၀၁၉ ခုနှစ်မှာ နှစ် ၄၀ ကျော်ကြာပြီးတာတောင် ဒီတရားစီရင်ရေးက ဆက်လက်လုပ်ဆောင်နေသလို သက်သေအထောက်အထားတွေကိုလည်း ဆက်လက်အသုံးပြုနေဆဲပါ။ ကံကောင်းတာက DC-Camလို့ ခေါ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဒီသက်သေအထောက်အထားတွေကို ၁၉၉၀ ဝန်းကျင်က စပြီးစုဆောင်းခဲ့လို့ ကျွန်တော်တို့ကို အများကြီး အထောက်အကူပေးပါတယ်။
ဆိုတော့ ကျွန်တော်တို့ အခုလုပ်နေတဲ့ အလုပ်က သိပ်ကို အရေးကြီးတယ်လို့ ယူဆပါတယ်။ အထောက်အထားတွေကို ပြုစု ထိန်းသိမ်းထားပြီး တချိန်ချိန်မှာ တရားရုံးတွေမှာ ဒီအထောက်အထားတွေကို အသုံးပြုပြီး ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစီရင်ရာမှာ အများကြီးအထောက်အကူပြုမှာပါ။ နှစ် ၄၀ ထက် အများကြီး စောပြီး တရားမျှတမှု ရရှိလာမယ်လို့ မျှော်လင့်ပါတယ်။
ကုလသတင်း။ သတင်းအချက်အလက်တွေ၊ အထောက်အထားတွေ ဆိုပြီး ခင်ဗျားပြောတဲ့အခါ ဘယ်လို အချက်အလက် အထောက်အထားကို ပြောတာလဲ။ အီလက်ထရောနစ် ဆက်သွယ်ရေး အချက်အလက်တွေလား။ မှုခင်းဆိုင်ရာ သက်သေအထောက်အထားတွေလား။
“အဲဒါကတော့ မျိုးစုံရှိပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းဆီက စုဆောင်းသလို၊ တခါတလေလည်း ဆက်သွယ်မေးမြန်းပါတယ်။ နောက်တခါ အချက်လက်တွေကို သူတို့ဘာသာ အရင်က စုဆောင်းထားတဲ့ တခြားအဖွဲ့အစည်းတွေဆီက ရထားတဲ့အချက်အလက်တွေကို ပေါင်းစည်းပြီး၊ လေ့လာသုံးသပ်ပါတယ်။ နောက်ဆုံးပေါ် ခေတ်မှီနည်းပညာကိုအသုံးပြုပြီး ဒစ်ဂျစ်တယ် သတင်းအချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ပြီး လေ့လာဆန်းစစ်ပါတယ်။ ဗီဒီယို ရိုက်ကူးထားတဲ့နေရာကို ကျွန်တော်တို့ သတ်မှတ်နိုင်ပါတယ်၊ မူရင်းဗီဒီယိုကနေ ပွားထားတာတွေကိုလည်း ကျွန်တော်တို့ သိနိုင်ပါတယ်။ ဘာလို့ သိနိုင်လဲဆိုတော့ ထောင်သောင်းချီတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ကျွန်တော်တို့ ရထားလို့ပါပဲ။ အဲဒီလို လုပ်ဖို့က သိပ်အရေးကြီးပါတယ်။”
ကုလသတင်း။ ဒီသချက်အလက် အထောက်အထားတွေကို အရပ်ဘက် အဖွဲ့အစည်းတွေက ရတာလား။ တိုင်းပြည်ထဲက သာမန်ပြည်သူတွေဆီက ရတာပဲလား။
“သတင်းအရင်းအမြစ် အစုံက ရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ အခြေခံအကျဆုံးမူတစ်ခုက ကျွန်တော်တို့ဆီကို ပေးပို့သူတွေ ဘယ်သူဘယ်ဝါဆိုတာ၊ ဘယ်အဖွဲ့အစည်းဆိုတာကို ထုတ်ဖော်မပြောဖို့ပါ။ ကျွန်တော်ပြောချင်တာက အရပ်ဖက်အဖွဲ့အစည်းတွေ၊ စီပွားရေးလုပ်ငန်းတွေ၊ တသီးပုဂ္ဂလတွေ တော်တော်များများစုံပါတယ်။”
ကုလသတင်း။ တရားမျှတမှုဆိုပြီး ခင်ဗျားပြောပါတယ်။ အခု မြန်မာနိုင်ငံကိစ္စမှာ တရားမျှတမှုဆိုတာ ဘယ်လိုပုံစံ ဖြစ်မလဲ။
ကမ္ဘာတဝှမ်းက တခြားပဋိပက္ခတွေ ဖြစ်ပွားရာနေရာတွေမှာလို မြန်မာပြည်မှာလည်း လူအတော်များများဟာ ဒုက္ခခံနေရပါတယ်။ တချို့လည်း ဆက်ပြီး ဒုက္ခခံနေကြရဆဲပါ။ မိမိနေအိမ်ကို စွန်ခွာထွက်ပြေးပြီး ပြည်ပမှာ တချို့လည်း ပြည်တွင်းမှာ နေနေကြရပြီး ကိုယ့်အိမ်ကိုယ်ပြန်ချင်တဲ့ ဒုက္ခသည်တွေ သိန်းချီ ရှိနေပါတယ်။
ကံဆိုးတာက အဲဒီရာဇဝတ်မှုတွေဟာ တိုင်းပြည်ထဲ တနည်းတဖုံ ဆက်ဖြစ်ပွားနေတော့ သူတို့ အိမ်ပြန်ဖို့ စိတ်မချရသေးပါဘူး။
တရားမျှတမှုရဲ့ အစိတ်အပိုင်းတစ်ခုက အရင်တုန်းက ရာဇဝတ်မှု ကျူးလွန်ပြီး ဘာအကျိုးဆက်မှ မကြုံရသူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရစေပြီး နောက်နောင် ဒီလို လုပ်ရပ်မျိုးတွေကို ဟန့်တားရာရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ မြန်မာပြည်သူပြည်သားတွေ အတွက်လည်း ဒီရာဇဝတ်မှုတွေ အဆုံးသတ်ပြီး သူတို့ကိုယ်တိုင် သူတို့ မိသားစုတွေကိုယ်တိုင် ခံစားခဲ့ရတဲ့ ဒုက္ခတွေအတွက် တရားမျှတမှု ရရှိဖို့ မျှော်လင့်နိုင်မှာပါ။