ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းသည့်စာတမ်း
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian ၏ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်စာတမ်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ဥက္ကဌကြီးနဲ့
ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ ဆဌမမြောက်နှစ်ပတ်လည် အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အကြိမ်ပိုတိုးကာ၊ ပိုမိုရက်စက်စွာ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို ယန္တရားက တွေ့ရှိထားပါတယ်။ ဒီဖြစ်ရပ်တွေမှာ အရပ်သားတွေဟာ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေကိုသာ ကြုံရရုံမဟုတ်ဘဲ၊ သူတို့ကို ကြောက်ရွံ့စေဖို့လို့ ထင်ရတဲ့ ဦးတည်ထားတိုက်ခိုက်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက နိုင်ငံအနှံ့ ပိုမိုပြင်းထန်နေပါတယ်။ စစ်ကိုင်းတိုင်းက မင်္ဂလာဆောင်တစ်ခုနဲ့ ဘုန်းကြီးကျောင်းတွေရယ်၊ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရယ်၊ ပြီးတော့ ကယား၊ ကရင် နဲ့ ချင်းပြည်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ လေယဉ်ကနေ ဗုံးကြဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ညစျေးတစ်ခုအနီး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ရပါတယ်။
ထောင်ချီတဲ့ ဖမ်းဆီးခံထားရသူတွေကို နှိပ်စက်ညှဥ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ကြောင်း သတင်းပေးပို့ချက်နဲ့ ထွက်ဆိုချက်များစွာကို ယန္တရားက စုဆောင်းထားပါတယ်။ ရိုက်နှက်ခြင်း၊ လျှပ်စစ်နဲ့ ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်းနဲ့ လက်သည်းတွေကိုပလာယာနဲ့ ဆွဲထုတ်ပြီး နှိပ်စက်ခြင်း တွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့ပါတယ်။ ဂျင်ဒါအားလုံးထဲက ထိခိုက်ခံရသူတွေနဲ့ ကလေးတွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ ခန္ဓာကိုယ် လိင်အင်္ဂါအစိတ်အပိုင်းတွေကို မီးရှို့ခြင်း၊ အခြား အကြမ်းဖက်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြုရာဇ၀တ်မှုတွေ ကျူးလွန်ဆောင်ရွက်တဲ့ အထောက်အထားတွေကိုပါ ရရှိထားပါတယ်။
မြန်မာနိုင်ငံအနှံ့ စစ်ရေးအရှိန် မြင့်တက်နေပြီး၊ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားထောင်နဲ့ချီကာ ထိခိုက်လျက်ရှိပါတယ်။ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ ရွာမီးရှို့မှုစတဲ့ ကြောက်မက်ဖွယ် သတင်းပေးပို့ချက်တွေကို ယန္တရားက အထူးအားစိုက် စုံစမ်းစစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးစုအားလုံး ဒုက္ခရောက်နေကြပါတယ်၊ ဒါပေမဲ့လည်း ပြည်တွင်းလက်ကျန် ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား အထူးအန္တရာယ်များတဲ့ အခြေအနေကို ကြုံတွေ့နေပါတယ်။ သူတို့တွေဟာ တိုက်ရိုက် ပစ်မှတ်ထားခံရပြီး အတင်းအကြပ်ဆောင်ရွက်မှုကြောင့် ထောင်ပေါင်းများစွာဟာ မိမိတို့နေအိမ်တွေကနေ စွန့်ခွာကြရပါတယ်။
ပြီးခဲ့တဲ့လအတွင်း ပျံ့နှံ့ခဲ့တဲ့ဗွီဒီယိုတစ်ခုမှာ မြန်မာနိုင်ငံကထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာတွေကို ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်အပြီးအခြေအနေတွေကို ရိုက်ပြထားတာဟာ အထူးတုန်လှုပ်ဖွယ်ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးအများစုပါဝင်တဲ့ ရုပ်အလောင်း ဒါဇင်ပေါင်းများစွာကို မြစ်ကမ်းတလျှောက် ခရီးဆောင်အိတ်တွေရဲ့ဘေးတွေမှာ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။ သေဆုံးသူတွေဟာ အရပ်သားတွေဆိုတာ သိသာထင်ရှားနေပါတယ်။ ဒီတိုက်ခိုက်မှုကို စစ်ရေးရည်ရွယ်ချက်ကြောင့် လုပ်ဆောင်တယ်ဆိုတာ ယုံကြည်ဖို့ ခဲယဥ်းလှပါတယ်။ ကျွန်တော်တို့အနေနဲ့ အထောက်အထားတွေက ညွှန်ပြတဲ့အတိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး၊ ကျူးလွန်သူတွေရဲ့ လူမျိုးနဲ့ နိုင်ငံရေးက ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူတို့တွေကို ဖော်ထုတ်နိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းသွားမှာပါ။
ဥက္ကဌကြီးခင်ဗျာ
ဒီနေ့ ရခိုင်ပြည်နယ်နဲ့ နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့အဖြစ်အပျက်တွေဟာ ဆယ်စု နှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးမယူနိုင်တာဟာ ရာဇဝတ်မှုပြုကျင့်ဆောင်ရွက်မှုတွေ ထပ်မံဖြစ်ပွားဖို့ လှုံ့ဆော်ပေးပါတယ်။
ဒီပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို တိုက်ဖျက်နိုင်ဖို့ရာ၊ ရိုဟင်ဂျာတွေနဲ့ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုမှုလုပ်ဆောင်နေတဲ့ နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက အာဏာပိုင်တွေဆီ အထောက်အထားနဲ့ စိစစ်သုံးသပ်ချက်မျှဝေမှုကို ကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်ပါတယ်။ ဒီနေ့အထိ အထောက်အထားနဲ့ အချက်အလက် တစ်သန်းကျော်ပါဝင်တဲ့ ဖိုင်တွဲပေါင်း (၈၀) ကျော်ကို ကျွန်တော်တို့ မျှဝေပြီးဖြစ်ပါတယ်။
ကျွန်တော်တို့လုပ်ငန်းမှာ သိသာတဲ့တိုးတက်မှုတွေရှိနေသလို အခက်အခဲများစွာကိုလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုဖြစ်ပွားတဲ့နေရာတွေကို ဝင်ခွင့်မရသေးသလို၊ သက်သေတွေနဲ့လည်း တွေ့ဆုံခွင့်မရှိသေးပါ။ နိုင်ငံတွင်းက အချက်အလက်တွေကို လုံခြုံစွာရရှိဖို့ကလည်း ခက်ခဲနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေလည်း အန္တရာယ်တွေကြားက ဆက်သွယ်နေရပါတယ်။
ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ရာ၊ ဆန်းသစ်ပြီး ခေတ်အမီဆုံးနည်းပညာတွေကို အသုံးပြုဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ ဂြိုလ်တုပုံရိပ်တွေနဲ့ ဆိုရှယ်မီဒီယာပို့စ်တွေအပါအဝင် စုဆောင်းထားတဲ့ ဒစ်ဂျစ်တယ်အချက်အလက် အများအပြားကို စစ်ဆေးအတည်ပြုဖို့ အထူးပြုအဖွဲ့တစ်ဖွဲ့ ထားရှိပါတယ်။ ဒီနောက် ဒီအထောက်အထားတွေကို သက်သေနဲ့ထိခိုက်နစ်နာသူတွေ အပါအဝင် ရင်းမြစ်ပေါင်း (၉၀၀) ကျော်ကပေးတဲ့ ထွက်ဆိုချက် (၄၀၀) ကျော်က အချက်အလက်တွေနဲ့ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးပါတယ်။ အချက်အလက်စုဆောင်းခြင်း၊ စိစစ်သုံးသပ်ခြင်းနဲ့ မျှဝေခြင်းလုပ်ငန်းတွေကို ပိုမိုထိရောက်ပြီး လုံခြုံမှုရှိစေဖို့ ကျွန်တော်တို့ရဲ့ လုပ်ငန်းအချို့ကို စက်နဲ့ အလိုအလျောက် လုပ်ဆောင်ပါတယ်။
ကျွန်တော်တို့ဆီကို မိမိရဲ့အသက်နဲ့ လွတ်လပ်ခွင့်ဆုံးရှုံးနိုင်တဲ့အန္တရာယ်ကို စွန့်စားပြီး ရဲရင့်စွာ သတင်းအချက်အလက်မျှဝေပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ရပါတယ်။ သူတို့တွေရဲ့ အကူအညီမပါဘဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် သူတို့ရဲ့ ဘေးကင်းလုံခြုံမှုက အရေးကြီးဆုံးဖြစ်တာကြောင့် ကျွန်တော်တို့နဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို လျှို့ဝှက်စွာထားရှိပြီး လုံခြုံမှုအရှိဆုံးဖြစ်စေဖို့ အဆင့်အမြင့်ဆုံး နည်းပညာကို အသုံးပြုနေပါတယ်။
ဥက္ကဌကြီးခင်ဗျာ
လူ့အခွင်အရေးကောင်စီအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ကြောက်မက်ဖွယ် ရာဇ၀တ်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ယန္တရားဖွဲ့စည်းမှုရဲ့ အကြောင်းခံဖြစ်တဲ့ ရိုဟင်ဂျာ ရှင်းလင်းစစ်ဆင်ရေး ဖြစ်ခဲ့တာလည်း ခုနစ်နှစ်ကြာပြီဖြစ်သလို၊ စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးနှစ်ခွဲကြာခဲ့ပါပြီ။ ဒါပေမဲ့လည်း အကြမ်းဖက်မှုတွေသာ ပိုတိုးနေပါတယ်။ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေကြပြီး အိမ်နီးချင်းနိုင်ငံတွေလည်း နယ်စပ်ဖြတ်ကျော်ထွက်ပြေးကြသူတွေရဲ့ ဝန်ကို ထမ်းပိုးနေရပါတယ်။ ရှင်းရှင်းပြောရရင် စကားလုံးတွေသက်သက်က မလုံလောက်ပါ။ အဖွဲ့ဝင်နိုင်ငံအားလုံး၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းနေတဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ အားထုတ်မှုတွေကို ပံ့ပိုးပေးဖို့၊ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့အတွက် အကူအညီပေးဖို့ လိုအပ်နေပါတယ်။
ကျေးဇူးတင်ပါတယ်။