အာဂျင်တီးနားတရားရုံးရှိအမှု
အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ကို အသုံးပြု၍ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ များအပေါ် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်များကို စတင် စုံစမ်းစစ်ဆေးသော ပထမဦးဆုံးနိုင်ငံဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာဒုက္ခသည်များကိုယ်စား မြန်မာရိုဟင်ဂျာအဖွဲ့ UK က ပန်ကြားလွှာ တစ်ခုကို အာဂျင်တီးနားတရားရုံးများထံ တင်သွင်းခဲ့သည်။ ထိုပန်ကြားလွှာတွင် ရိုဟင်ဂျာများအား ကျူးလွန်ခဲ့သည့် လူမျိုးပြုန်းစေမှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများတွင် မြန်မာစစ်တပ်နှင့် အရပ်ဘက်ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုထားသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အာဂျင်တီးနားနိုင်ငံ၏ ဖက်ဒရယ် ရာဇဝတ်ခုံရုံးမှ တရားသူကြီးတစ်ဦးသည် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဤစုံစမ်းစစ်ဆေးရေးအာဏာကို ဗဟိုအစိုးရရှေ့နေရုံးသို့ လွှဲပြောင်းခဲ့သည်။ ထိုအချိန်မှစ၍ ယန္တရားသည် အာဂျင်တီးနားတရားရုံး၏ အကူအညီတောင်းခံမှုများကို အထောက်အထားများ မျှဝေပြီး ပံ့ပိုးခဲ့သည်။
ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့် ဆိုတာဘာလဲ။
ဤသဘောတရားအရ၊ အချို့ရာဇဝတ်မှုများသည် အလွန်ကြီးလေးပြင်းထန်သော သဘောသဘာဝ ရှိသောကြောင့် နိုင်ငံအချို့သည် ၎င်းတို့နှင့်ဆက်စပ်မှုမရှိသည့်တိုင်၊ ကျူးလွန်သူများအား ၎င်းတို့နိုင်ငံ များ၏ တရားဥပဒေပေါ်မူတည်၍ တရားစွဲဆိုမှု လုပ်ကောင်းလုပ်နိုင်သည်။ ဆိုလိုသည်မှာ၊ ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ကို အခြေခံ၍ ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူ များကို အခြားနိုင်ငံတစ်ခုမှ တရားစွဲဆိုနိုင်သည်။ ပြစ်မှုကျူးလွန်ခဲ့သည့်နေရာ သို့မဟုတ် ကျူးလွန်သူနှင့် ထိခိုက်နစ်နာသူများ၏ နိုင်ငံသားဖြစ်မှုများကို ထည့်သွင်းစဥ်းစားရန် မလိုအပ်ပါ။
နောက်ထပ်အချက်အလက်များ သိလိုပါက OHCHR ဝက်ဘ်ဆိုဒ်သို့ ဝင်ကြည့်ပါ။
ယန္တရားသည် ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ဖြင့် စွဲဆိုသောအမှုများကို ဘယ်လိုပံ့ပိုးပေးသလဲ။
ယန္တရားသည် မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများနှင့်ပတ်သက် ပြီး ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ဖြင့် စွဲဆိုသောအမှုများတွင် ပံ့ပိုးနိုင်သည့် လုပ်ပိုင်ခွင့် ရရှိထားသည်။ အဆိုပါ တရားစွဲဆိုမှုသည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး၊ သေဒဏ်မချမှတ်ဘဲ တရားမျှတသောစီရင်မှုဖြစ်စေသော အခြေခံအာမခံချက်များ ပေးထားပါက၊ ယန္တရားသည် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူ၊ တရားစွဲဆိုသူ သို့မဟုတ် တရားရေးအာဏာပိုင်များထံ အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များ မျှဝေပေးသည်။
အခြားတိုးတက်ဖြစ်ပေါ်မှုများ
တူရကီ
၂၀၂၂ ခုနှစ် မတ်လတွင် Myanmar Accountability Project သည် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်၍ အစ္စတန်ဘူလ်ရှိ အစိုးရရှေ့နေရုံးထံ တိုင်ကြားခဲ့သည်။ တူရကီ အာဏာပိုင်များသည် အဆိုပါတိုင်ကြားချက်အား မတုံ့ပြန်သေးပါ။
ဂျာမနီ
၂၀၂၃ ခုနှစ် ဇန်နန်ဝါရီလတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights ၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံမှ လျှောက်ထားသူ (၁၆) ဦးသည် မြန်မာစစ်တပ်ထိပ်ပိုင်းအရာရှိများ ကျူး လွန်သည့် ရာဇ၀တ်မှုများအတွက် တိုင်ကြားစာတစ်စောင်ကို ဂျာမနီနိုင်ငံ ဖက်ဒရယ်အစိုးရရှေ့နေ ချုပ်ထံ တင်သွင်းခဲ့သည်။ ဖက်ဒရယ် အစိုးရရှေ့နေသည် ဤတိုင်ကြားချက်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ လတွင် ပယ်ချခဲ့သည်။
ဖိလစ်ပိုင်
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ထိခိုက်နစ်နာသူငါးဦးနှင့် ၎င်းတို့၏မိသားစုများသည် မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းတရားစွဲဆိုရေးဌာနတွင် ပူးတွဲရာဇ၀တ်မှု တိုင်ကြားချက်တစ်ခု တင်သွင်းခဲ့သည်။ ဖိလစ်ပိုင် အာဏာပိုင်များက အဆိုပါတိုင်ကြားချက်အား တုံ့ပြန်မှု မရှိသေးပေ။
ယူကေ
ယူကေနိုင်ငံ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနချုပ်သည် ဘင်္ဂလားဒေ့ရှ်/ မြန်မာ အမှုအပါအဝင် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် စုံစမ်းစစ်ဆေးနေသည့် အမှုတိုင်း၏ ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေသည်။ ဆိုလိုသည်မှာ ဖြစ်နိုင်ခြေရှိ သော သက်သေများကို ဖော်ထုတ်ပြီး စွပ်စွဲထားသောပြစ်မှုများကို စစ်ဆေးမည်ဖြစ်သည်။
Recent Comments