Select Page

သက်သေများ

အင်တာဗျူးများ

သက်သေများ၏ အင်တာဗျူးဖြေဆိုချက်များသည် တန်ဖိုးရှိသောသတင်းရင်းမြစ်များဖြစ်ပြီး ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုကျူးလွန်သူများကို တရားစီရင်နိုင်ရန် အမှုများတည်ဆောက်ရာတွင် အရေးပါသည်။

အရေးကြီးပြီးအကဲဆတ်သည့်အချက်အလက်များကို မျှဝေပေးလိုသူများသည်  လုံခြုံစွာအချက်အလက်မျှဝေပေးနိုင်မည့်နည်းလမ်းကိုသိရှိရန် ယန္တရားထံ ဦးစွာ ဆက်သွယ်မေးမြန်းစေလိုပါသည်။

ယန္တရားသည် သက်သေများ စိတ်ထိခိုက်မှုထပ်တလဲလဲမဖြစ်စေရန် အခြားအဖွဲ့အစည်းများမှ အင်တာဗျူးလုပ်ပြီးသောသက်သေများထံမှ တူညီသောထွက်ဆိုချက်များ ထပ်မံရယူခြင်းကို ရှောင်ကြဥ်ပါသည်။ ထွက်ဆိုချက်များရယူသည့်အခါ ယန္တရား၏ရှေ့နေများနှင့် စုံစမ်းစစ်ဆေးသူများက အဖွဲ့လိုက်ဆောင်ရွက်ပြီး လိုအပ်သည့်အခါ မြန်မာဘာသာစကားပြန်က ကူညီပါသည်။ သက်သေများအနေဖြင့် မေးခွန်းပြန်မေးရန်၊ ၎င်းတို့၏ လုံခြုံရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပြောကြားရန် တိုက်တွန်းအားပေးပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်သေများ၏အတွေ့အကြုံများကိုနားထောင်ပြီး အချက်အလက်များကို ရှင်းရှင်းလင်းလင်းနားလည်နိုင်ရန် နောက်ဆက်တွဲမေးခွန်းများကို မေးမြန်းပါသည်။ ထွက်ဆိုချက်များကို တိကျစွာမှတ်တမ်းတင်နိုင်ရန် ထွက်ဆိုချက်အပြည့်အစုံကို ပြန်လည်ဖတ်ရှုပြပြီး သက်သေက လက်မှတ်ရေးထိုး အတည်ပြုရပါသည်။ လူတွေ့အင်တာဗျူးများမှရရှိသော လက်မှတ်ရေးထိုးအတည်ပြုထားသည့် သက်သေထွက်ဆိုချက်များသည် မည်သည့်တရားရုံး သို့မဟုတ် ခုံရုံးတွင်မဆို လက်ခံနိုင်ခြေအရှိဆုံး အထောက်အထားများ ဖြစ်ပါသည်။

ယန္တရားသည် ဘေးကင်းလုံခြုံရန်နှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကိုထိန်းသိမ်းရန် သက်သေ၏ထွက်ဆိုချက် များကို လုံခြုံလျှို့ဝှက်စွာ သိမ်းဆည်းထားပါသည်။ ထိုထွက်ဆိုချက်များကို အင်တာဗျူးပေးသူများ၏ ခွင့်ပြုချက် ဖြင့်သာ သက်ဆိုင်ရာတရားရုံးများ သို့မဟုတ် ခုံရုံးများထံ မျှဝေပါသည်။

အကာအကွယ်ပေးရေးနှင့် ပံ့ပိုးကူညီရေး

ယန္တရားသည် သက်သေများအား အကာအကွယ်ပေးရေးနှင့် ပံ့ပိုးကူညီရေးကို ဦးစားပေးဆောင်ရွက်ပါသည်။

ယန္တရားသည် သက်သေများအား အကာအကွယ်ပေးခြင်းအပြင် လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာပံ့ပိုးရေးအတွက် အထူးပြုကျွမ်းကျင်မှုများဖြင့် ဆောင်ရွက်ပါသည်။ ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် သက်သေများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး မထိခိုက်စေရန် မိမိတို့လုပ်နိုင်သည့် အတိုင်းအတာအတွင်း အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး သက်သေများကို အခြားပံ့ပိုးကူညီသည့်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ပေးပါသည်။ သို့သော်လည်း ယန္တရား၌ သက်သေများ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး သို့မဟုတ် ဘေးကင်းရေးကို အာမခံပေးရန် လုပ်ပိုင်ခွင့် သို့မဟုတ် အာဏာ မရှိပါ။

ထိခိုက်နစ်နာသူများအား အတတ်နိုင်ဆုံး စိတ်ဒဏ်ရာထပ်မဖြစ်စေရန် ယန္တရား၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာသူဗဟိုပြုချဉ်းကပ်မှုကို ထည့်သွင်းလုပ်ဆောင်ပါသည်။ ယန္တရား၏ကျွမ်းကျင်သူများသည် လိုအပ်ချက်များကိုအကဲဖြတ်ခြင်း၊ ကျရောက်နိုင်သည့်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ပြီး သက်ရောက်မှုလျှော့ချခြင်းဖြင့် သက်သေများအား ပံ့ပိုးကူညီပြီး စွမ်းရည်မြှင့်တင်ပေးသည့် အသိုက်အဝန်းတစ်ခုကို ဖော်ဆောင်ပါသည်။ အထူးသဖြင့်၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ သို့မဟုတ် ကလေးသူငယ်များအပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကြုံတွေ့ခဲ့ရသည့် သက်သေများအတွက် ဂရုတစိုက် ဆောင်ရွက်ပါသည်။