Select Page

IIMM ဆိုတာ ဘာလဲ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကြီးလေးသော နိုင်ငံတကာ ရာဇ၀တ်မှုမြောက်သည့် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြထားသည့် အစီရင်ခံစာများ အား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယန္တရား၏ လုပ်ပိုင်ခွင့်မှာ အောက်ဖော်ပြပါလုပ်ငန်းများကို သမာသမတ်ကျပြီး လွတ်လပ်စွာ လုပ်ဆောင်ရန် ဖြစ်သည်။

  • တရားမျှတပြီး လွတ်လပ်သော ရာဇ၀တ်မှုဆိုင်ရာတရားစွဲဆိုမှုများဆောင်ရွက်ရာတွင် ပံ့ပိုးကူညီရန်နှင့် လွယ်ကူချောမွေ့စေရန် သက်ဆိုင်ရာ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများ သို့မဟုတ် ခုံရုံးများသို့ မျှဝေရန် အမှုတွဲများ ပြင်ဆင်ခြင်း။

  • ရာဇ၀တ်မှုဆိုင်ရာတရားစွဲဆိုမှုများအပြင် တရားမျှတမှုဖြစ်ထွန်းရေးနှင့် နောက်ထပ်ရာဇ၀တ်မှုများ မဖြစ်စေရန် ဟန့်တားရေးတွင်ပါဝင်ကူညီရန် အမှုတစ်ခုချင်းစီပေါ်မူတည်၍ အချက်အလက်များ မျှဝေခြင်း။

ယန္တရားသည် မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သော မည်သည့်ကြီးလေးသည့်နိုင်ငံတကာရာဇ၀တ်မှုမျိုးကိုမဆို စုံစမ်းစစ်ဆေးသည်။ ကျူးလွန်သူများ၏ ပတ်သက်ဆက်နွယ်မှု သို့မဟုတ် ရာထူးအဆင့်အတန်း၊ ကျူးလွန်ခံရသူများ၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ကိုးကွယ်ယုံကြည်မှုအပေါ်မူတည်၍ ခွဲခြားဆက်ဆံမှု မပြုလုပ်ပါ။

ယန္တရားသည် ရဲတပ်ဖွဲ၊ တရားလိုရှေ့နေ သို့မဟုတ် တရားရုံး မဟုတ်သဖြင့် မည်သူ့ကိုမျှ ဖမ်းဆီးခြင်း၊ တရားစွဲခြင်း၊ သို့မဟုတ် အမှုစစ်ဆေးခြင်းများ မပြုလုပ်နိုင်ပါ။ ယန္တရား၏တာဝန်မှာ ရာဇ၀တ်မှုကျူးလွန်သည်ဟုစွပ်စွဲခံရသူများအား စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း စသည့်လုပ်ငန်းများဆောင်ရွက်နေသည့် သက်ဆိုင်ရာ တရားရေးအာဏာပိုင်များအတွက် အထောက်အထားများ စုစည်းပြီး စိစစ်သုံးသပ်ပေးရန် ဖြစ်ပါသည်။

ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုများကို တရားစီရင်နိုင်သည့်အချိန်ကန့်သတ်မှု မရှိသဖြင့် ကျူးလွန်သူများကို အရေး ယူအပြစ်ပေးနိုင်သည့်အချိန်လည်း ကန့်သတ်ချက်မရှိပါ။ ထို့ကြောင့် ယန္တရားသည် အနာဂတ်မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်ရန် အချက်အလက်နှင့် အထောက်အထားများကို လုံခြုံစွာ ထိန်းသိမ်းထားပါသည်။

ယန္တရား၏ လုပ်ပိုင်ခွင့်အကြောင်း ပိုမိုလေ့လာရန်  လုပ်ငန်းတာဝန်သတ်မှတ်ချက်များ ကိုကြည့်ပါ။

ယန္တရားကို တည်ထောင်ရန် ဆုံးဖြတ်ချက် ၃၉/၂ ကို အတည်ပြုခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအ‌၀ေး။ (ကုလ ဓာတ်ပုံ / Jean-Marc Ferré)