Select Page

၂၃ အောက်တိုဘာ ၂၀၂၃

ဥက္ကဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ လုပ်ငန်း တိုးတက်မှုများအကြောင်း ပြောကြားဖို့၊ ဒီအထွေထွေညီလာခံကို ပထမ ဆုံးအကြိမ် တက်ရောက်ရခြင်းအတွက် ဂုဏ်ယူမိပါတယ်။

၂၀၁၈ ခုနှစ်မှာ ယန္တရားကို လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာကို ယခု အထွေထွေညီလာခံက ထောက်ခံကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံတဝှမ်းမှာ ကျုးလွန်တဲ့ အကြီးလေးဆုံး နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းစိစစ်သုံးသပ်တဲ့ လုပ်ပိုင်ခွင့်ကို ယန္တရားကို အပ်နှင်းခဲ့ပါတယ်။

တိုင်းပြည်ထဲကနေ ထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ဆိုင်တဲ့ အထောက်အထားတွေ စုဆောင်းမှုကို ကျွန်တော်တို့ အထူး အာရုံစိုက်ပါတယ်။ ရိုဟင်ဂျာကျေးရွာတွေကို နေရာအနှံ့ မီးရှို့ခြင်း၊ ပစ္စည်းတွေကို အပိုင်သိမ်းခြင်း၊ အရပ်သားတွေကို စော်ကား သတ်ဖြတ်ခြင်းနဲ့ ထိပ်လန့် ကြောက်ရွံ့စရာ လိင်ရာဇဝတ်မှုတွေနဲ့ဆိုင်တဲ့ ငြင်းမရနိုင်တဲ့ အထောက်အထားများကို စုဆောင်း စိစစ်သုံးသပ်လျက် ရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်၊ မြန်မာနိုင်ငံတဝှမ်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများနဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ယန္တရားက စုဆောင်းစစ်ဆေးလျက်ရှိပါတယ်။ မနှစ်ကစပြီး အလားတူ နိုင်ငံတကာ ရာဇဝတ်မှုများ ဖြစ်ပွားမှု အကြိမ် အရေအတွက်နဲ့ ပြင်းထန်မှုအတိုင်းအတာက ဝမ်းနည်းဖွယ်ရာ ပိုပြီးမြင့်တက်လာပါတယ်။ အစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်း၊ ရွာများကို တမင်သက်သက် မီးရှို့ခြင်း၊ မကြာခဏ လေကြောင်းမှ ဗုံးဖြင့်တိုက်ခိုက်ခြင်းနဲ့ ပြည်သူများကို မရှောင်ရှားတဲ့ ပစ်ခတ်ခြင်းများ အပါအဝင် အရပ်သားများကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်တဲ့ အထောက်အထားများစွာ ရရှိပါတယ်။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ပြည်နှင်ထုတ်ခြင်းနဲ့ အတင်းအကြပ် လွှဲပြောင်းခြင်း၊ ဥပဒေမဲ့ဖမ်းဆီးခြင်း စသဖြင့် များပြားကျယ်ပြန့်တဲ့ သတင်းပေးမှုများကို စုံစမ်းစစ်ဆေးနေပါတယ်။

ဥက္ကဌကြီးခင်ဗျား

ဥက္ကဌကြီး ခင်ဗျား မြန်မာနိုင်ငံနှင့် အဖွဲ့ဝင် နိုင်ငံများကို ယန္တရားနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုပေးတဲ့အတွက် အထွေထွေညီလာခံကို ကျေးဇူးတင်ရှိပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုဖို့နဲ့ အချက်အလက်တွေ မျှဝေပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် စစ်တပ်အာဏာပိုင်တွေက ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုနေဆဲပါ။ သက်သေများနဲ့ အချက်အလက်ပေးသူ အများစုတည်ရှိရာ အာရှပစိဖိတ် ဒေသအပါအဝင် အခြားနိုင်ငံများတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာလည်း စိန်ခေါ်မှုတွေရှိနေပါတယ်။

ဒီစိန်ခေါ်မှုတွေကိုဖြေရှင်းဖို့အတွက်၊ ယန္တရားရဲ့ စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေမှာ ခေတ်မီနည်းပညာအသစ်တွေကို ထည့်သွင်း အသုံးပြုပါတယ်။ ကျွန်တော်တို့ရဲ့ ပွင့်လင်းသတင်းရင်းမြစ် စုံစမ်းရေးအဖွဲ့က ဆိုရှယ်မီဒီယာ ပေါ်တင်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ အခြား သတင်းအချက်အလက်၊ အကြောင်းအရာ အမြောက်အများကို စိစစ်သုံးသပ် အတည်ပြုဖို့အတွက် နောက်ဆုံးပေါ် နည်းပညာသုံးပြီး လုပ်ဆောင်ပါတယ်။ ဒီနည်းနဲ့ရရှိလာတဲ့ အထောက်အထားတွေကို မျက်မြင်သက်သေ ၂၅၀ ကျော်အပါအဝင် အနည်းဆုံး အရင်းအမြစ်ပေါင်း ၇၂၅ နေရာထံက ရရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုပါတယ်။ ယနေ့အထိ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းများထံကနေ မကြုံဖူးလောက်အောင် များပြားလှတဲ့ အထောက်အထားနဲ့ အချက်အလက်တွေ ကျွန်တော်တို့ စုဆောင်း ရရှိထားပါတယ်။

ဥက္ကဌကြီးခင်ဗျား

ကျွန်ုပ်တို့စုဆောင်းထားတဲ့ အထောက်အထားများကို ဖုန်စုရုံသက်သက် သိမ်းဆည်း သိုမှီးတာမဟုတ်ဘဲ၊ ရာဇဝတ်မှုတွေ လက်ခံစစ်ဆေးလိုပြီး ဆောင်ရွက်နိုင်စွမ်းလည်း ရှိတဲ့ တရားရုံး၊ ခုံရုံးတွေရဲ့ တရားမျှတမှုနှင့် တာဝန်ခံမှု ဖြစ်ထွန်းရေးလုပ်ငန်းတွေကို ကူညီပေးဖို့ဖြစ်ပါတယ်။ ရိုဟင်ဂျာများအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှုများအပေါ် အဓိကထားပြီး လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုများနဲ့ တရားစွဲဆိုမှု သုံးခုအတွက် အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတို့ထံ လတ်တလော မျှဝေလျှက်ရှိပါတယ်။ ဒီမျှဝေမှုမှာ ပါဝင်တဲ့ စိစစ်သုံးသပ်ချက် အစီရင်ခံစာသုံးခုမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ အထက်အောက် အမိန့်ပေးမှု အဆင့်ဆင့်၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါ အခြေပြု ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေးရန် ဒါမှမဟုတ် အရေးယူရန် မြန်မာ အာဏာပိုင်တွေရဲ့ ပျက်ကွက်မှုနဲ့၊ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်က ဖေ့စ်ဘုတ် ပေါ်မှာ အမုန်းစကားများ ပျံ့နှံ့အောင် လှုံ့ဆော် ဆောင်ရွက်မှုတွေကို အဓိက စိစစ်သုံးသပ်ထားပါတယ်။

ယန္တရားရဲ့ အလုပ်ဟာ ဒီရာဇ၀တ်မှုများအတွက် သက်သေခံချက်များကို ရဲရဲရင့်ရင့် မျှဝေပေးတဲ့ အသက်ရှင်ကျန်ရစ်သူများနဲ့ အန္တရာယ်ရှိသည့်ကြားက ကျွန်တော်တို့ထံ အချက်အလက် ပေးပို့တဲ့ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများစွာကို ကျေးဇူး အထူးတင်ရှိပါတယ်။ ကျွန်တော်တို့နဲ့ သတင်းပေးပို့ သူတွေရဲ့ကြား အပြန်အလှန် ဆက်သွယ်မှု လမ်းကြောင်းကို အလုံခြုံဆုံးနဲ့ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်ရှိစေဖို့ အဆင့်မြင့်ဆုံး နည်းပညာတွေကို အသုံးပြုပါတယ်။

ကျွန်တော်တို့ စုံစမ်းစစ်ဆေးတဲ့ မှုခင်းအရေအတွက် တိုးလာသည်နှင့်အမျှ လုပ်ဆောင်ချက်များဟာ ပိုမိုရှုပ်ထွေးလာပါတယ်။ အထူးသဖြင့် သက်သေ များ အကာအကွယ်ပေးရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးများကို လုပ်ဆောင်ဖို့နဲ့ လုပ်ပိုင်ခွင့်များ ထိရောက်စွာ ဆောင်ရွက်ဖို့အတွက် ယန္တရားမှာ အရင်းအမြစ်များ လုံလုံလောက်လောက်ရှိဖို့ လိုအပ်ပါတယ်။

ဥက္ကဌကြီးခင်ဗျား

အထွေထွေ ညီလာခံရဲ့ အားပေးထောက်ခံမှုအတွက် ဒီညီလာခံကို ကျွန်တော် အထူးပဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေတဲ့ အစဥ်အလာဟာ စစ်တပ်က ပြည်သူများအပေါ် တိုက်ခိုက်မှုများ ပိုအတင့်ရဲစွာ ကျူးလွန်ရန် အားပေးနေပါတယ်။ ယန္တရားက ဒီအစဥ်အလာကို အဆုံးသတ်ဖို့ သန္နိဋ္ဌာန် ချထားပြီး၊ ရာဇ၀တ်မှုကျူးလွန်သူတွေကို တစ်နေ့မှာ တရားစီရင်မှုများ သေချာပေါက် ရင်ဆိုင်ရစေဖို့ ကျွန်တော်တို့ အာရုံစိုက် ကြိုးပမ်းနေပါတယ်။