Select Page

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)။ ။ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နိုင်ငံတို့၏ အခြေအနေ

နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) ၏ တရားလိုရှေ့နေသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ၆ သိန်းမှ တစ်သန်းခန့်အား ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုကျော်၍ အတင်းအကြပ် ပြည်ပသို့နှင်ထုတ်ခြင်းနှင့် ပတ်သက်ပြီး စွပ်စွဲထားသော ရာဇ၀တ်မှုများ ကို စုံစမ်းစစ်ဆေးရန်  ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၁၄ ရက်တွင် ခွင့်ပြုချက် ရရှိခဲ့သည်။

၂၀၂၀ ခုနှစ် ဇွန်လတွင် လူ့အခွင့်အရေးကောင်စီသည် ယန္တရားနှင့် ICC တို့အကြား နီးကပ်စွာ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည် (ဆုံးဖြတ်ချက် ၄၃/၂၆)။ ယန္တရားသည် တရားလိုရှေ့နေရုံးနှင့် ပုံမှန်ထိတွေ့ ဆက်ဆံပြီး အချက်အလက်နှင့် အထောက်အထားများကို မျှဝေသည်။

ICC ဆိုတာဘာလဲ။

ICC သည် လူမျိုးပြုန်းစေမှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အပါ အဝင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများဖြင့် စွဲချက်တင်ခံရသူများကို စုံစမ်းစစ်ဆေးပြီး အမှုစီရင်ရန် အမြဲတမ်းတည်ရှိနေသော ရာဇ၀တ်ခုံရုံးတစ်ခုဖြစ်သည်။

ICC က ဘယ်အမှုကို စုံစမ်းစစ်ဆေးမလဲဆိုတာ  ဘယ်လိုဆုံးဖြတ်လဲ။

ယေဘုယျအားဖြင့်၊ (ICC ကို ထူထောင်သည့် သဘောတူညီချက်အရ) ရောမသဘောတူစာချုပ်အဖွဲ့ဝင် မည်သည့် နိုင်ငံကမဆို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ICC ၏ တရားလိုရှေ့နေအား တောင်းဆိုနိုင်သည်။ စာချုပ်အဖွဲ့ဝင်မဟုတ် သော နိုင်ငံသည်လည်း ICC ၏ တရားစီရင်ပိုင်ခွင့်အာဏာကို လက်ခံပြီး၊ မိမိ၏ပိုင်နက်အတွင်း သို့မဟုတ် မိမိနိုင်ငံသားမှ ကျုးလွန်သောရာဇ၀တ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်ရန် တောင်းဆိုနိုင်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း အခြေအနေတစ်ရပ်ရပ်ကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် ICC သို့ လွှဲပြောင်းပေးနိုင်သည်။

ICC အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် ICC ၏ တရားစီရင်ပိုင်ခွင့်အာဏာကို လက်ခံထားသော နိုင်ငံမှ နိုင်ငံသားတစ်ဦး သို့မဟုတ် ၎င်းနိုင်ငံ၏ နယ်နိမိတ်အတွင်း ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ရှိသော် ICC ၏ တရားလိုရှေ့နေကိုယ်တိုင်ကလည်း မိမိ၏ဆုံးဖြတ်ချက်ဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နိုင်သည်။ သို့သော်လည်း ထိုသို့ဆောင်ရွက်လိုပါက တရားလိုရှေ့နေသည် တရားခွင်အကြိုတရားရုံးထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။

ဘင်္ဂလားဒေ့ရှ်/မြန်မာ အခြေအနေကို စုံစမ်းစစ်ဆေးရန် ICC တရားလိုရှေ့နေကို ဘယ်သူက ခွင့်ပြုချက် ပေးထားလဲ။

ICC တရားလိုရှေ့နေ၏တောင်းဆိုချက်အရ တရားခွင်အကြိုတရားရုံး အမှတ် ၃ သည် ၂၀၁၉ ခုနှစ် နို၀င်ဘာလတွင် ဘင်္ဂလားဒေ့ရှ်/မြန်မာ အခြေအနေကို စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် ရောမသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၀ ခုနှစ်မှစ၍ ရောမသဘောတူ စာချုပ်၏အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ တစ်စိတ်တစ်ပိုင်းသည် ဘင်္ဂလားဒေ့ရှ်နယ်ပိုင်နက်တွင် ဖြစ်ပွားသောကြောင့်၊ ICC သည် တရားစီရင်ပိုင်ခွင့်ရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ပြည်ပသို့နှင်ထုတ်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ ရိုဟင်ဂျာများအပေါ် လူမျိုးရေးနှင့် ဘာသာရေး အကြောင်းပြု၍ နှိပ်စက်ညှင်းပန်းမှုများ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုဆိုင်ရာအခြေခံအချက်များ ရှိနိုင်ကြောင်း တရားသူကြီးများက လက်ခံခဲ့သည်။ ထို့ကြောင့် ဤရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် တရားလိုရှေ့နေအား ခွင့်ပြုချက်ပေးခဲ့သည်။ ဤအမှုများအပြင် အခြားရာဇဝတ်မှုများသည်လည်း ICC ၏ တရားစီရင်ပိုင်ခွင့် အတွင်းကျရောက်ပြီး၊ တရားလိုရှေ့နေ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည့်အခြေအနေနှင့် ဆက်စပ်နေပါက ထိုအမှုများကိုလည်း စုံစမ်းစစ်ဆေးရန် ခွင့်ပြုချက် ပေးထားသည်။