Select Page

ခေါင်းဆောင်ပိုင်း

နီကိုလတ်စ်ခွန်ဂျန်၊ IIMM အကြီးအကဲ

နီကိုလတ်စ်ခွန်ဂျန် (အမေရိကန်)သည် ယန္တရား၏အကြီးအကဲအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်  စတင် တာဝန်ယူခဲ့သည်။

မစ္စတာခွန်ဂျန်သည် အစိုးရရှေ့နေအဖြစ် လုပ်ငန်းအတွေ့အကြုံ ၃၅ နှစ်ရှိပြီး ယင်းအနက် နှစ်ပေါင်း ၂၀ ခန့်မှာ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားမျှတမှုကဏ္ဍတွင် အထူးပြုခဲ့သည်။ ထို့နောက် ယန္တရားတွင် ဝင်ရောက်တာဝန်ယူခဲ့သည်။

သူသည် ကမ္ဘောဒီးယားနိုင်ငံတရားရုံးများ၏ အထူးခုံရုံးများ (Extraordinary Chambers in the Courts of Cambodia – ECCC) တွင် ၂၀၁၃ မှ ၂၀၁၉  ခုနှစ်အထိ နိုင်ငံတကာတွဲဖက်တရားလိုရှေ့နေ အဖြစ်ဆောင်ရွက်ခဲ့သည်။ ယင်းမတိုင်မီ ယခင်ယူဂိုဆလားဗီးယားအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် တရားရုံးရှေ့နေအဖြစ်လည်းကောင်း၊ အရှေ့တီမောရှိ ကြီးလေးသောရာဇဝတ်မှုများအတွက် ဒုတိယအထွေထွေတရားလိုရှေ့နေအဖြစ်လည်းကောင်း၊ ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံအတွက် အစိုးရရှေ့နေရုံး၏ စစ်ရာဇဝတ်မှုများအပိုင်းတွင် နိုင်ငံတကာတရားလိုရှေ့နေအဖြစ် လည်းကောင်း၊ ဆီယာရာလီယွန်နိုင်ငံအတွက် အထူးတရားရုံးတွင် အဓိကတရားရုံးရှေ့နေနှင့် အကြီးတန်းအယူခံရှေ့နေအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မစ္စတာခွန်ဂျန်သည် ချားလ်စ်တေလာ (Charles Taylor) အမှု၏ အဓိကတရားရုံးရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အိုင်ဗရီကိုစ်နိုင်ငံမှ ထိခိုက်နစ်နာသူများအတွက် အခမဲ့အကျိုးဆောင်ခဲ့သည်။ ထို့ပြင် ဒါရ်ဖူး​ရ်ဒေသ (Darfur) ၏အခြေအနေနှင့်သက်ဆိုင်သော အမှုတစ်ခုတွင် Abdallah Banda နှင့် Saleh Jerbo တို့အား နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)တွင် ကိုယ်စားပြုခဲ့ ပါသည်။

သူသည် ယခင်က အမေရိကန်ပြည်ထောင်စုတွင် အစိုးရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကဏ္ဍများတွင် လုပ်ငန်းအတွေ့အကြုံများစွာရှိသူ ဖြစ်သည်။

မစ္စတာခွန်ဂျန်သည် မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှ ဥပဒေဘွဲ့နှင့် လော့စ်အိန်ဂျလိစ်မြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့တို့ကို ရရှိထားသည်။

ခါအိုရူ အိုကူအိဇူမိ၊ IIMM ဒုတိယအကြီးအကဲ

ခါအိုရူ အိုကူအိဇူမိ (ဂျပန်) သည် ယန္တရား၏ ဒုတိယအကြီးအကဲအဖြစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ယန္တရားတွင် တာဝန်မယူမီ မစ္စအိုကူအိဇူမိသည် ဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလကျွမ်းကျင်ပညာရှင်များအဖွဲ့၏ ဒါရိုက်တာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့ကို လုံခြုံရေးကောင်စီက ပဋိပက္ခနှင့်ဆက်နွယ်သော လိင်အကြမ်းဖက်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာ တာ၀န်ခံမှုရရှိစေရန် နိုင်ငံတွင်း အာဏာပိုင်များကို ပံ့ပိုးကူညီရေးအတွက် ဖွဲ့စည်းခဲ့သည်။ ထိုမတိုင်မီက သူမသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးလုပ်ငန်းများဌာန လက်အောက်ရှိ တရားရေးနှင့် ပြုပြင်ရေးဝန်ဆောင်မှု၏ လက်ထောက်အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။

မစ္စအိုကူအိဇူမိ၏ နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာနှင့်နိုင်ငံတွင်းပေါင်းစပ်တရားရုံးများနှင့် ပတ်သက်သည့် အတွေ့အ  ကြုံများတွင်  ဆီယာရာလီယွန်အတွက် အထူးတရားရုံး၊ ယခင်ယူဂိုဆလားဗီးယားအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၏ လူ့အခွင့်အရေးခုံရုံးများ ပါဝင်ပြီး၊ မကြာသေးမီက လက်ဘနွန်ဆိုင်ရာ အထူးခုံရုံးတွင် လက်ထောက်မော်ကွန်းထိန်းအဖြစ်လည်း တာဝန်ယူခဲ့သည်။ ထို့အပြင် မစ္စအိုကူအိဇူမိသည် ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနား၊ ခရိုအေးရှား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကိုဆိုဗိုနှင့် နီပေါနိုင်ငံတို့ရှိ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများနှင့် နယ်ရုံးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စအိုကူအိဇူမိသည် နယူးယောက်ပြည်နယ်၏ တရားရေးဝန်ထမ်းအဖွဲ့၀င်ဖြစ်ပြီး၊ ချီကာဂိုတက္ကသိုလ်၊ နယူးယောက် တက္ကသိုလ်၏ ဥပဒေကျောင်းနှင့် ပရင်စတန်တက္ကသိုလ်၏ ပြည်သူ့ရေးရာနှင့်နိုင်ငံတကာရေးရာကျောင်းမှ ဘွဲ့များရရှိခဲ့သည်။ သူမသည် ဟားဗတ်ဥပဒေကျောင်း၏ Wasserstein Fellow တစ်ဦး ဖြစ်သည်။ မစ္စအိုကူအိဇူမိသည် နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးသိပ္ပံ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။