Select Page

ပူးပေါင်းဆောင်ရွက်ခြင်း

အဖွဲ့ဝင်နိုင်ငံများ

ယန္တရား၏ စုံစမ်းစစ်ဆေးမှုလုပ်ငန်းများအတွက် အရေးပါသော သက်သေများ၊ အချက်အလက်များ၊ စာရွက်စာတမ်းများနှင့် အထောက်အထားများကို သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေများအတွင်း ဝင်ရောက်ရယူနိုင်ရန် အဆိုပါ နိုင်ငံများ၏ သဘောတူညီချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပါသည်။

ထို့ကြောင့် ယန္တရားသည် သက်ဆိုင်ရာအစိုးရများ၏ ဌာနအဆင့်ဆင့်ဖြင့် ချိတ်ဆက်ပြီး စိုးရိမ်ရသည့်အခြေအနေများ သို့မဟုတ် အကဲဆတ်သည့်ကိစ္စများကို နားလည်ရန် ကြိုးပမ်းပါသည်။ ထို့ပြင် ယန္တရား၏ လုပ်ပိုင်ခွင့်အကြောင်း၊ ၎င်းတို့၏နယ်မြေများတွင် လုပ်ဆောင်မည့် လုပ်ငန်းသဘာဝနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက ယန္တရား၏လုပ်ငန်းများအတွက် အရေးပါပုံတို့ကို ပိုမိုနားလည်စေရန် ရှင်းပြပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ (CSOs)

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော CSOများသည် မှုခင်းဖြစ်ပွားရာနေရာများသို့ ပထမဆုံး ရောက်လေ့ရှိသူများဖြစ်ပြီး အထိခိုက်ခံရဆုံးသောသူများကို မကြာခဏ ကူညီပံ့ပိုးသူများဖြစ်ကြပါသည်။ ၎င်းတို့သည် အချက်အလက်နှင့်အထောက်အထားများရရှိရေးအတွက် အရေးပါသောရင်းမြစ်များဖြစ်ပြီး ယန္တရားနှင့် သက်သေများ ချိတ်ဆက်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

ယန္တရားသည် ပြည်တွင်းပြည်ပရှိ မြန်မာ CSO များနှင့် ပုံမှန်ထိတွေ့ဆက်ဆံလျက်ရှိပြီး အရေးပါသောကိစ္စရပ်များ ဆွေးနွေးရန်၊ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတည်ဆောက်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် CSO ကိုယ်စားလှယ်များနှင့် ယန္တရားဝန်ထမ်းများ ပါဝင်တက်ရောက်ကြသည့် မြန်မာနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဒိုင်ယာလော့ကိုလည်း ကျင်းပသည်။

တရားရုံးများနှင့် ခုံရုံးများ

ယန္တရားသည် တရားစွဲဆိုခြင်း သို့မဟုတ် အမှုစစ်ဆေးစီရင်ခြင်းကို မဆောင်ရွက်နိုင်သောကြောင့်၊ ထိခိုက် နစ်နာသူများအတွက် တရားမျှတမှုဖြစ်ထွန်းရန်နှင့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများအား အရေးယူနိုင်ရန် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ တရားလိုရှေ့နေအဖွဲ့များ၊ တရားစီရင်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါသည်။ ယန္တရား၏အခန်းကဏ္ဍမှာ ရာဇ၀တ်မှုများကိုတရားစီရင်ပိုင်ခွင့်ရှိပြီး နိုင်ငံတကာဥပဒေစံနှုန်းများနှင့်ပြည့်မီသော နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးများ သို့မဟုတ် ခုံရုံးများထံ အချက်အလက်နှင့်အမှုတွဲများ မျှဝေရန် ဖြစ်ပါသည်။

ယန္တရားသည် အချက်အလက်ပေးသူများ၏ သဘောတူညီမှုဖြင့် ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုများနှင့် ဆက်စပ်သော အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ တရားလိုရှေ့နေရုံး၊ ဂမ်ဘီယာနှင့်မြန်မာအမှုကို စစ်ဆေးနေသည့် နိုင်ငံတကာတရားရုံမှ အဖွဲ့များနှင့် ကမ္ဘာ့နေရာတိုင်းတွင်စီရင်ပိုင်ခွင့်ဖြင့် အာဂျင်တီးနားတရားရုံးတွင် စုံစမ်းစစ်ဆေးနေသော တရားလိုရှေ့နေများထံ မျှဝေလျက်ရှိသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ

၂၀၂၃ ခုနှစ် ဧပြီလ (ဆုံးဖြတ်ချက် ၅၂/၃၁) တွင် လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့များကို ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ထို့ပြင် နောင်တချိန်တွင် တရားစွဲဆိုသည့်အခါ အထောက်အပံ့ဖြစ်စေရန် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့အား ယန္တရားထံ အထောက်အထားများ တတ်နိုင်သမျှ မျှဝေပေးရန် တောင်းဆိုထားသည်။

ယန္တရားသည် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ရုံး အပါအဝင် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပုံမှန်ဆက်သွယ်လျက်ရှိသည်။ ယန္တရားသည် ကုလသမဂ္ဂ၏ တစိတ်တပိုင်းဖြစ်သော်လည်း အခြားကုလသမဂ္ဂအဖွဲ့အစည်းများ အချင်းချင်း မျှဝေသည့်  အချက်အလက်များကို အလိုအလျောက် မရရှိပါ။