Select Page

ကုလသမဂ္ဂဆုံးဖြတ်ချက်များ

(၂၀၁၈)ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့တွင် ဆုံးဖြတ်ချက် ၃၉/၂ မှတဆင့်၊ (၂၀၁၁)ခုနှစ်မှစ၍၊ အပြင်းထန်ဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို မြန်မာနိုင်ငံတွင်း ကျူးလွန်ခဲ့ကြောင်း သက်သေပြုသော အထောက်အထားများအား စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း၍ စိစစ်သုံးသပ်ရန်နှင့်၊ တရားမျှတ၍ သီးသန့်လွတ်လပ်သော ရာဇဝတ်မှုစီရင်ချက်များကို ကူညီထောက်ပံ့၍ လွယ်ကူချောမွတ်စေရန်အတွက်၊ အမှုတွဲများကို ပြင်ဆင်ရန် လူ့အခွင့်အရေးကောင်စီက ယန္တရားကို တည်ထောင်ခဲ့သည်။ FFM က စုဆောင်းခဲ့သော အချက်အလက်များကို အသုံးပြုရန်၊ အထောက်အထားအပိုဆောင်းများကို စုဆောင်းရန်၊ ကွင်းဆင်းလေ့လာခြင်းနှင့် တခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပါအဝင်၊ သက်ဆိုင်ရာ အချက်အလက်နှင့် အထောက်အထားများကို မှတ်တမ်းတင်ရန်နှင့် အတည်ပြုရန်ကိုလည်း ထိုဆုံးဖြတ်ချက်က ယန္တရားအား လုပ်ပိုင်ခွင့်ပေးခဲ့သည်။

(၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင်၊ ဆုံးဖြတ်ချက် ၇၃/၂၆၄ မှတဆင့်၊ ယန္တရား၏ တည်ထောင်မှုကို အထွေထွေညီလာခံက ကြိုဆိုခဲ့သည်။

(၂၀၁၉)ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက် ၄၂/၃ တွင်၊ (၂၀၁၉)ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့က ယန္တရားလုပ်ငန်း စတင်လည်ပတ်ခဲ့ခြင်းကို ကြိုဆိုကြောင်းနှင့် “ယန္တရားက ၎င်း၏ လုပ်ပိုင်ခွင့်ကို အထိရောက်ဆုံး လုပ်ဆောင်နိုင်ရန် ဝန်ထမ်းများခန့်အပ်မှုဆိုင်ရာ၊ တည်ရှိမှုနေရာနှင့် လုပ်ငန်းလည်ပတ်မှုအတွက် လွတ်လပ်မှုဆိုင်ရာ လိုအပ်သော အထောက်အပံ့နှင့် အရင်းအမြစ်များအားလုံး ယန္တရားတွင်ရှိစေဖို့ အသေအချာဆောင်ရွက်ပေးရန်” လူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂကို ခေါ်ဆိုခဲ့ပါသည်။

(၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက် ၇၄/၂၄၆ တွင်၊ “လွတ်လပ်သော ယန္တရားက ၎င်း၏ လုပ်ပိုင်ခွင့်ကို အထိရောက်ဆုံး လုပ်ဆောင်နိုင်ရန် ဝန်ထမ်းများခန့်အပ်မှုဆိုင်ရာ၊ တည်ရှိမှုနေရာနှင့် လုပ်ငန်းလည်ပတ်မှုအတွက်လွတ်လပ်မှုဆိုင်ရာ လိုအပ်သော ပြောင်းလွယ်ပြင်လွယ်နိုင်မှုကို ယန္တရားတွင်ရှိစေဖို့ အသေအချာဆောင်ရွက်ပေးရန်” အထွေထွေညီလာခံက ကုလသမဂ္ဂကို ဆက်လက် တောင်းဆိုခဲ့ပါသည်။ အထွေထွေညီလာခံက ယန္တရားကိုလည်း မိမိတို့၏လုပ်ငန်းကို မြန်မြန်ဆန်ဆန် စတင်ရန် လှုံ့ဆော်ခဲ့သည်။

(၂၀၂၀) ခုနှစ် ဇွန်လ (၂၂) ရက်နေ့တွင် လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက် ၄၃/၂၆ ဖြင့် မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ လုပ်ငန်းကို ကြိုဆိုခဲ့ပြီး ” အိုင်စီစီ သို့မဟုတ် အိုင်စီ‌ဂျေ တရားရုံးများ အပါအ၀င်၊ နိုင်ငံတွင်း၊ ‌ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး သို့ မဟုတ် ခုံရုံးများနှင့် ယန္တရားအကြား အနာဂတ် စုံစမ်းစစ်ဆေးမှုများအတွက် အနီးကပ်နှင့် အချိန်မှီ ပူးပေါင်း ဆောင်ရွက်ကြရန်” တိုက်တွန်းခဲ့သည်။

အထွေထွေညီလာခံက (၂၀၂၀) ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ ဆုံးဖြတ်ချက် ၇၅/၂၃၈ တွင် “မြန်မာနိုင်ငံ အစိုးရအနေဖြင့် […] အသစ်ခန့်အပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၊ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ရန် ကုလသမဂ္ဂက လုပ်ပိုင်ခွင့် ပေးအပ်ထားသော သူများ၊ အဖွဲ့အစည်းများအား မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့်ပေးခြင်း၊ နိုင်ငံအနှံ့ ကန့်သတ်ချက်မရှိ သွားလာခွင့် ပေးခြင်းဖြင့် အဓိပ္ပါယ်ရှိစွာ ပူးပေါင်းဆောင်ရွက်ရန်၊ ဆက်သွယ် ဆောင်ရွက်ရန် ထပ်လောင်း ပြောကြားခဲ့သည်။”

၂၀၂၁ ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက် ၄၆/၂၁ ကို ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်း ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူအားလုံး တာဝန်ခံမှု ရှိစေရန် ယုံကြည်စိတ်ချရသော၊ လုပ်ပိုင်ခွင့်ရှိသော၊ လွတ်လပ်သော၊ နိုင်ငံတွင်း သို့မဟုတ် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေး ယန္တရားများမှတစ်ဆင့် ဆောင်ရွက်ရန် အရေးပေါ် လိုအပ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင် ထပ်လောင်း ပြောဆိုထားသည်။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေဖြင့် တာ၀န်ခံမှုရှိရေးကို ဦးတည် အလေးထားပြီး မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ အလုပ်နှင့်ထပ်တူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာများကို ဖြည့်စွက်စေခြင်းဖြင့် အခြေအနေကို စောင့်ကြည့်ရန်နှင့် စိစစ်အကဲဖြတ်ရန် အဆိုပါ ဆုံးဖြတ်ချက်တွင် မေတ္တာရပ်ခံထားသည်။ ယန္တရားအပါအဝင် ကုလသမဂ္ဂအား အပြည့်အဝ၊ အကန့်အသတ်မရှိ၊ စောင့်ကြပ်ကြည့်ရှုခြင်းမရှိဘဲ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပေးရန်လည်း မြန်မာ့အာဏာပိုင်များကို အဆိုပါ ဆုံးဖြတ်ချက်တွင် တောင်းဆိုထားသည်။ ယန္တရား၏ လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် နစ်နာသူများ၊ မျက်မြင်သက်သေများအား ကာကွယ်ပေးရာတွင် မြန်မာနိုင်ငံရှိ သက်ဆိုင်သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ အနေဖြင့် မြန်မာယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။ အဆိုပါ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ ဆောင်ရွက်ချက်များနှင့် အစီရင်ခံစာများကို ကြိုဆိုခဲ့သည်။ ယန္တရားအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် ဆောင်ရွက်ချက်များကို နစ်နာသူများ၊ အခြား စပ်ဆိုင်ပတ်သက်သူများအား ရှင်းလင်းပြောပြရန်အတွက် ယန္တရား အနေဖြင့် လူထုနှင့်ထိတွေ့ ဆက်ဆံသည့် ကြိုးပမ်းချက်များကို ဆက်လက် လုပ်ဆောင်သွားရန် အဆိုပါ ဆုံးဖြတ်ချက်တွင် တိုက်တွန်းထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၂၁ ခု ဇူလိုင်လ ၁၆ ရက်နေ့တွင် ချမှတ်ခဲ့သော ၎င်း၏ ဆုံးဖြတ်ချက် ၄၇/၁ တွင် ယန္တရား၏ လုပ်ငန်းများနှင့် ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာများအား ကြိုဆိုခဲ့သည်။ မြန်မာနိုင်ငံကိုလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား အပါအဝင် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်ရ အဖွဲ့အစည်းများအားလုံး၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ အားလုံးနှင့် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ရန်၊ “မည်သူမဆို ချိမ်းခြောက်မှု၊ လက်စားချေ တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်နှင့် မကြုံရဘဲ စုံစမ်းစစ်ဆေးမှု ယန္တရားများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်စေရန် ကြပ်မတ်လုပ်ဆောင်ပေးဖို့” တိုက်တွန်းခဲ့သည်။ ထို့အပြင် ယန္တရားအနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးရာတွင် “မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး အထူးသဖြင့် ဒေသတွင်းမှ နိုင်ငံများ၊ တရားစီရင်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများကိုလည်း ယန္တရားအား လိုအပ်သည့် အကူအညီများ ပေးဖို့၊ သက်ဆိုင်ရာ လုပ်ပိုင်ခွင့်များ အပ်နှင်းပေးဖို့” တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအ‌‌‌၀ေး (ကုလ ဓာတ်ပုံ)