Select Page

မေးလေ့ရှိသော မေးခွန်းများ

ယန္တရားက ဘာကြောင့် အရေးကြီးသလဲ။

အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ရာဇဝတ်တရားစီရင်မှု အားလုံးအတွက်၊ (၂၀၁၁) ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သည့် ကြီး‌လေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ၏ သက်သေအထောက်အထားများကို ယခုကတည်းက စုဆောင်းပြီး ထိန်းသိမ်းထား‌ရန် အရေးကြီးပါသည်။ အချိန်ကာလ အတာအရှည်နှင့် အထောက်အထားများကို ဖုံးကွယ်၊ ဖျက်ဆီးရန် ကြိုးစားမှုများသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် အောင်မြင်သော ရာဇဝတ်မှု တရားစီရင်‌ရေးများကို ဟန့်တားနိုင်သည့် အကြီးမားဆုံးသော စိန်ခေါ်မှုများအချို့ ဖြစ်သည်။ ဤကဲ့သို့ တန်ဖိုးရှိသော အထောက်အထားများကို စုဆောင်းပြီး၊ ထိန်းသိမ်းထားရန် ယန္တရား၏ ကြိုးပမ်းဆောင်ရွက်ချက်များသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် တရားစီရင်မှုများအတွက် မရှိမဖြစ် အရေးပါသော လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအချက်နှင့် ပတ်သက်ပြီး ယန္တရား၏ လုပ်ပိုင်ခွင့်သည် အဆုံးမရှိကြောင်းနှင့် မိမိတို့က မြန်မာနိုင်ငံရှိ အဖြစ်အပျက်များကို အနီးကပ် စောင့်ကြည့်နေလျက် ရှိကြောင်းကိုလည်း သတိပြုရန် အရေးကြီးသည်။ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ပါက၊ သက်ဆိုင်ရာ အထောက်အထားများကို ယန္တရားက စုဆောင်းသွားမည်ဖြစ်ပြီး၊ တာဝန်ရှိသော ပုဂ္ဂိုလ်များ၊ တစ်ချိန်ချိန်တွင် တရားစွဲဆိုခံရနိုင်စေရန် သေချာအောင် ဆောင်ရွက်သွားမည်။ ယန္တရား၏ လုပ်ပိုင်ခွင့်ကို အပြင်းအထန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်၊ ပြစ်မှုများကို တားဆီးကာ၊ မြန်မာနိုင်ငံရှိ လူထုကို ကာကွယ်နိုင်မည်ဟု ယန္တရားက မျှော်လင့်သည်။

ယန္တရားက လူပုဂ္ဂိုလ်တွေကို တရားစွဲဆိုပြီး စီရင်မှုတွေ  လုပ်မှာလား။

ယန္တရားသည် တရားခုံရုံး မဟုတ်သဖြင့်၊ ဖမ်းဆီးခြင်း၊ တရားစွဲခြင်း၊ သို့မဟုတ် ပြစ်မူစီရင်ခြင်းတို့ မပြုလုပ်နိုင်ပါ။ ယန္တရား၏ လုပ်ဆောင်နိုင်စွမ်းမှာ အထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန်နှင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ကျူးလွန်သည့်ပုဂ္ဂိုလ်များကို ယခု သို့မဟုတ် အနာဂါတ်တွင် စီရင်နိုင်သော၊ စီရင်လိုသည့် ဆန္ဒရှိသော နိုင်ငံတွင်း၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးများအတွက် အမှုတွဲများကို ပြင်ဆင်ပေးရန်ဖြစ်သည်။ သို့ရာတွင် သက်သေများ၊ သတင်းအချက်အလက်၏ ရင်းမြစ်တို့၏ လုံခြုံရေးကို ကာကွယ်ပေးသော၊ ယန္တရားက တောင်းဆိုသော လျှို့ဝှက်ပေးရန် ကတိကဝတ်အားလုံးကို လေးစားနိုင်သည်ဟု ယန္တရားက ယုံကြည်နိုင်သော အဖွဲ့အစည်းများကိုသာ အချက်အလက်များကို ဝေမျှပေးမည်။ မျှတသော ရုံးတင်စစ်ဆေးချက် ရပိုင်ခွင့်အပါအဝင်၊ သေဒဏ်ကို မချမှတ်သော၊ မစီရင်နိုင်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် စံချိန်များကို လေးစားသည့် တရားရုံးများနှင့် ခုံရုံးများကိုသာ ယန္တရားက အမှုတွဲများကို မျှဝေသွားပါမည်။

ယန္တရား၏ လုပ်ပိုင်ခွင့် နယ်ပယ် အတိုင်းအတာ ဘယ်လောက် ရှိသလဲ။ 

ယန္တရားသည် အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေချိုးဖောက်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများအား စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း၍ စိစစ်သုံးသပ်သည်။ ၎င်းလုပ်ပိုင်ခွင့်သည် မြန်မာနိုင်ငံ၏ ပထဝီဒေသ တစ်နေရာကိုသာ၊ သို့မဟုတ် တစ်ချို့သော နစ်နာသူများ သို့မဟုတ်၊ ပြစ်မှုကျူးလွန်သူများ အတွက်သာ မဟုတ်ပေ။ ယန္တရားကို တည်ထောင်ရန် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေးကောင်စီက (၂၀၁၁)ခုနှစ်မှစ၍၊ မြန်မာနိုင်ငံရှိ မည်သည့်ဒေသ၌မဆို ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ချိုးဖောက်မှုများ၏ အထောက်အထားများအား စုဆောင်းရန် လုပ်ပိုင်ခွင့်ပေးထားသည်။ ထို့ကြောင့် ယန္တရားသည် အတိတ်ကဖြစ်ပွားခဲ့သော၊ ဆက်လက်ဖြစ်ပွားနေသော ကိစ္စများအပြင်၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကိစ္စရပ်များအတွက်လည်း စုံစမ်းစစ်ဆေးခွင့်ရှိသည်ဟု အဓိပ္ပာယ်ရသည်။ အထောက်အထားများကို စုဆောင်း၊ ထိန်းသိမ်း၊ စိစစ်သုံးသပ်ပြီးသည်နှင့် ၎င်းတို့ကို အနာဂတ်မည်သည့်အချိန်တွင်မဆို၊ တာဝန်ခံမှု အားထုတ်ချက်များအတွက် အသုံးပြုနိုင်သည်။

ယန္တရားက စုဆောင်းထားသော သတင်း အချက်အလက်တွေကို မည်ကဲ့သို့ အသုံးပြုမလဲ။

ယန္တရားသည် အထောက်အထားများကို ရင်းမြစ်မျိုးစုံမှ စုဆောင်းပြီး၊ လုံခြုံသော ဒေတာဘေ့စ် (အချက်အလက် စုဆောင်းရာဘဏ်) တစ်ခုတွင် ထိန်းသိမ်းထားပါသည်။ FFMက ပေးအပ်ခဲ့သော အချက်အလက်များ အပါအဝင်၊ ယန္တရားက စုဆောင်းလက်ခံရရှိသော အချက်အလက်အားလုံးကို လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များအား ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုရန်၊ လိုအပ်သော စံချိန်မီ မမီ၊ ပြန်လည်သုံးသပ်ပြီး၊ စိစစ်သုံးသပ်သွားမည်။ စံချိန်မီသည်ဆိုပါက၊ ရာဇဝတ်မှုဆိုင်ရာ အမှုတွဲများကို ပြင်ဆင်သွားပါမည်။ မည်သည့် ဒေသတွင်မဆို တရားစီရင်ခွင့်ရှိသော (universal jurisdiction) အခြေခံ သဘောတရားအရ အပါအဝင်၊ နိုင်ငံတွင်း၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများနှင့် အထောက်အထားများနှင့် အမှုတွဲများကို ယန္တရားက မျှဝေသွားမည်။ သို့သော်လည်း၊ ထိုတရားရုံးများ၊ သို့မဟုတ် ခုံရုံးများသည် အပြည်ပြည်ဆိုင်ရာဥပဒေ စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ဖို့လိုသည်။ ဆက်လက်ပြီး နစ်နာသူများနှင့် မျက်မြင်သက်သေတို့၏ လုံခြုံရေးနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထားမည်ဟု ယန္တရားသို့ ကတိကဝတ်ပြုမှသာ အချက်အလက်များကို မျှဝေပေးသွားပါမည်။ ယန္တရား၏ လုပ်ငန်း တာ၀န်သတ်မှတ်ချက်အရ ရာဇ၀တ်မှုတရားစွဲဆိုသည့်အရေးများအပြင်၊ တရားမျှတမှုကို အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများနှင့် ရာဇ၀တ်မှုများကို ထပ်မံမဖြစ်ပွားစေရန် ဟန်တားသည့် ကိစ္စရပ်များအတွက်လည်း ယန္တရားသည် သတင်းအချက်အလက်များကို ‌၀ေမျှကောင်း ‌‌‌‌‌‌‌‌၀ေမျှမည် ဖြစ်သည်။

ကျူးလွန်ခံရခြင်းကနေ  အသက်ရှင်ကျန်ရစ်သူတွေ ယန္တရားရဲ့ အလုပ်မှာ ဘယ်လို ကဏ္ဍကနေ ပါဝင်နိုင်သလဲ။

ယန္တရား၏ လုပ်ပိုင်ခွင့်လက်အောက်ရှိ ရာဇဝတ်မှုများကို ခံစားခဲ့ရသော၊ မျက်မြင်တွေ့ခဲ့သော အသက်ရှင်ကျန်ရစ်သူများသည် အဓိကကျသော အထောက်အထားရင်းမြစ်များဖြစ်ကြသည်။ ၎င်းတို့မှာ ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေမည့် အောင်မြင်သော ရာဇဝတ်အမှုတွဲများကို ရေးဆွဲနိုင်ရန် မရှိမဖြစ်လိုအပ်သူများဖြစ်ကြသည်။ လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုအားလုံး၏ သဘာဝနှင့်အညီ၊ အသက်ရှင်ကျန်ရစ်သူများ၏ ထုတ်ဖော်ပြောကြားချက်သည် ပိုမိုကျယ်ပြန့်သော ဓလေ့ထုံးစံ သို့မဟုတ် မူဝါဒတို့အရ ကျူးလွန်ခဲ့သောအမှုတို့အပါအဝင်၊ ရာဇဝတ်မှုများအား ကျူးလွန်ခဲ့ကြောင်းကို အတည်ပြုစေနိုင်သည်။ ဤသို့သော ထုတ်ဖော်ပြောကြားချက်များကို ပေးမည်ဟု သ‌ဘောတူညီမည့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေဖော်ထုတ်ပြီး၊ ဆက်သွယ်နိုင်ရန် အချက်အလက် အကြောင်းအရာများကို ယန္တရားက စုဆောင်းသွားမည်ဖြစ်သည်။ နစ်နာခံရသူများကလည်း အထောက်အထားများကို ယန္တရားထံသို့ တိုက်ရိုက်ပေးပို့နိုင်ပါသည်။ နစ်နာခံရသူများ၏ ထုတ်ဖော်ပြောကြားချက်များကို လျှို့ဝှက်ထားမည်ဖြစ်ပြီး၊ လုံခြုံသော ဒေတာဘေ့စ် (အချက်အလက်စုဆောင်းရာဘဏ်) တစ်ခုတွင် ထိန်းသိမ်းထားမည်။ နစ်နာခံရသူများက သဘောတူလျှင်၊ ၎င်းတို့၏ ထုတ်ဖော်ပြောကြားချက်များကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအညီ တာဝန်ယူလုပ်ဆောင်မည့် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများနှင့် မျှဝေသွားမည်။

FFMက စုဆောင်းခဲ့တဲ့ သတင်း အချက်အလက်တွေက ဘာ ဖြစ်သွားမလဲ။

မျက်မြင်သက်သေများနှင့် တခြား အချက်အလက်ပေးပို့သူတို့ထံမှ မျှဝေရန် သဘောတူချက် ရရှိပြီးသောအခါ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်(FFM) က ၎င်းတို့ စုဆောင်းခဲ့သော အချက်အလက် အားလုံးနီးပါးကို ယန္တရား ထံသို့ လွှဲပြောင်းပေးခဲ့သည်။ FFM က ပေးအပ်ခဲ့သော အချက်အလက်များ အပါအဝင်၊ ယန္ကရားက စုဆောင်းလက်ခံရရှိသော အချက်အလက်အားလုံးကို ဆိုးရွားသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များအား တရားစွဲဆိုရန်၊ လိုအပ်သော စံချိန်မီ မမီ၊ ပြန်လည်သုံးသပ်ပြီး၊ ခွဲခြမ်းစိတ်ဖြာသွားမည်။ စံချိန်မီသည်ဆိုပါက၊ အမှုတွဲများကို ပြင်ဆင်သွားမည်ဖြစ်သည်။

ယန္တရားအတွက် အရေးကြီးတယ်လို့ ထင်တဲ့အချက်အလက်တွေကို ဘယ်လိုပေးပို့နိုင်မလဲ။

ယန္တရားဆီသို့ သတင်းအချက်အလက်ပေးလိုလျှင် လုံလုံခြုံခြုံနှင့် သတိကြီးစွာ ထားရန် တောင်းဆို လိုပါသည်။ သင့်လုံခြုံမှုက ယန္တရားအတွက် အရေးအကြီးဆုံးဖြစ်သည်။ ဤအတွက်ကြောင့် မိမိ လုံခြုံရေးအတွက် စိတ်မချရဘူးလို့ ယူဆတိုင်း လုံခြုံစိတ်ချရတဲ့အချိန်အထိ စောင့်ဆိုင်းပြီးမှ ပေးပို့ပါ။ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် စိတ်ချရတဲ့ အကောင်းဆုံးနေရာမှာ ရောက်ပြီဆိုမှ ပေးပို့ပါ။ မိမိ၏ လုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထိခိုက်နိုင်ချေရှိတဲ့ မလိုလားအပ်သော အရဲကိုးမှုမျိုးကို မပြုလုပ်ပါနှင့်။

ယန္တရားဆီသို့ သတင်းအချက်အလက်များ ပေးပို့သည့်အခါ အောက်ပါ ရိုးရှင်းသော ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုပါ။

ဆက်သွယ်ရေးနည်းလမ်းများထဲမှ တစ်ခုကိုသာ သုံးပါ။

  • Signal: +41 76 691 12 08
  • ProtonMail: contact@myanmar-mechanism.org

ယန္တရားနှင့် ဆက်သွယ်မှုကိုလျှို့ဝှက်ထားပါ – ဖြစ်နိုင်လျှင် အတတ်နိုင်ဆုံး မိမိ မိသားစုနှင့် သူငယ်ချင်းများ၊ အခြားသူများကို ယန္တရားနှင့် ဆက်သွယ်နေတယ် ဒါမှမဟုတ် သတင်းပို့နေပါတယ်ဆိုတာကို မပြောရန် မေတ္တာရပ်ခံအပ်ပါသည်။

ယန္တရားဆီသို့ သတင်းအချက်အလက်များဆက်သွယ်ခြင်း (သို့) ပေးပို့သည့်အခါ ကျေးဇူးပြု၍ မိမိအနီးအနား၌ မည်သူတစ် ဦး တစ်ယောက်မှမရှိသည့်အခါမှ လုပ်ဆောင်ပါ။

အကယ်၍ သတင်းအချက်အလက်များ (သို့) သက်သေခံပစ္စည်းများအား ယန္တယားဆီသို့ ပေးပို့မှုနှင့် ပတ်သက်၍ စိုးရိမ်စရာ တစ်စုံတစ်ရာရှိပါက ကျေးဇူးပြု၍ အထက်ပါနည်းလမ်းများမှ တဆင့်ဦးစွာ ဆက်သွယ်ပါ။

သင့်ထံ ရှိနေနိုင်သည့် စိုးရိမ်မှုများဖြစ်သည့် သင်နှင့်ဆိုင်သည့် သတင်းအချက်အလက်များအား လျှို့ဝှက်ထားရှိမှုအပါအဝင် တတိယပုဂ္ဂိုလ်များအား သင်ပေးပို့သည့် သတင်းအချက်အလက်များ ဝေမျှနိုင်မည့်နည်းလမ်းများနှင့် ပတ်သက်၍လည်း ရှင်းလင်းဖြေကြားပေးပါမည်။

လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း မည်သို့ကွာခြားသနည်း။

ယန္တရား၏ လုပ်ပိုင်ခွင့်မှာ သတင်းအချက်အလက်များနှင့် သက်သေခံအထောက်အထားကို စုဆောင်းရန်ဖြစ်ပြီး၊ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးများက အတိအကျ တာ၀န်ရှိလူပုဂ္ဂိုလ်များကို စီရင်သည့် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆို သောအမှုအခင်းများအတွက်၊ ခိုင်မာသည့် အမှုတွဲများကို တည်ဆောက်ပေးရန်လည်း ဖြစ်ပါသည်။ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း သို့မဟုတ် အချက်အလက်ရှာဖွေခြင်းတွင် ပိုမိုကျယ်ပြန့်သော ရည်ရွယ်ချက်များ ရှိပါသည်။ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ပေးရန်အတွက် တိုက်တွန်းနှိုးဆော် ပေးခြင်းနှင့် အမှန်တရား ဖော်ထုတ်ခြင်းအပါအဝင် အသွင်ကူးပြောင်းကာလ တရားမျှတရေးကို မြှင့်တင်ပေးခြင်း ကဲ့သို့ ရည်ရွယ်ချက်များ ပါဝင်သည်။ ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ခြင်းရလဒ်အနေဖြင့် ဖာက်ဖျက်ကျူးလွန်မှုများနှင့် ပတ်သက်သည့်အချက်အလက်များသည် အများပြည်သူထံသို့ အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များအဖြစ် ရောက်ရှိသွားကြသည်။ သို့သော် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို အများအားဖြင့် လျှို့၀ှက်စွာ မပေါက်ကြားအောင် ဆောင်ရွက်ရသဖြင့် အများပြည်သူများ မသိရှိနိုင်ကြပါ။

သက်သေခံအထောက်အထားစံချိန် ( standard of proof) နှင့်ပတ်သက်လာလျင် လူ့အခွင့်အရေး မှတ်တမ်းတင်မှုသည် ယေဘုယျအားဖြင့် ကျူးလွန်မှုများ ဖြစ်နိုင်လောက်သည်ဟု ယုတ္တိတန်သည့် အခြေအနေ စံချိန် (reasonable ground) တွင် အခြေခံကြသည်။ သို့သော်လည်း ရာဇဝတ်မှု ဆိုင်ရာ သက်သေခံ အထောက်အထားစံချိန်မှာ အလွန်တင်းကျပ်သည်။ ပြစ်မှုကျူးလွန်ခဲ့ကြောင်း သံသယမရှိသည်အထိ ချေပနိုင် သို့မဟုတ် လက်ပူးလက်ကြပ်ကျူးလွန်ခဲ့ကြောင်း တင်ပြနိုင်သည် အထိ စွပ်စွဲနိုင်ရန် လိုအပ်သည်။ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း နှင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းခြင်း လုပ်ငန်းများတွင် အသုံးပြုသည့် နည်းလမ်းမှာလည်း အလွန်ကွာခြားသည်။ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းခြင်းတွင် ဥပဒေ အခြေခံမှုများပေါ်တွင် အခြေခံသည့် ရာဇဝတ်မှုဆိုင်ရာအထောက်အထားများ စုစည်းထားနိုင်ရန်လိုသည်။ သက်သေအထောက်အထား၊ အမှုတွဲ ထိန်းသိမ်းခြင်း၊ ကျူးလွန်မှုမရှိကြောင်း ညွှန်ပြသည့် အထောက်အထား၊ ကျူးလွန်ခဲ့ကြောင်း ညွှန်ပြသည့် အထောက်အထားများ စစ်ဆေးခြင်း အစရှိသည်များ ပါဝင်ရန်လိုသည်။

နစ်နာသူများနှင့် မျက်မြင်သက်သေများ၏ ကိုယ်ရေးအချက်အလက် လျှို့ဝှက်ထားရှိရေး၊ လုံခြုံရေးနှင့် ကျန်းမာကောင်းမွန်ရေးတို့ကို ယန္တရားအနေဖြင့် မည်သို့ အာမခံမည်နည်း။

ယန္တရားထံ သတင်းအချက်အလက် ပေးကမ်းသူများ၏ ကိုယ်ရေးလျှို့ဝှက်ထားရှိမှုနှင့် လုံခြုံရေးအား အကာကွယ်ပေးမှု၏ အရေးကြီးပုံကို ယန္တရားသည် အသိအမှတ်ပြုပါသည်။ ကျွန်တော်တို့သည် ၎င်းသူတို့ ပေးထားသည့် သတင်း အချက်အလက်များ (သို့) မည်သူမည်ဝါဖြစ်ကြောင်း မည်သည့် သတင်းအချက်အလက်ကိုမျှ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများ (သို့) အခြား အမှုသည်ဖက်များသို့ ပေးကမ်းရန် ၎င်းသူတို့၏ သဘောတူညီချက် မရှိဘဲ ဝေမျှဖလှယ်ပေးမည် မဟုတ်ပါ။ အလားအလာရှိသော သတင်းအချက်အလက်ပေးသူများ အနေဖြင့်၊ သတင်း အချက်အလက် တစ်ခုခုကို မပေးကမ်းမီ၊ ဆက်သွယ်မှု တစ်ရပ်ရပ်ကို လုံခြုံစွာ ဆောင်ရွက်ထားသည်ကို သေချာစေရန်အတွက် ၎င်းတို့အနေဖြင့် ယန္တရားနှင့် ကနဉီးဆက်သွယ်ရန် တိုက်တွန်းပါသည်။

ယန္တရားသည် မိမိ၏ လုပ်ငန်းတွင် နစ်နာသူအခွင့်အရေးနှင့်လုံခြုံမှု ဉီးစားပေးသည့် နည်းလမ်းကိုလည်း သေချာစေပါသည်။ ယန္တရားသည် မိမိလုပ်ငန်းရှေ့တိုးဆောင်ရွက်ရန် သိသိသာသာ အထောက်အကူ ပြုမည့် နစ်နာသူများ သာလျင် လူတွေ့မေး မြန်းမည်ဖြစ်သည်။ နစ်နာသူ အများအပြားအား လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း ရည်ရွယ်ချက်များအတွက် ယခင်က လူတွေ့မေးမြန်းခဲ့ပြီးဖြစ်သည်ကို ယန္တရားက အသိအမှတ်ပြုပြီး နောက်ထပ် စိတ်ဒဏ်သင့်စေမှုကို ဉီးတည်နိုင်မည့် မလိုလားအပ်သော ပုံတူ ဖြစ်ရပ်များကို တားဆီးရန် ကြိုးစား ဆောင်ရွက် မည်ဖြစ်ပါသည်။ ယန္တရားသည် မိမိ၏ မျက်မြင်သက်သေ အကာအကွယ်ပေးရေးနှင့် ပံ့ပိုးမှု စွမ်းဆောင်ရည်ကို မျက်မြင်သက်သေများ၏ သီးခြား လိုအပ်ချက်များနှင့်ကိုက်ညီမှုကို ရည်ရွယ်၍ ဆောက်တည်သွားခြင်းကိုလည်း ဆောင်ရွက်နေလျက်ရှိသည်။

ယန္တရားသည် မိမိ၏ လုပ်ငန်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လိင်အမျိုးအစား-အခြေခံ အကြမ်းဖက်မှုကို မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်မည်နည်း။

လိင် ပိုင်းဆိုင်ရာ ရာဇဝတ်မှု များနှင့် လိင်အမျိုးအစားအခြေခံ ရာဇဝတ်မှုများကို ထိရောက်စွာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း အတွက် အခက်အခဲနှင့် အတား အဆီး အများ အပြားရှိသည်ဟု ယန္တရားသည် သိရှိထားပါသည်။ မိမိ၏ လုပ်ငန်း၌ ဤရာဇဝတ်မှု များကို ရာဇဝတ်မှု အစပျိုးရာနှင့်ဆက်လက်ဖြစ်ပေါ်ရာနေရာမှ နေရာမှနေ၍ သီးခြား အာရုံစိုက် ရမည့်အပြင် ပြစ်မှုကျူးလွန်ရခြင်း၊ ပြစ်မှု၏ ပြင်းထန်မှုနှင့် အဆိုပါ ပြစ်မှုများ၏ သက်ရောက်မှုတို့၏ အပြည့်အစုံ အတိုင်းအတာ ကိုလည်း သီးခြား အာရုံစိုက်ရန် ယန္တရား အနေဖြင့် သေချာစေမည် ဖြစ်သည်။ ယန္တရားသည် ကလေးများ အပါအဝင် နစ်နာသူများနှင့် မျက်မြင် သက်သေများတို့နှင့် အပြန်အလှန် ဆက်ဆံမှု၊ ဤရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး ခြင်း၌ သက်ဆိုင်ရာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသည့် အရာထမ်း အမှုထမ်း အများ အပြားကို အလုပ် ခန့်အပ် ခဲ့သည်။ ယန္တရားသည် ဤကဏ္ဍများတွင် မိမိ၏ အရာထမ်း အမှုထမ်း အားလုံးအား ပုံမှန် လေ့ကျင့် သင်တန်း ပေးရန်ကိုလည်း သေချာစေမည် ဖြစ်သည်။ ယန္တရားအနေဖြင့် လိင်ဆိုင်ရာ ရာဇဝတ်မှုများနှင့် လိင်အမျိုးအစား-အခြေခံ ရာဇဝတ်များကို အဆိုပါ ရာဇဝတ်မှုများ ကျူးလွန်ခံ ရသည့် သူများ၏ ပြောဆို သံများနှင့် လိုအပ် ချက်များကို ထည့်သွင်း အရေးယူပေး ရန် အာမခံမည့် နည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ထိရောက်စွာ လုပ်ကိုင်ပေးရန် လုပ်ထုံး လုပ်နည်း များနှင့် လမ်းညွှန်များ ကို ဖော်ဆောင်ပေးခဲ့သည်။

လူမှုရေးကွန်ရက် ရင်းမြစ် စုံစမ်းစစ်ဆေးမှုများ (open source investigations) သည် ရာဇဝတ်မှုများ၏ သက်သေခံအထောက်အထား ကောက်ခံစုဆောင်းရေးအတွက် အဘယ်ကြောင့် အရေးကြီးပါသနည်း။

လူမှုကွန်ရက် ရင်းမြစ် စုံစမ်းစစ် ဆေးမှုများ (Open source investigations) သည် အွန်လိုင်းတွင် အခြေခံ အားဖြင့် တွေ့ရှိရသည့် အများပြည်သူအားဖြင့် ရရှိနိုင်သော သို့မဟုတ် “ရနိုင်သော ရင်းမြစ်” သတင်း အချက်အလက် သို့မဟုတ် နည်းလမ်း များ မှတစ်ဆင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၏ နည်းလမ်း တစ်ရပ်ဖြစ်သည်။ ဤကဲ့သို့သော ဒီဂျစ်တဲလ်နည်းအရ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် စူးစမ်းသုံးသပ်ခြင်း အမျိုးအစားသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ အထူးသဖြင့် စုံစမ်းရေးမှူးများအနေဖြင့် ရာဇဝတ်မှုဖြစ်ပွားရာ အခင်းဖြစ်နေရာသို့ အချိန်မီ လူကိုယ်တိုင် သွားရောက်၍ မရနိုင်သည့်အခါ ပိုမို၍ အသုံးဝင် လာခဲ့သည်။ မိုဘိုင်းဖုန်းများမှာ ယခင်က အသုံးပြုဘူး သည်ထက် ပိုမို၍ အသုံးကျလာသည့်အလျှောက် ဝေးလံခေါင်းပါး နေရာများရှိလူများသည် ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု မြောက်သည့် အဖြစ်အပျက်များကို ယခင်က မဖြစ်နိုင်သောနည်းလမ်းများဖြင့် မှတ်တမ်းတင်နိုင်ပြီး တင်ပို့ပေးနိုင်ကြသည်။ စုံးစမ်းစစ်ဆေးရေးမှူးများသည် ဤဒီဂျစ်တဲလ် သတင်းအချက်အလက်များကို ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် ကြည့်ရှုနိုင်သည်၊ သိမ်းဆည်းထားနိုင်သည်၊ အတည်ပြုနိုင်ပြီး စူးစမ်းသုံးသပ် နိုင်ကြပါသည်။ အတည်ပြုခြင်းနှင့် စူးစမ်း သုံးသပ်ခြင်းကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ကြသော်လည်း လူမှုကွန်ရက် ရင်းမြစ်စုံစမ်း စစ်ဆေးမှုများ၏ မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းကိုသာ ဆောင်ရွက်ကြသည်၊ အထူးသဖြင့် အင်တာနက်ပေါ်၌ မှားယွင်းသတင်းများနှင့် “နက်ရှိုင်းသည့် အတုအယောင်များ” ပြည့်နက် နေသော ကြောင့်ဖြစ်သည်။ အွန်လိုင်းတွင် တင်ပို့ထားသည့် သတင်းအပိုင်းအစတစ်ခုကို တရားရုံး တစ်ရုံး၌ မတင်သွင်းနိုင်မီ အဆင့်ဆင့် အချက် အများအပြား ဆောင်ရွက်ရန် လိုအပ်သော်လည်း အဆိုပါ သက်သေအထောက်အထားကို ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ နှစ်မျိုးလုံး၌ အတူတူ ပိုမို အသုံးများကြသည်။

လူမှုကွန်ရက်ရင်းမြစ် သတင်း အချက်အလက် များကို အဓိက သတင်း အချက်အလက်အဖြစ် တင်ပြခြင်းအပြင် အခြားသော သက်သေခံ အထောက်အထား အမျိုးအစားအတွက် မျက်မြင်သက်သေ ထွက်ဆိုချက် သို့မဟုတ် ကျူးလွန်သူနှင့် ရာဇဝတ်မှုအကြား အဆက်အစပ်ကို ထူထောင်ရန် သက်သေအထောက်အထား အချိတ်အဆက် အဖြစ်ကဲ့သို့ ထောက်ခံသည့်သတင်းအချက်အလက်အဖြစ် တင်ပြခြင်းအတွက်လည်း အသုံးပြုနိုင်ပါသည်။ လူမှုကွန်ရက် ရင်းမြစ်မှ ရရှိနိုင်သော သတင်းအချက်အလက် ပုံစံအမျိုးမျိုး ရှိပါသည်၊ ၎င်းတို့ကို လူမှုကွန်ရက်များရှိ အသုံးပြုသူတင်ပို့ထားသည့် တင်ပို့ချက်ဖြစ်သည့် ဝက်ဘ်ဆိုက်များတွင် ရရှိနိုင်သည့် ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များနှင့် စာရွက်စာတမ်းများ၊ နိုင်ငံအေဂျင်စီရုံးများမှ ထုတ်ဝေသည့် သတင်း အချက်အလက်များ၊ သတင်းထောက်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ (သို့) တက္ကသိုလ်ကျောင်းများမှ တင်သွင်းသည့် တင်ပို့ချက်များ၊ ကမ္ဘာ့မျက်နှာပြင်ပေါ် ဖြစ်ပျက်ဓါတ်ပုံများ၊ သယ်ယူပို့ဆောင်ရေး ထောက်လှမ်းအချက်အလက်များနှင့် ဆက်စပ်ရာ အချက်အလက်များနှင့် ကော်ပိုရေးရှင်း အဆောက်အဉီးများ၊ ပိုင်ဆိုင်မှုနှင့် ငွေကြေးကိစ္စများတို့နှင့်ပတ်သက်သည့် အစီရင်ခံချက်များ အပါအဝင်၊ ၎င်းတို့ကို စူးစမ်းစစ်ဆေးရေးမှူးများက စိတ်ဝင်စားကြသည်။