Select Page

သက်သေများ

အင်တာဗျူးများ

မျက်မြင်သက်သေများ၏ အင်တာဗျူးထွက်ဆိုချက်များသည် တန်ဖိုးရှိသောသတင်းရင်းမြစ်များဖြစ်ပြီး ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများအား တရားစီရင်ရန်အတွက် အမှုတည်ဆောက်ရာတွင် အရေးကြီးသည်။ လူတွေ့အင်တာဗျူးများက ရရှိပြီး သက်သေများကလက်မှတ်ထိုးထားသော ထွက်ဆိုချက်များသည် မည်သည့်တရားရုံး သို့မဟုတ် ခုံရုံးတွင်မဆို လက်ခံနိုင်ခြေအရှိဆုံး အထောက်အထားများဖြစ်သည်။

အခြားအဖွဲ့အစည်းများက တွေ့ဆုံမေးမြန်းထားပြီးဖြစ်သော သက်သေများကို ယန္တရားက အသိအမှတ်ပြုသည်။ နောက်ထပ် စိတ်ဒဏ်ရာမရစေရန်အတွက် မလိုအပ်ဘဲ အင်တာဗျူး ထပ်မံလုပ်ခြင်းကို ရှောင်ကြဥ်သည်။

သက်သေထွက်ဆိုချက်ရယူသည့်အခါ၊ ယန္တရား၏ ရှေ့နေများနှင့် စုံစမ်းစစ်ဆေးသူများအဖွဲ့က ဆောင်ရွက်ပြီး၊ လိုအပ်သည့်အခါ မြန်မာစကားပြန်က ကူညီပါသည်။ သက်သေများက မေးခွန်းပြန်မေးရန်၊ ၎င်းတို့၏ လုံခြုံရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများရှိပါက ပြောကြားရန် တိုက်တွန်းအားပေးသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်သေများ၏အတွေ့အကြုံများကို နားထောင်ပြီး အချက်အလက်များကို ရှင်းရှင်း လင်းလင်းနားလည်နိုင်ရန် နောက်ဆက်တွဲမေးခွန်းများကို မေးမြန်းသည်။ ထွက်ဆိုချက်များကို တိကျစွာ မှတ်တမ်းတင်နိုင်ရန် ထွက်ဆိုချက်အပြည့်အစုံကို ပြန်လည်ဖတ်ရှုပြပြီး သက်သေက လက်မှတ်ရေးထိုး အတည် ပြုရသည်။

ယန္တရားသည် ဘေးကင်းလုံခြုံရန်နှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များကိုထိန်းသိမ်းရန် သက်သေ၏ထွက်ဆိုချက် များကို လုံခြုံလျှို့ဝှက်စွာ သိမ်းဆည်းထားသည်။ ထိုထွက်ဆိုချက်များကို အင်တာဗျူးပေးသူများ၏ ခွင့်ပြုချက် ဖြင့်သာ သက်ဆိုင်ရာတရားရုံးများ သို့မဟုတ် ခုံရုံးများထံ မျှဝေပါသည်။

အကာအကွယ်နှင့် ပံ့ပိုးမှု

ယန္တရား၏ စုံစမ်းစစ်ဆေးမှုအဆင့်တစ်ဆင့်ချင်းစီတွင် သက်သေများနှင့် အချက်အလက်ပေးသူများ၏ ဘေးကင်းရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးကောင်းမွန်မှုသည် အရေးအကြီးဆုံးဖြစ်သည်။ ယန္တရားသည် သက်သေခံအကာအကွယ်ပေးခြင်းအပြင် စိတ်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးမှုများကို အထူးပြုကျွမ်းကျင်မှုဖြင့် ပံ့ပိုးသည်။

အင်တာဗျူးမစမီ၊ ယန္တရား၏ သက်သေကာကွယ်စောင့်ရှောက်ရေးကျွမ်းကျင်သူသည် သက်သေများ၏ လုံခြုံရေးလိုအပ်ချက်များကို အကဲဖြတ်ပြီး၊ ဖြစ်လာနိုင်သောအန္တရာယ်များကို လျော့ပါးစေရန် စုံစမ်းစစ်ဆေးသူများကို အကြံပေးသည်။ ယန္တရားနှင့်ပူးပေါင်းဆောင်ရွက်မှုသည် သက်သေအချို့အတွက် ကြီးစွာသောအန္တရာယ်များရှိကြောင်း ယန္တရားက နားလည်ပါသည်။ ထို့ကြောင့် ယင်းအန္တရာယ်များလျော့နည်းစေရန် ယန္တရားသည် အတတ်နိုင်ဆုံး လုပ်ဆောင်သည်။ သို့သော်လည်း ယန္တရားသည် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးပေးခြင်း၊ သက်သေများ၏ဘေးကင်းရေးကို အာမခံခြင်း၊ တစ်စုံတစ်ယောက်အား နိုင်ငံတစ်နိုင်ငံသို့ ခရီးသွားလာခွင့် သို့မဟုတ် နိုင်ငံတွင်းဝင်ရောက်ခွင့်ရစေခြင်းများ လုပ်ဆောင်နိုင်သည့် အခွင့်အာဏာမရှိပါ။

ယန္တရားသည် မျက်မြင်သက်သေများအား စိတ်ဒဏ်ရာပြန်လည်ရစေခြင်းမှ ရှောင်ရှားနိုင်ရန် အင်တာဗျူးများ မလုပ်မီ၊ လုပ်နေစဉ်နှင့် လုပ်ဆောင်ပြီးချိန်များတွင် သက်သေများကို လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးပါသည်။ ထို့ပြင် ယန္တရားနှင့် ထိတွေ့ဆက်ဆံခြင်းကြောင့် ၎င်းတို့ကို နောက်ထပ်ထိခိုက်မှုမဖြစ်စေရန် ရည်ရွယ်၍ အတတ်နိုင်ဆုံး လုပ်ဆောင်ပါသည်။ ယန္တရား၏ကျွမ်းကျင်သူများသည် လိုအပ်ချက်များကိုအကဲဖြတ်ခြင်း၊ ကျရောက်နိုင်သည့်အန္တရာယ်များကို ရှာဖွေဖော်ထုတ်ပြီး သက်ရောက်မှုလျှော့ချခြင်းဖြင့် သက်သေများကိုပံ့ပိုးကူညီပြီး စွမ်းရည်မြှင့်တင်ပေးသည့်အသိုက်အဝန်းတစ်ခုကို ဖော်ဆောင်ပါသည်။ အထူးသဖြင့်၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြုရာဇ၀တ်မှုများ သို့မဟုတ် ကလေးသူငယ်များအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကြုံတွေ့ခဲ့ရသည့်သက်သေများအတွက် ဂရုတစိုက်ဆောင်ရွက်ပါသည်။ ဆေးဘက်ဆိုင်ရာ၊ စိတ်လူမှုဆက်ဆံ‌ရေးဆိုင်ရာ အကူအညီများ ထပ်မံလိုအပ်သည့် သက်သေများအတွက် ယန္တရားသည် သက်ဆိုင်ရာဝန်ဆောင်မှုပေးသူများနှင့် ချိတ်ဆက်ပေးပါသည်။