Select Page

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)။ ။ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နိုင်ငံတို့၏ အခြေအနေ

(၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင်၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၏ တရားခွင်အကြိုတရားရုံးအမှတ် (၃)က ICC၏ တရားစီရင်ခွင့်လက်အောက်တွင် ဖြစ်ပွားခဲ့သည်ဆိုသော ရာဇဝတ်မှုများအတွက် ICC၏ တရားလိုရှေ့နေအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့မဟုတ်၊ မြန်မာနိုင်ငံဆိုင်ရာ အခြေအနေအား ဆက်လက်စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ဤကဲ့သို့ ခွင့်ပေးခြင်းသည်၊ ICCရောမစာချုပ်၏ အဖွဲ့ဝင်မဟုတ်သော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအား၊ ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓမ္မနယ်နှင်ထုတ်မှုနှင့် ဆက်စပ်သည့် စွပ်စွဲခံထားရသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တရားလိုရှေ့နေက တောင်းဆိုချက်တင်ပြပြီး နောက်တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ တရားလိုရှေ့နေ၏ တင်ပြချက်အရ၊ ရိုဟင်ဂျာလူဦးရေ ခန့်မှန်းခြေ (၆)သိန်းမှ (၁)သန်းသည် အတင်းအဓမ္မပြုသော လုပ်ရပ်များကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အားဖြင့် ဖယ်ထုတ်ခံခဲ့ရသည်ဟု ဆိုသည်။

ICCနှင့် နှိုင်းလျှင် ယန္တရားက မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အားသုံးပြီး ပြည်နှင်ထုတ်ခြင်းဆိုင်ရာ ရာဇဝတ်မှုများအတွက်သာ စုံစမ်းစစ်ဆေးခွင့်ရှိသည် မဟုတ်ဘဲ၊ (၂၀၁၁) ခုနှစ်မှစ၍၊ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဒေသ၌မဆို ကျူးလွန်ခဲ့သည့်၊ လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများ၏ အထောက်အထားများအား စုဆောင်းပြီး၊ ရာဇဝတ်အမှုတွဲများကို ပြင်ဆင်သွားရန် လုပ်ပိုင်ခွင့်ရှိကြောင်းကို သတိပြုရန် အရေးကြီးပါသည်။ ကျူးလွန်သူနှင့် နစ်နာခံရသူတို့က မည်သည့် မျိုးနွယ်စု၊ နိုင်ငံသား သို့မဟုတ်၊ ဘာသာဝင်ပင် ဖြစ်စေ ယန္တရားက ဤကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

(၂၀၂၀) ခုနှစ် ဇွန် (၂၂) ရက် နေ့တွင် လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ချက် ၄၃/၂၆ ဖြင့် “အိုင်စီစီ သို့မဟုတ် အိုင်စီ‌ဂျေ တရားရုံးများ အပါအ၀င်၊ နိုင်ငံတွင်း၊ ‌ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး သို့ မဟုတ် ခုံရုံးများနှင့် ယန္တရားအကြား အနာဂတ် စုံစမ်းစစ်ဆေးမှုများအတွက် အနီးကပ်နှင့် အချိန်မှီ ပူးပေါင်း ဆောင်ရွက်ကြရန်” တိုက်တွန်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတွင် ကြားနာနေစဥ် (အိုင်စီစီ – စီပီအိုင်)