Select Page

ဥပ‌ဒေပိုင်းဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်များ

လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာအဘယ်နည်း။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများအဖြစ် သတ်မှတ်သည်။ လူမျိုးတုံးသတ်ဖြတ်မှု ဆိုသည်မှာ “နိုင်ငံသား၊ လူမျိုး၊ ဇာတိ မျိုးနွယ်တူလူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စု တစ်ခုလုံးကို သို့မဟုတ် အစိတ်အပိုင်း တရပ်ကို ဖျက်ဆီးရန်” ရည်ရွယ်ချက်ဖြင့် လုပ်ရပ်ငါးမျိုးထဲမှ တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော လုပ်ရပ်တစ်ခုခုကို ကျူးလွန်သောအခါ လူမျိုးတုံး သတ်ဖြတ်မှု မြောက်သည်။

တားမြစ်ထားသော လုပ်ချက်ငါးပါးသည် (၁) အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ (၂) အဖွဲ့၀င်များကို ပြင်းထန်သော ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေခြင်း၊ (၃) ၎င်း၏အဖွဲ့ဝင်များကို တစ်ခုလုံးဖြစ်စေသို့မဟုတ် တစ်စိတ်တစ်ပိုင်းဖြစ်စေ ကိုယ်ထိလက်ရောက်ဖျက်စီးရန် ရည်ရွယ်သည့်အဖွဲ့အပေါ် ဘဝအခြေအနေများကို တမင်တကာ နှိပ်စက်ခြင်း၊ (၄) အုပ်စုအဖွဲ့အတွင်း ကလေးမွေးဖွားခြင်းကို တားဆီးရန် အစီအမံများ ချမှတ်ထားခြင်း နှင့်၊ (၅) တစ်အုပ်စုမှ ကလေးများကို အခြားအုပ်စုသို့ အတင်းအကျပ် လွှဲပြောင်းခြင်း။

လူမျိုးတုံးသတ်ဖြတ်မှု ရာဇ၀တ်မှု သည် အစီအစဉ် သို့မဟုတ် မူဝါဒ မလိုအပ်သော်လည်း ၎င်းတို့ တည်ရှိနေခြင်းသည် အဖွဲ့ကို ဖျက်ဆီးရန် ကြံရွယ်ချက်၏ သက်သေ အထောက်အထား ဖြစ်နိုင်သည်။ လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုမြောက်ရန် ဓားစာခံ အရေအတွက် အနည်းဆုံး မည်မျှ ရှိရမည် ဆိုသည့် သတ်မှတ်ချက်မျိုး မရှိပါ။ သို့သော် ဖျက်ဆီးရန် ပစ်မှတ်ထားခံရသော အဖွဲ့၏ ဖျက်ဆီးခံရမှုသည် အုပ်စုတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်လောက်သည့် ဖျက်ဆီးမှုမျိုး ဖြစ်ရမည်။

စစ်ရာဇ၀တ်မှုဆိုသည်မှာ အဘယ်နည်း။

စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ရာဇ၀တ်မှုများကို ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများအဖြစ် သတ်မှတ်သည်။ စစ်ရာဇ၀တ်မှုဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခအတွင်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေဟု သိကြသော နိုင်ငံတကာစစ်စည်းမျဉ်းများကို ဖောက်ဖျက်သည့် ကျူးလွန်သောလုပ်ရပ်ကို သတ်မှတ်သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေက စစ်ပွဲအတွင်း လုပ်ရပ်များကို ကြပ်မတ်ထိန်းကျောင်းသည်။ ၎င်းသည် အလွန်အကျွံ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် ပျက်စီးစေမည့် စစ်ရေးလုပ်ဆောင်မှုများကို တားမြစ်ခြင်း၊ လက်နက်ကိုင်နှင့် အရပ်သားအကြား ခွဲခြားခြင်း နှင့်၊ အရပ်သားများအား ထိခိုက်နစ်နာမှု မရှိအောင် သို့မဟုတ် နည်းပါးအောင်ဆောင်ရွက်ခြင်း စသည့် အခြေခံသဘောတရားများပေါ် အခြေခံထားသည်။ ဤအခြေခံမူများကို ဖောက်ဖျက်သည့်လုပ်ရပ်သည် စစ်ရာဇ၀တ်မှုဖြစ်သည်။

စစ်ရာဇ၀တ်မှုများသည် နိုင်ငံတကာ သို့မဟုတ် နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခအတွင်း တိုက်ပွဲများတွင် အရပ်သားများ၊ အရပ်သားပိုင်ဆိုင်မှုများ၊ တိုက်ပွဲဝင်သူများနှင့် တိုက်ခိုက်ရေးသမားများအပေါ် တိုက်ရိုက်မပတ်သက်တော့ဘဲ စစ်ရာဇ၀တ်မှုများ ကျူးလွန်နိုင်သည်။ အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခဆိုသည်မှာ နိုင်ငံတစ်ခုမှ အခြားနိုင်ငံတစ်ခုကို အင်အားသုံး၍ တိုက်ခိုက်ခြင်း ဖြစ်သည်။ နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခဆိုသည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု သို့မဟုတ် လက်နက်ကိုင်အဖွဲ့များ၊ သို့မဟုတ် နိုင်ငံတော်၏ အင်အားစုများ တိုက်ခိုက်မှုသည်ပြည်တွင်း ပဋိပက္ခဖြစ်သည်။

ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲ ဆိုသည်မှာ အဘယ်နည်း။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ကို စစ်ဥပဒေများဟုလည်း ခေါ်သည်။ IHL သည် လက်နက်ကိုင်ပဋိပက္ခ၏ အခြေအနေများတွင်သာ သက်ရောက်မှုရှိသောကြောင့်၊ ပထမဆုံး အချက်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခ ရှိမရှိ ဆုံးဖြတ်ရန် အရေးကြီးပါသည်။ ထို့ပြင် နိုင်ငံတကာနှင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြား ခွဲခြားပိုင်းဖြတ်ရန်လည်း အရေးကြီးပါသည်။ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခ ဆိုသည်မှာ နိုင်ငံနှစ်ခု သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံအကြား ပဋိပက္ခ ဖြစ်သည်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဆိုသည်မှာ နိုင်ငံတစ်ခုနှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအကြား သို့မဟုတ် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များကြား ပဋိပက္ခဖြစ်သည်။ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခများနှင့် သက်ဆိုင်သည့် IHL စည်းမျဉ်းများသည် ပြည်တွင်း ပဋိပက္ခများတွင် အမြဲတမ်း အကျုံးဝင်မည်မဟုတ်ပါ။ တစ်နည်းဆိုရသော် နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခတွင် စစ်ရာဇ၀တ်မှုတစ်ခု ဖြစ်နိုင်သည့်အရာသည် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွင် စစ်ရာဇ၀တ်မှုတစ်ခု ဖြစ်ချင်မှ ဖြစ်ပါမည်။

လက်နက်ကိုင်ပဋိပက္ခတစ်ခုကို ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခအဖြစ် သတ်မှတ်နိုင်ရန်၊ တချို့သော လိုအပ်ချက်များ ပြည့်စုံရပါမည်။ ပထမလိုအပ်ချက်မှာ လက်နက်ကိုင် ပဋိပက္ခသည် သတ်မှတ်သည့် ပြင်းထန်မှု အဆင့်တခုထိ ရောက်ရှိသွားရမည်ဖြစ်သည်။ ထို့ပြင် ရန်လိုမှုများ သို့မဟုတ် တိုက်ပွဲများသည် ကြိုကြားကြိုကြားဖြစ်ခြင်း သို့မဟုတ် တစ်သီးတစ်ခြားစီဖြစ်ခြင်း အခြေအနေထက်ပိုရန် လိုအပ်သည်။ တခြား ထည့်သွင်းစဉ်းစားသည့်အချက်များမှာ တိုက်ခိုက်မှုများ၏ ပြင်းထန်မှု၊ လက်နက်ကိုင်တိုက်ခိုက်မှုများ တိုးပွား လာမှုအပြင် တိုက်ခိုက်မှုများ နယ်မြေတစ်ခုမှတစ်ခုသို့ အချိန်အတိုင်းအတာတစ်ခုအတွင်းပျံ့နှံ့မှုနှုန်း တို့ပါဝင်သည်။ ဒုတိယအနေဖြင့်လိုအပ်ချက်မှာ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့တွင် လုံလောက်သော အင်အား ဖွဲ့စည်း မှုရှိရမည် ဖြစ်သည်။ ထိုအဖွဲ့သည် အစီအစဉ်ဆွဲပြီး စစ်ဆင်ရေးများ လုပ်နိုင်စွမ်းရှိရမည် ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကျူးလွန်သည့် ရာဇ၀တ်မှုများကို စစ်ရာဇဝတ်မှုဟု သတ်မှတ်ရန် ကျူးလွန်သည့်ရာဇ၀တ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခကြား ဆက်စပ်မှု ရှိရမည်ဖြစ်သည်။ ၎င်းကို “ဆက်နွယ်မှု” (nexus) ရှိရန်လိုအပ်ချက် ဟုခေါ်သည်။ ဆက်နွယ်မှုရှိမရှိကို ဆုံးဖြတ်ခြင်းသည် ရှုပ်ထွေးနိုင်သော်လည်း အနိမ့်ဆုံးအားဖြင့် ရာဇ၀တ်မှုများသည် ရန်လိုမှုများနှင့် နီးကပ်စွာ ဆက်စပ်နေသည် သို့မဟုတ် ရန်လိုမှုများနှင့် ဆက်စပ်၍ ကျူးလွန်နေကြောင်း ဖော်ထုတ်ရန် အရေးကြီးပါသည်။ IHL ၏ အဓိက ရည်မှန်းချက်များအနက်မှ တစ်ခုသည် အရပ်သားများနှင့် အရပ်သားပစ္စည်းများကို တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရန် ဖြစ်သည်။ အရပ်သားလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်သည့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။

လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုသည်မှာ အဘယ်နည်း။

စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြစ်မှုတို့နှင့်အတူ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအဖြစ် ယူဆပါသည်။ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုသည်မှာ အရပ်သားများအား နေရာတစ်နေရာတွင် သို့မဟုတ် နယ်မြေတစ်ခုလုံးတွင် နေရာအနှံ သို့မဟုတ် စနစ်တကျ အစီအစဥ်ချ တိုက်ခိုက်မှုတွင် အစိတ်အပိုင်းတခုအဖြစ် ကျူးလွန်သည့် လုပ်ရပ်ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ အရပ်သားများကို အကြမ်းဖက်သည့် သို့မဟုတ် မတော်မတရားပြုသည့် မည်သည့် ပြုလုပ်မှုကိုမဆို ဤနေရာတွင် တိုက်ခိုက်မှုဟု ယူဆနိုင်သည်။

တိုက်ခိုက်မှုမှာ နေရအနှံ့တွင် လုပ်ဆောင်သော လုပ်ပ် သို့မဟုတ် စနစ်တကျ အစီအစဥ်ချ လုပ်ဆောင်သည့် လုပ်ရပ်မျိုး ဖြစ်ရမည်။ တိုက်ခိုက်မှု၏ အရှိန်အဟုန်နှင့် နစ်နာသူ အရေအတွက်အပြင် ရာဇ၀တ်လုပ်ရပ်ကြောင့် စုပေါင်းဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှု သို့မဟုတ် အတိုင်းထက်အလွန် ပြင်းထန်သည့် တစ်ခုတည်းသော ကျူးလွန်မှု၏ အကျိုးသက်ရောက်မှုကိုကြည့်ပြီး တိုက်ခိုက်မှုကို နေရာအနှံ့ဖြစ်သည့် တိုက်ခိုက်မှု ဟုတ်မဟုတ် ဆုံးဖြတ်သည်။ ပထဝီနယ်ပယ်အနေအထား၊ အချိန်အပိုင်းအခြားဆိုင်ရာ အတိုင်းအတာနှင့် ပစ်မှတ်ထားခံရသူ အရေအတွက်တို့သည် တိုက်ခိုက်မှုတစ်ခု နေရာအနှံ့အပြား၌ ဖြစ်ပွားမပွား စဉ်းစား ဆုံးဖြတ်ရာ၌ အကြုံး၀င်သည်။

ရံဖန်ရံခါ ကြုံတွေ့ရသည့် အဖြစ်အပျက်မျိုးမဟုတ်ဘဲ ဥပမာ လုံခြုံရေးတပ်ဖွဲ့များက တစ်နိုင်ငံလုံးတွင် စည်းချက်ချ တိုင်ပင် လုပ်ဆောင်သည့် လုပ်ရပ်မျိုးမဟုတ်ဘဲ အုံနှင့်ကျဥ်းနှင့် အစီအစဥ် အကွက်ချပြီး လုပ်ဆောင်သည့် အကြမ်းဖက်မှု ပါ၀င်နေသည့်လုပ်ရပ်သည် စနစ်တကျ အစီအစဥ်ချ တိုက်ခိုက်သည့် တိုက်ခိုက်မှု ဖြစ်သည်။

အကျဥ်းချခြင်းဖြစ်သော လူသားအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမှာ အဘယ်နည်း။

အကျဥ်းချခြင်းဖြစ်သော ရာဇဝတ်မှုတွင် လူတစ်ဦး၏ လွတ်လပ်မှုကို ပိတ်ပင်ခြင်း သို့မဟုတ် ဥပဒေနှင့်အညီ မဟုတ်ဘဲ လူတစ်ဦးအား ချုပ်နှောင်ခြင်း ပါဝင်သည်။

လွတ်လပ်မှုကို ပိတ်ပင်ခြင်းသည် တရားလက်လွတ် ပြုမှုဖြစ်သည် ဟုတ်မဟုတ်မှာ အကြောင်းခံများအပေါ် မူတည်ပါမည်၊ အောက်ပါတို့ ဟုတ်မဟုတ် ကဲ့သို့ အကြောင်းခံများအပေါ် မူတည်သည်- ၁) ချုပ်နှေင်ခြင်းမှာ တရားဝင် ချုပ်နှောင်သည့်အမိန့်အပေါ် အခြေခံသည် ဟုတ်မဟုတ် ၂) သူ/သူမအား ဖမ်းဆီးရန်အတွက် အကြောင်းရင်းများကို ချုပ်နှောင်ခံရသူအား အသိပေးခဲ့သည် ဟုတ်မဟုတ် ၃) သူ/သူမအပေါ် စွဲဆိုသည့် စွဲချက်များ တစ်စုံတစ်ရာ နှင့်/သို့မဟုတ် တရားဝင် စွဲချက်တင်ခဲ့ကြောင်းကို ချက်ချင်းနှင့် အထိုက်အလျောက် ချုပ်နှောင်ခံရသူအား အသိပေးခဲ့သည် ဟုတ်မဟုတ် ၄) သူ/သူမအတွက် ရှေ့နေ ရရှိရေး အပါအဝင် လုပ်ထုံးလုပ်နည်းဆိုင်ရာ အခွင့်အရေးများကို ချုပ်နှောင်ခံရသူအား အသိပေးခဲ့သည် ဟုတ်မဟုတ်၊ နှင့် ၅) ချုပ်နှောင်ခံရသူအား လွတ်လပ်၊ ဘက်မလိုက်သည့်အပြင် တမျှတသော တရားရုံးရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့သည် ဟုတ်မဟုတ် တို့ဖြစ်သည်။

“သံသယ” ရှိရုံမျှလောက်ဖြင့် ဆောင်ရွက်သည့် လွတ်လပ်မှုကို ပိတ်ပင်ခြင်းသည် တရားမျှတသည်ဟုဆိုသည့် ဥပဒေဆိုင်ရာ အခြေခံတစ်ခု မဟုတ်ပါ။ အလားတူပင် လူပုဂ္ဂိုလ်တစ်ဦးကို သူ/သူမသည် နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးဖြစ်သောကြောင့်၊ နိုင်ငံရေး လှုပ်ရှားသူ၏ မိသားစုဝင် သို့မဟုတ် ထောက်ခံသူဖြစ်သောကြောင့် သို့မဟုတ် သီးခြား ဘာသာရေး၊ နိုင်ငံသား သို့မဟုတ် တိုင်းရင်းလူမျိုးနှင့် နှီးနွှယ်ခဲ့သောကြောင့် ဖမ်းဆီးချုပ်နှောင်၍ မရနိုင်ပါ။

အတင်းအကျပ် အစဖျောက်ခြင်းဖြစ်သော လူသားအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမှာ အဘယ်နည်း။

အတင်းအကျပ် အစဖျောက်ခြင်းဖြစ်သော ရာဇဝတ်မှုတွင် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် အဓမ္မခေါ်ဆောင်ခြင်း လုပ်ပြီးနောက် လူတစ်ဦး၏ တည်ရှိရာနေရာများ သို့မဟုတ် လူတစ်ဦး၏ ကံကြမ္မာနှင့်ပတ်သက်၍ သတင်းပေးရန် ငြင်းဆိုခြင်း သို့မဟုတ် လွတ်လပ်မှု ပိတ်ပင်ခြင်း ဖြစ်ပွားခဲ့သည်ကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းတို့မှ တစ်ဆင့် လူတစ်ဦး၏ လွတ်လပ်မှုကို ပိတ်ပင်ခြင်းပါဝင်သည်။ အတင်းအကျပ် အစဖျောက်ခြင်းများကို နိုင်ငံတစ်ခု သို့မဟုတ် နိုင်ငံ ကဲ့သို့အာဏာရှိသည့် အဖွဲ့အစည်းတစ်ခု၏ လုပ်ဆောင်မှုဖြစ်သည် သို့မဟုတ် အခွင့်အာဏာ၊ ထောက်ခံမှု သို့မဟုတ် လိုက်လျောမှုဖြင့် လုပ်ဆောင်ခဲ့သည်။

ကနဦးအားဖြင့် ဥပဒေနှင့်အညီ ဖမ်းဆီးခြင်း သို့မဟုတ် ချုပ်နှောင်ခြင်းသည် ချုပ်နှောင်ခံရသူ၏ တည်ရှိရာနေရာနှင့် ပတ်သက်သည့် သတင်းကို ထိန်ခြန်ထားလျှင် အတင်းအကျပ် အစဖျောက်ခြင်းသို့ ကျရောက်နိုင်သည်။ လူတစ်ဦး၏ တည်ရှိရာနေရာ သို့မဟုတ် ကံကြမ္မာနှင့်ပတ်သက်၍ မမှန်သတင်းပေးခြင်းသည်လည်း သတင်းပေးရန် ငြင်းဆိုမှု မြောက်ကောင်း မြောက်နိုင်သည်။ အဆိုပါ အခြေအနေများအရ ချုပ်နှောင်ခံရသူတွင် ဥပဒေဆိုင်ရာ သက်သာခွင့်များ သို့မဟုတ် လုပ်ထုံးလုပ်နည်းဆိုင်ရာ အာမခံချက်များ မရရှိခဲ့သည့်အပြင် သူ/သူမ၏ ချစ်ခင်ရသူများက နစ်နာသူ မည်သည့်နေရာတွင် ရှိနေကြောင်း သို့မဟုတ် သူ/သူမအပေါ် မည်သည့်အရာ ဖြစ်ပျက်နေကြောင်း မသိကြရပါ။

နှိပ်စက်ညှဥ်းပန်းမှုဖြစ်သော လူသားအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမှာ အဘယ်နည်း။

ပြုလုပ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ပြုလုပ်မှု မလုပ်ဆောင်မှုကြောင့်ဖြစ်စေ လူတစ်ဦးအပေါ် ဆိုးဝါးသည့် နာကျင်မှု သို့မဟုတ် ဒုက္ခကျရောက်စေခြင်းသည် နှိပ်စက်ညှင်းပန်းမှုဖြစ်သော ရာဇ၀တ်မှုမြောက်သည်။ ၎င်းမှာ စိတ်ပိုင်းဆိုင်ရာအရ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်နိုင်ပြီး ရာသက်ပန် ထိခိုက်ဒဏ်ရာရမှု မဖြစ်စေသော်လည်း စိတ်မချမ်းမြေ့မှု၊ အရှက်တကွဲဖြစ်ရမှု သို့မဟုတ် စိတ်ကသိကအောက်ဖြစ်ရမှုတို့မှာ ယာယီထက်မက ပိုမို၍ ဖြစ်ပွားစေရမည်။ ပြုလုပ်မှုတစ်ခုမှာ ညှဥ်းပန်းနှိပ်စက်ခြင်း ဟုတ်မဟုတ်သည် အောက်ပါကဲ့သို့ အကြောင်းခံများ အပေါ် မူတည်ပါသည်- ၁) ဒုက္ခခံစားရခြင်း၏ ကာလအတိုင်းအတာ ၂) နစ်နာသူ၏ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေ ၃) နစ်နာသူအပေါ် သက်ရောက်မှုများ ၄) ဖြစ်ပွားစေခဲ့သည့် နာကျင်မှု၏ သဘောသဘာဝနှင့် နာကျင်မှုအခြေအနေ၊ နှင့် ၅) အသုံးပြုသည့် နည်းလမ်း သို့မဟုတ် လုပ်နည်း။ နှိပ်စက်ညှဥ်းပန်းမှုမြောက်ရန် တွေ့ရှိခဲ့သည့် ပြုလုပ်မှုများ၏ နမူနာများမှာ ခန္ဓာကိုယ်ပိုင်း ရိုက်နက်ခြင်းများ၊ လျှပ်စစ်ဓါတ်လိုက်ပေးခြင်းများ၊ မီးရှုံ့ခြင်းများ၊ ကာလအတန်ကြာမြင့်အောင် အိပ်စက်၍မရအောင်လုပ်ခြင်း သို့မဟုတ် အစားအစာမကျွေးခြင်း၊ လူတစ်ဦး၏ ဆွေမျိုးများအား သတ်ပစ်ရန် ခြိမ်းခြောက်ခြင်း၊ နှင့် အခြားသူများအား ကျူးလွန်သည့် နှိပ်စက်ရိုက်နက်မှုကို အဓမ္မ ကြည့်ရှုခိုင်းခြင်း တို့ဖြစ်ကြသည်။ မုဒိန်းကျင့်ခြင်းနှင့် လိင်ပိုင်း အကြမ်းဖက်မှုကို ၎င်းတို့၏ သဘောသဘာဝကြောင့် ဆိုးဝါးသော နာကျင်မှုနှင့် ဒုက္ခခံစားရမှု မြောက်သည်ဟု မှတ်ယူပါသည်။

ညှဥ်းပန်းနှိပ်စက်မှုဖြစ်သော ရာဇဝတ်မှု၏ အဓိပ္ပါယ်မှာ စီရင်ပိုင်ခွင့်အပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါသည်။ ဥပမာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ ရောမ ပြဌာန်းစာချုပ်အရ အချုပ်အနှောင် ခံနေရသည့် လူတစ်ဦး သို့မဟုတ် ညှင်းပန်းနှိပ်စက်သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသူတဦး အ‌ပေါ် ဆိုးဆိုးဝါး၀ါး နာကျင်စေခြင်း သို့မဟုတ် ဒုက္ခခံစားရစေခြင်းကို ညှင်းပန်းနှိပ်စက်မှုဖြစ်သော ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပါသည်။ တခြားအပြည်ပြည်ဆိုင်ရာ တရားရုံးများတွင်မူ သတင်းအချက်အလက် ရယူခြင်း သို့မဟုတ် အတင်းအကြပ် ဝန်ခံခိုင်းခြင်းကဲ့သို့ သတ်သတ်မှတ်မှတ် ရည်ရွယ်ချက်တခုအတွက် ဆိုးဆိုး၀ါး၀ါး နာကျင်မှုဖြစ်စေခြင်း သို့မဟုတ် ဒုက္ခခံစားစေခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းကို အခြေခံသည့် အကြောင်းရင်း တစ်ခုခုအတွက် ပြုလုပ်သည့် လုပ်ရပ်ကို ညှင်းပန်းနှိပ်စက်မှုဖြစ်သော ရာဇ၀တ်မှုအဖြစ် သတ်မှတ်သည်။ တချို့ ပြည်တွင်းတရားစီရင်ရေးစနစ်အရမူ အစိုးရ အာဏာပိုင်က သို့မဟုတ် အစိုးရအာဏာပိုင် လုပ်ပိုင်ခွင့်ကို ရရှိထားသူက ရည်ရွယ်ချက်ရှိရှိ ဆိုးဆိုး၀ါး၀ါး နာကျင်စေခြင်း သို့မဟုတ် ဒုက္ခခံစားစေသည့် အခြေအနေများကိုသာ ညှင်းပန်းနှိပ်စက်မှုဖြစ်သော ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။

တိုင်းပြည်တွင်းမှ မောင်းထုတ်ခြင်းနှင့် အတင်းအကျပ် ရွှေ့ပြောင်းခြင်းဆိုင်ရာ ရာဇ၀တ်မှုများဆိုသည်မှာ အဘယ်နည်း။

လူများကို ၎င်းတို့နေထိုင်ရာဒေသမှ အတင်းအဓမ္မ ထွက်ခွာခိုင်းခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှု သို့မဟုတ် နှစ်မျိုးလုံး ဖြစ်နိုင်သည်။

အရပ်သားများကို ၎င်းတို့အိမ်များမှ မောင်းထုတ်ခြင်းနှင့် အတင်းအကျပ် ရွှေ့ပြောင်းခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ အကွက်ချ လုပ်ဆောင်ပါက ယင်းလုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်သည်။ လူတစ်ဦးချင်းစီအား ၎င်းတို့ တရားဝင် နေထိုင်ခွင့်ရသည့်နေရာမှ အတင်းအဓမ္မ သို့မဟုတ် အကျပ်ကိုင် ရွှေ့ပြောင်းခိုင်းခြင်းကို တိုင်းပြည်တွင်းမှ နှင်ထုတ်ခြင်း သို့မဟုတ် အတင်းအကျပ် ‌ရွှေ့ပြောင်းခြင်းဟု ခေါ်ပြီး ယင်းလုပ်ရပ်များကို နိုင်ငံတကာဥပဒေတွင် ခွင့်ပြုမထားပါ။ နိုင်ငံတကာ နယ်ခြားမျဉ်းကို ဖြတ်ပြီး ရွှေ့ပြောင်းရသည့်အခါ ယင်းကို တိုင်းပြည်တွင်းမှ နှင်ထုတ်ခြင်းဟု ခေါ်သည်။ နိုင်ငံနယ်နမိတ်အတွင်း ယင်းသို့ ရွှေ့ပြောင်းခြင်းမျိုး ဖြစ်ပေါ်လာပါက အတင်းအကျပ် ရွှေ့ပြောင်းခြင်းဟု ခေါ်သည်။ အတင်းအကျပ် ရွှေ့ပြောင်းခြင်းသည် ကာယခွန်အား မလိုအပ်ဘဲ အင်အားခြိမ်းခြောက်မှု သို့မဟုတ် အကျပ်ကိုင်ခြင်း၊ ဖိနှိပ်ခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှု များကြောင့် ဖြစ်ပေါ်လာနိုင်သည်။ ဒုက္ခသည်များနှင့် နိုင်ငံမဲ့သူများ အပါအဝင် ပြည်တွင်း သို့မဟုတ် နိုင်ငံတကာဥပဒေအရ ထိုနေရာတွင်နေထိုင်ခွင့်ရှိလျှင် လူတစ်ဦးသည် နယ်မြေအတွင်း တရားဝင်ရောက်ရှိနေပါသည်။ အပြည်ပြည်ဆိုင်ရာဥပဒေသည် လူပုဂ္ဂိုလ်များ၏ လုံခြုံရေး အတွက် သက်သက် သို့မဟုတ် မရှိမဖြစ်လိုအပ်သော စစ်ရေး အကြောင်း ပြချက်များ အတွက်သာ ဆန္ဒ အလျောက် မဟုတ်သော ဖယ်ရှားခြင်းကို ခွင့်ပြုထားသော်လည်း ဖယ်ရှားရန် လိုအပ်သည့် ကာလအထိသာ ခွင့်ပြုထားသည်။

အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် နိုင်ငံတကာမဟုတ်သော လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသည့်အခါ ဥပဒေမဲ့ နှင်ထုတ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းသည် စစ်ရာဇ၀တ်မှု မြောက်နိုင်သည်။

လိင်ပိုင်းနှင့် ကျားမ အခြေပြုဆိုင်ရာ ရာဇ၀တ်မှုများဆိုသည်မှာ အဘယ်နည်း။

လိင်ပိုင်းနှင့် ကျားမ အခြေပြုဆိုင်ရာ ရာဇ၀တ်မှုများ ဆိုသည်မှာ လိင်ပိုင်းနှင့် ကျားမ အခြေပြု အစိတ်အပိုင်း တစ်ခု ပါ၀င်သည့် ရာဇ၀တ်မှုများကို ဖော်ပြရန် အသုံးပြုသည့် ကျယ်ပြန့်သော အသုံးအနှုန်းတစ်ခုဖြစ်ပါသည်။ ယင်းကို တစ်ခါတစ်ရံတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု ဟုလည်း ကိုးကား ခေါ်ဆိုပါသည်။ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများတွင် မုဒိမ်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ ပြည်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်း၊ အဓမ္မကိုယ်၀န်ဆောင်ခိုင်းခြင်း၊ အဓမ္မသားကျောဖြတ်စေခြင်း၊ လိင်ပိုင်းဆိုင်ရာအပြုအမူများလုပ်ဆောင်ရန် အဓမ္မခိုင်းစေခြင်း၊ မည်သည့်ပုံစံဖြင့်ဖြစ်စေ မုဒိမ်းကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကို ပြုလုပ်မှုများ၊ ကြိုးပမ်းအားထုတ်မှုများနှင့် ထိုသို့လုပ်ဆောင်ရန် ခြိမ်းခြောက်မှုများ အစရှိသည့် ရာဇ၀တ်မှုများ ပါ၀င်သည်။ အဓမ္မ၀တ်လစ်စလစ် ဖြစ်စေခြင်း၊ မလိုလားသည့် သို့မဟုတ် အဓမ္မဖျားယောင်းသွေးဆောင်မှု သဘောသက်ရောက်သည့် ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်း၊ တစ်စုံတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အဓမ္မမှု ကျူးလွန်ရန် အတင်းအဓမ္မ ခိုင်းစေခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းကို ကြည့်ရှုရန် အတင်းအဓမ္မ ခိုင်းစေခြင်းနှင့် အကြမ်းဖက်ခံရသူ၏ လိင်အင်္ဂါအား မည်သည့်ပုံစံမျိုးဖြင့်မဆို အကြမ်းဖက်ခြင်း အစရှိသည့် လိင်ပိုင်းဆိုင်ရာ သဘောဆောင်သည့် အပြုအမူများကို လုပ်ဆောင်ခြင်းနှင့် အလားတူ သဘောသက်ရောက်စေသည့်၊ အကျိုးသက်ရောက်မှုရှိသည့် လုပ်ဆောင်ချက် အပြုအမူများလည်း ပါ၀င်ပါသည်။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ဥပဒေအောက်တွင် မုဒိမ်းကျင့်ခြင်းသည် ကျား၊ မ ပေါ် အခြေမပြုပါ။ ဆိုလိုသည်မှာ အမျိုးသား၊ အမျိုးသမီး၊ မိန်းကလေး၊ ယောကျာ်းလေး၊ လိင်ပြောင်းထားသူ မည်သူမဆို မုဒိမ်းကျင့်မှုကို ကျူးလွန်ခံရနိုင်သည်ဟု ဖြစ်သည်။

ကျားမ အခြေပြုဆိုင်ရာ ရာဇ၀တ်မှုများဆိုသည်မှာ တစ်စုံတစ်ဦးအား ၄င်းတို့ မွေးဖွားလာသည့် ကျား၊မ ဖြစ်တည်မှု သို့မဟုတ် ၄င်းတို့၏ ကျား၊မ အဖြစ်ယူဆမှု အပေါ် တိုက်ရိုက် မူတည်ပြီး ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဆိုလိုသည်။ တစ်စုံတစ်ဦးအား ၄င်းတို့၏ ကျား၊မ ဖြစ်တည်မှုပေါ် အခြေခံပြီး ကျူးလွန်သည့် ရာဇ၀တ်မှုများသည် အရပ်သားလူထုအား ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ကျူးလွန်ပါက ယင်းကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတစ်ရပ်ဖြစ်သည့် ဖိနှိပ်ညှင်းပမ်းမှု (Persecution) ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်သည်။

ယန္တရားအနေဖြင့် ၄င်း၏ စုံစမ်းစစ်ဆေးမှုများနှင့် တည်ဆောက်နေဆဲဖြစ်သော အမှုတွဲများတွင် လိင်ပိုင်းနှင့် ကျားမအခြေပြုဆိုင်ရာ ရာဇ၀တ်မှုများကို တောက်လျှောက် ထည့်သွင်းစဥ်းစား လုပ်ဆောင်သွားရန် ရည်ရွယ် ပါသည်။ ယန္တရားအနေဖြင့် ၄င်း၏ ဆောင်ရွက်ချက်များတွင် ကျား၊မ ရေးရာ ရှုထောင့်စုံကိုလည်း ထည့်သွင်း စဥ်းစား လုပ်ဆောင်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ချက်များတွင် ပဋိပက္ခနှင့် ကျူးလွန်သောရာဇ၀တ်မှုများ၏ ကျား၊မ အခြေပြုသက်ရောက်မှုများကို ပိုမိုကျယ်ပြန့်စွာ ထည့်သွင်းစဥ်းစားခြင်းများအပြင်၊ မိမိတို့၏ ဆောင်ရွက် ချက်များတွင် ကျား၊မ ဖြစ်တည်မှု မျိုးစုံရှိသော လူပုဂ္ဂိုလ်အားလုံးအား ကျူးလွန်ခံရသူများနှင့် မျက်မြင်သက်သေ များအနေဖြင့် ပါဝင်စေရန် ဦးတည်ဆောင်ရွက်ခြင်းတို့ပါဝင်ပါသည်။

ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဆိုသည်မှာ အဘယ်နည်း။

ကလေးဆိုသည်မှာ အသက် ၁၈ နှစ်အောက် အရွယ် လူပုဂ္ဂိုလ်တစ်ဦးကို ရည်ရွယ်ပါသည်။ ကလေးများသည် သတ်ဖြတ်မှုများ၊ နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု ရာဇဝတ်မှုများ၊ ပြည်နှင်ခြင်း နှင့် ဖိနှိပ်ညှင်းပမ်းမှု (Persecution)ကဲ့သို့ ဆိုးဝါးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု အမျိုးအစားအားလုံးကို ကျူးလွန်ခံရသည့်နစ်နာသူများ ဖြစ်နိုင်ပါသည်။ “ကလေးများအပေါ် အထူးသဖြင့် ကျူးလွန်သည်” ဟု သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအချို့ရှိပါသည်။ ယင်းရာဇဝတ်မှု များတွင် အုပ်စုတစ်ခုမှ ကလေးများအား အခြားအုပ်စုတစ်ခုသို့ အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊ ကလေးသူငယ် များကို လူကုန်ကူးခြင်း၊ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၊ အသက် ၁၅ နှစ်အောက်အရွယ် ကလေးများအား လက်နက်ကိုင်ပဋိပက္ခများ၌ စစ်တိုက်ခိုင်းခြင်း သို့မဟုတ် အကြမ်းဖက်မှုများတွင် ပါဝင်စေရန် အသုံးချခြင်းအပြင်၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆောက်လုပ်ထားသော အဆောက်အဦးများကို တိုက်ခိုက်ခြင်းတို့ ပါဝင်သည်။

ယန္တရားသည် ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ သို့မဟုတ် ထိခိုက်မှုများ၏ အထောက်အထားကို ကောက်ယူစုဆောင်းနေပါသည်၊ ထို့ပြင် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် တည်ရှိသည့် တရားရုံးများတွင် တရားစွဲဆိုမှုများအတွက် အဆိုပါရာဇဝတ်မှုများအတွက် ယန္တရားက တည်ဆောက်နေဆဲဖြစ်သော အမှုတွဲများကို ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ယန္တရားအနေဖြင့် ကလေးများအား ကျူးလွန်ခံရသည့် နစ်နာသူများနှင့် လည်းကောင်း၊ မျက်မြင်သက်သေများအနေနှင့်လည်းကောင်း ဆက်သွယ်ဆောင်ရွက်သွားပါမည်။

ကလေးများနှင့်စပ်လျဥ်းသည့် ယန္တရား၏ အလုပ်တွင် လမ်းညွှန်ပေးသည့် အခြေခံစည်းမျဥ်းမှာ “ကလေး၏ အကောင်းဆုံး ကောင်းကျိုးများ”ကို ရည်ရွယ်၍ ဆောင်ရွက်သွားပါမည်။ ယန္တရားသည် ကလေးများနှင့် မိမိ၏ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများတွင် ကလေးများအနေဖြင့် တစ်ချိန်တည်းတွင် ထိရှလွယ်သော်လည်း စွမ်းဆောင်နိုင်မှုလည်း ရှိနိုင်ကြောင်း အသိအမှတ်ပြုလျက် ကလေးများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာကို အထူးအလေးထားပေးသွားပါမည်။ ယန္တရားသည် ကလေးများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာကောင်းမွန် ရေးကို ၎င်းတို့အား မေးမြန်းမှုများ ပြုလုပ်သည့်အခါတွင်လည်းကောင်း၊ ၎င်းတို့နှင့် ဆက်သွယ်သည့်အခါတွင် လည်းကောင်း အမြဲဦးစားပေးသွားပါမည်။

ဘင်္ဂလားဒေ့ရှ်/မြန်မာ အခြေအနေကို စုံစမ်းစစ်ဆေးရန် ICC ရှေ့နေကို မည်သူက အခွင့်အာဏာ ပေးထားပါ သနည်း။

ICC သည် ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရန် ဆောင်ရွက်နေသည့် နည်းလမ်းပေါင်းစုံထဲမှ လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။ ယေဘူယျအားဖြင့် ရောမသဘောတူစာချုပ် (အိုင်စီစီကို ထူထောင်သည့် သဘောတူညီချက်) တွင်ပါဝင်သော မည်သည့်နိုင်ငံအဖွဲ့ဝင်မဆို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရားလိုရှေ့နေကို တောင်းဆိုနိုင်သည်။ အလားတူ ရောမသဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားသော နိုင်ငံတစ်နိုင်ငံက ယင်းစာချုပ်အဖွဲ့ဝင် နိုင်ငံတနိုင်ငံက ၎င်း၏နယ်မြေတွင်း သို့မဟုတ် စာချုပ်အဖွဲ့ဝင် နိုင်ငံ၏ နိုင်ငံသားတစ်ဦးက ကျူးလွန်ခဲ့သော ပြစ်မှုများနှင့်စပ်လျဉ်း၍ အိုင်စီစီ၏ စီရင်ပိုင်ခွင့်အာဏာကိုလည်း လက်ခံနိုင်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရားလိုရှေ့နေအား တောင်းဆိုနိုင်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အခြေအနေတစ်ရပ်ကို ထပ်မံ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် အိုင်စီစီသို့ လွှဲပြောင်းပေးနိုင်သည်။ နောက်ဆုံးအနေဖြင့် အိုင်စီစီ အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် အိုင်စီစီ၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံထားသော နိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားတယောက်ယောက်က အိုင်စီစီ ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်ရှိသော် သို့မဟုတ် ၎င်းနိုင်ငံများအတွင်း အိုင်စီစီ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ရှိသော် တရားလိုရှေ့နေသည် သူမ သို့မဟုတ်သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်သည်။ သို့သော်လည်း ဤကိစ္စရပ်တွင် တရားလိုရှေ့နေသည် တရားခွင်အကြိုလွှတ်တော်ထံမှ ခွင့်ပြုချက်ရယူဖို့လိုအပ်သည်။

ဘင်္ဂလားဒေ့ရှ်/မြန်မာ၏အခြေအနေများတွင်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရားခွင်အကြိုလွှတ်တော် အမှတ် ၃ မှ ခွင့်ပြုပေးခဲ့သော တရားလိုရှေ့နေ၏ အစပြုမှုဖြင့် စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ဆုံးဖြတ်ချက်တွင်၊ တရားသူကြီးများက အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ နယ်မြေတွင် ရာဇ၀တ်မှုဆိုင်ရာ ကျင့်ဝတ် တစ်စိတ်တစ်ပိုင်းမျှ ကျူးလွန်ရုံဖြင့် အိုင်စီစီသည် ရာဇ၀တ်မှုဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးနိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ မြန်မာနိုင်ငံသည် ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်သည် ရောမသဘောတူစာချုပ်ကို ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ထို့ကြောင့် စွပ်စွဲထားသော ရာဇ၀တ်မှုကျူးလွန်မှုသည် ဘင်္ဂလားဒေ့ရှ် ပိုင်နက်တွင် ဖြစ်ပွားပါက အိုင်စီစီ၏ နယ်မြေတရားစီရင်ပိုင်ခွင့်ကို ပေးအပ်ရန် လုံလောက်ပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလွှားတွင် နိုင်ငံတွင်းမှ မောင်းထုတ်ခြင်းဖြင့် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ ဖိစီးနှိပ်စက်ခြင်းအားဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုများကို လူမျိုးရေးနှင့်/သို့မဟုတ် ဘာသာတရားကြောင့် ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်မှုများ ကျိုးကြောင်းခိုင်လုံသော အခြေခံအချက်ရှိကြောင်း တရားသူကြီးများက လက်ခံခဲ့သည့် နည်းတူ ဤရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးဖို့ရာ တရားလိုရှေ့နေအား အခွင့်အာဏာ ပေးထားသည်။ တခြား ရာဇဝတ်မှုများသည် အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်အတွင်း ကျရောက်ပါက သို့မဟုတ် တရားလိုရှေ့နေ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည့်အခြေအနေနှင့် လုံလောက်စွာ ဆက်စပ်နေပါက ယင်းရာဇ၀တ်မှုများကိုလည်း စုံစမ်းစစ်ဆေးရန် တရားသူကြီးများက တရားလိုရှေ့နေအား အခွင့်အာဏာ ပေးထားသည်။

နေရာမရွေး အကြွင်းမဲ့ စီရင်ပိုင်ခွင့် ဆိုသည်မှာ အဘယ်နည်း။ မြန်မာနိုင်ငံ၌ ကျူးလွန်သည့် ရာဇဝတ်မှုများကို မြန်မာနိုင်ငံပြင်ပ တရားရုံးများတွင် မည်သို့တရားစွဲဆိုနိုင် သနည်း။

နေရာမရွေး အကြွင်းမဲ့ စီရင်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံသည် စွပ်စွဲသည့် ရာဇဝတ်မှုအား ယင်းနိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း ကျူးလွန်ခဲ့သည် မဟုတ်သည့်တိုင် သို့မဟုတ်၊ အဆိုပါနိုင်ငံ၏ နိုင်ငံသားက ကျူးလွန်ခဲ့ သည် မဟုတ်သည့်တိုင်၊ ဆိုးဝါးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် လူပုဂ္ဂိုလ်များကို ၎င်းတို့၏ နိုင်ငံတွင် တရားစွဲဆိုနိုင်ခြင်းဖြစ်သည့် ယူဆချက်ကို ဆိုလိုပါသည်။ အဆိုပါရာဇဝတ်မှုများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သတ်ဖြတ်သည့်ရာဇဝတ်မှုနှင့် နှိပ်စက်ညှဥ်းပန်းမှု တို့ပါဝင်နိုင်သည်။

နေရာမရွေးအကြွင်းမဲ့စီရင်ပိုင်ခွင့်ကို အချို့ရာဇဝတ်မှုများမှာ အလွန်ဆိုးဝါး၍ ၎င်းရာဇဝတ်မှုများသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို ထိခိုက်စေပြီး၊ အဆိုပါ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ်များအား တာဝန်ခံစေရန် နိုင်ငံအားလုံးက မြင်တွေ့လိုကြသည်ဟူသော ယူဆမှုအပေါ် အခြေခံသည်။ ကျူးလွန်သည့်ရာဇဝတ်မှု ဖြစ်ပွားရာနိုင်ငံတွင် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် မဖြစ်နိုင် သို့မဟုတ် ထိုနိုင်ငံကမလိုလားသည့်အခါတွင် တခြားနိုင်ငံများက နေရာမရွေးအကြွင်းမဲ့စီရင်ပိုင်ခွင့်ကို နောက်ဆုံး လက်တွေ့ကျ တုန့်ပြန်မှုအနေနှင့် များသောအားဖြင့် အသုံးချကြပါသည်။

နေရာမရွေးအကြွင်းမဲ့စီရင်ပိုင်ခွင့် အခြေခံစည်းမျဥ်းအရ၊ နိုင်ငံများသည် မိမိတို့၏ ကိုယ်ပိုင်ဥပဒေများအပေါ် မူတည်၍၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့၌ ဆိုးဝါးသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည် ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်များကို တရားစွဲဆိုနိုင်သည်။ အချို့နိုင်ငံများက အထက်ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ၏ ကျူးလွန်သူများ သို့မဟုတ် နစ်နာခံရသူများသည် အဆိုပါ နိုင်ငံ၏ နိုင်ငံသားများ သို့မဟုတ်၊ ၎င်းတို့၏ ပိုင်နက်နယ်မြေအတွင်း ရှိနေကြောင်း တင်ပြပြီးသည့်အခါမှ နေရာမရွေးစီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ပါသည်။ သို့သော်လည်း အချို့နိုင်ငံများကမူ ယင်းတို့နိုင်ငံနှင့် ဆက်သွယ်မှု မည်သို့မျှမလိုပြီး၊ အချက်အလက်များက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရာဇဝတ်မှုများ သို့မဟုတ် လူမျိုးသုဉ်း သတ်ဖြတ်သည့်ရာဇဝတ်မှုဖြစ်ကြောင်း ဖော်ပြလျှင် နေရာမရွေးအကြွင်းမဲ့စီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ပါသည်။

သတင်းပေးအဖြစ်သံသယရှိသူကို ကွက်မျက်မှုက ကြီးမားတဲ့ နိုင်ငံတကာရာဇ၀တ်မှု မြောက်သလား။

မြန်မာနိုင်ငံရှိ အရပ်သားများသည် “ဒလန်” (သတင်းပေးသူ သို့မဟုတ် ပူးပေါင်းသူ) ဟု သံသယရှိခြင်းကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းခံနေရသည်ဟု အစီရင်ခံစာအများအပြားက ဖော်ပြသည်။ ကျူးလွန်သူများသည် ထိုသို့သောသတ်ဖြတ်မှုသည် တရားမျှတပြီး ဥပဒေနှင့်ညီသည်ဟု တခါတရံ မှားယွင်းစွာပြောဆို ကြသည်။

လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေတွင် အရပ်သားများ (လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင်အုပ်စု အဖွဲ့ဝင်မဟုတ်သူ) သည်ရန်လိုမှုများတွင် တိုက်ရိုက်ပါဝင်ပက်သက်သည့် သီးသန့် လုပ်ရပ်တစ်ခု လုပ်ဆောင်နေချိန်မှအပ၊ ပစ်မှတ်ထား မတိုက်ခိုက်နိုင်ကြောင်း ဖော်ပြထားသည်။

အခြားတစ်ဖွဲ့မှ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များ ရယူခြင်း သို့မဟုတ် ပေးပို့ခြင်းသည် အချို့သော အခြေအနေများတွင် တိုက်ရိုက်ပါဝင်ခြင်း ဖြစ်နိုင်သော်လည်း၊ လူတစ်ဦးကို အဆိုပါသီးသန့် လုပ်ရပ်တွင် ပါဝင်နေချိန်တွင်သာ ပစ်မှတ်ထား တိုက်ခိုက်နိုင်သည်။ အရပ်သားများအား ၎င်းတို့၏ အတိတ်က တိုက်ရိုက်ပါဝင်ဆောင်ရွက်မှုများအတွက် ပြစ်ဒဏ်ပေးခြင်း မလုပ်ရသလို၊ အနာဂတ်တွင် မလုပ်ရန် တားဆီးသည့် အနေဖြင့် အပြစ်ပေးခြင်း မလုပ်နိုင်ပါ။ ထို့အပြင်၊ သံသယရှိယုံနှင့်လည်း မလုံလောက်ပါ။ လူတစ်ဦးသည် ရန်လိုမှုများတွင် တိုက်ရိုက် ပါဝင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်ပြီး သေချာမသိပါက၊ အရပ်သားဘက်ကိုသာ အနိုင်ပေး ဖြေရှင်းရမည်ဖြစ်သည်။ ရန်လိုတိုက်ခိုက်မှုတွင် ပါဝင်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ မည်သူ့ကိုမဆို ချက်ချင်း ကွပ်မျက်ခြင်း မပြုရပါ။