Select Page

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian ၏ တင်သွင်းချက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

ဥက္ကဌကြီးနဲ့

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

အခုလိုအရေးကြီးတဲ့အကြောင်းအရာကို တင်သွင်းရခြင်းအတွက် ဂုဏ်ယူပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာ နိုင်ငံတွင်း ကျူးလွန်ခဲ့တဲ့ အကြီးလေးဆုံးနိုင်ငံတကာရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။ ဝမ်းနည်းစွာနဲ့ပဲ SGBC (sexual and gender based crimes) လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြု ရာဇ၀တ်မှုတွေဟာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေမှာ သိသာထင်ရှားစွာ ပါဝင်နေပါတယ်။ နိုင်ငံတဝှမ်းရှိ အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေးငယ်၊ မိန်းကလေးငယ်တွေနဲ့ ကွဲပြားတဲ့ ဂျင်ဒါသတ်မှတ်ချက်ရှိသူတွေအပေါ် ကျူးလွန်ခဲ့တဲ့ SGBC ဆိုင်ရာ အထောက်အထားများစွာကို ကျွန်တော်တို့ စုဆောင်းရရှိထားပါတယ်။

ဒီရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ စိန်ခေါ်မှုတွေရှိပါတယ်။ ဒီရာဇဝတ်မှုတွေကို သတင်းပေး ပို့မှုနဲ့ မှတ်တမ်းတင်ထားမှုနည်းပါးပြီး၊ သမိုင်းတလျှောက် တရားစွဲအရေးယူမှုလည်း နည်းပါးခဲ့တာကို ကျွန်တော်တို့သိထားပါတယ်။ ဒီအားနည်းချက်ကိုဖြေရှင်းဖို့ ယန္တရားက SGBC ဖြစ်ရပ်ပါဝင်တဲ့ အမှုတိုင်းကို ဦးစားပေးစုံစမ်းစစ်ဆေးဖို့ အားထုတ်ကြိုးပမ်းနေပါတယ်။

ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေရဲ့ ပင်မလုပ်ငန်းစဥ်ထဲမှာ ဂျင်ဒါကို စနစ်တကျထည့်သွင်းထားပြီး၊ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ ဂျင်ဒါရှုထောင့်အမြင်ကို အမြဲတမ်းထည့်သွင်းစဉ်းစားဖို့ ကြိုးစားပါတယ်။ မြန်မာနိုင်ငံဟာ ဖိုဝါဒကြီးစိုးတဲ့နိုင်ငံဖြစ်ပြီး၊ ဒီဓလေ့က နေ့စဥ်လူနေမှုဘဝထဲမှာ စိမ့်ဝင်နေပါတယ်။ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ဂျင်ဒါရှုထောင့်ကို ထည့်သွင်းခြင်းအားဖြင့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ထိခိုက်ခံစားရမှု၊ ရာဇ၀တ်မှု ကျူးလွန်သူတွေကို တွန်းအားပေးတဲ့အကြောင်းရင်းတွေအပေါ် ဂျင်ဒါရဲ့သက်ရောက်မှုကို ပိုပြီး နက်နက်နဲနဲသိမြင်နိုင်မှာပါ။ ဒီကတဆင့် ကျွန်တော်တို့အနေနဲ့ ထိခိုက်မှုအတိုင်းအဆ၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သူတို့အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုတွေကို ပိုပြီး နားလည်လာစေပါတယ်။

ယန္တရားမှာ SGBC ဆိုင်ရာ အထူးကျွမ်းကျင်စုံစမ်းစစ်ဆေးသူတွေနဲ့ ရှေ့နေတွေ ခန့်ထားပြီး သူတို့တွေက သီးသန့်လုပ်ကိုင်နေတာမဟုတ်ဘဲ SGBC လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလုပ်ငန်းအဖွဲမှာ စုံစမ်းစစ်ဆေးသူတွေ၊ ရှေ့နေတွေ၊ စိစစ်သုံးသပ်သူတွေ၊ သက်သေကာကွယ်ရေးနဲ့ ပံ့ပိုးရေးအရာရှိတွေအပြင် ဘာသာဗေဒ၊ ယဥ်ကျေးမှုနဲ့ သက်ဆိုင်ရာအကြောင်းအရာတွေမှာ ကျွမ်းကျင်သူတွေ ပါဝင်ပြီး ဦးစားပေးစုံစမ်းစစ်ဆေးမှုတွေမှာ ဂျင်ဒါဆိုင်ရာစဉ်းစားချက်တွေကို လုပ်ငန်းစကတည်းက ပေါင်းစပ်လုပ်ဆောင်ပါတယ်။

ယန္တရားက SGBC နဲ့ ဂျင်ဒါဆိုင်ရာ လမ်းညွှန်စာတမ်းတွေ ပြုစုခဲ့ပြီး၊ ဝန်ထမ်းတွေကို သင်တန်းပေးခဲ့ပါတယ်။ ဒီအထဲမှာ SGBC အမှုဖြစ်ပွားခဲ့တာ၊ ဆက်လက်ဖြစ်ပွားနေတာ၊ ဖြစ်ပွားနိုင်ဖွယ်ရှိတာတွေကို ညွှန်ပြနေတဲ့ သတိပေးလက္ခဏာတွေ ဒါမှမဟုတ် red flags လို့ခေါ်တဲ့ အချက်ပြလက္ခဏာတွေကို ဖော်ထုတ်တဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။

မတူကွဲပြားတဲ့ မြန်မာတိုင်းရင်းသားလူမျိုးစုတွေရဲ့ မြေပြင်က အမျိုးသမီးအဖွဲ့တွေ၊ အမျိုးသမီး ခေါင်းဆောင်တွေ၊ LGBTQI အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့ အထူးကြိုးစား ဆောင်ရွက်ပါတယ်။ သူတို့ရဲ့အမြင်တွေကို ကျွန်တော်တို့ရဲ့ မူဝါဒတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပေါင်းစပ်ပါတယ်။ ဒါ့အပြင် တာဝန်ခံမှုရရှိရေးလုပ်ငန်းစဥ်မှာ သူတို့ရဲ့ သဘောထားတွေကို ထည့်သွင်းနိုင်ဖို့ ပံ့ပိုးပါတယ်။

ယန္တရားနဲ့ ထိတွေ့ဆက်ဆံသူတွေကို ပံ့ပိုးဖို့စဉ်းစားတဲ့အခါမှာလည်း ဂျင်ဒါရှုထောင့်အမြင်က အသုံးဝင်ပါတယ်။ SGBC အမှုတွေကနေ အသက်ရှင်ကျန်ရစ်သူတွေဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ တွေ ရရှိခဲ့ပေမဲ့လည်း၊ ဒီအကြောင်းတွေကို ထုတ်မပြောသင့်တဲ့အရာလို့ ခံယူထားတတ်ကြပါတယ်။ အများစုက ခွဲခြားနှိမ်ချခံရမှာကိုကြောက်တဲ့အတွက် သူတို့ကြုံတွေ့ခဲ့ရတာတွေကို မိသားစု ဝင်တွေကိုတောင် မပြောကြပါဘူး။

ဂျင်ဒါဆိုင်ရာအနေအထားတွေကို အပြည့်အဝနားလည်ထားခြင်းအားဖြင့်၊ ကျွန်တော်တို့က အသက်ရှင်ကျန်ရစ်သူတွေကို ပိုမိုကူညီနိုင်မှာဖြစ်ပြီး စွမ်းအားမြှင့်တင်ပေးဖို့လည်း လုပ်ဆောင် နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့က အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းဖို့ စီစဥ်တဲ့အခါမှာ သူ့မှာ ကိုယ်ပိုင်ဖုန်းရှိသလား၊ ဒါမှမဟုတ် သူ့ခင်ပွန်းရဲ့ ခွင့်ပြုချက် ယူရသလား၊ တချို့အချိန်တွေမှာ ကျွန်တော်တို့နဲ့ စကားပြောဖို့ အဟန့်အတားဖြစ်စေတဲ့ မိသားစုတာဝန်တွေ သူ့မှာ ရှိနေလား၊ သူနဲ့ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့အတွက် ပြင်ဆင်တဲ့အခါ လိုအပ်တဲ့ပံ့ပိုးမှုတွေပေးနိုင်တဲ့ လုံခြုံတဲ့နေရာတစ်ခု စီစဉ်ဖို့ လိုသလား စသဖြင့် မေးဖို့လိုပါတယ်။

အင်တာဗျူးလုပ်တဲ့အခါ အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြန်တွေးရတာဖြစ်လို့ သက်သေတွေအတွက် အလွန်စိတ်ဖိစီးနိုင်ပါတယ်။ ကျွန်တော်တို့နဲ့ မတွေ့ဆုံခင်၊ တွေ့ဆုံနေစဥ်နှင့် တွေ့ဆုံပြီး အချိန်တွေမှာ လူတစ်ဦးချင်းစီရဲ့ သီးခြားလိုအပ်ချက်တွေကို မြန်မာစကားပြော စိတ်ကျန်းမာရေးပညာရှင်ပါ၀င်တဲ့ သက်သေပံ့ပိုးမှုအဖွဲ့က အကဲဖြတ်ပါတယ်။ အဲဒီနောက် လိုအပ်ပါက သင့်လျော်တဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေလုပ်ဖို့ အကြံပြုပါတယ်။ အကယ်၍ သက်သေအတွက် ထိခိုက်နိုင်ခြေကြီးလွန်းပါက အင်တာဗျူး မလုပ်ဖို့ အကြံပြုပါတယ်။

SGBC အမှုတွေဟာ စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ အခက်ခဲဆုံး ရာဇ၀တ်မှုတွေထဲ ပါပါတယ်။ ဒါပေမဲ့လည်း၊ ဒီစုံစမ်းစစ်ဆေးမှုတွေကို ကျွန်တော်တို့ရဲ့ လုပ်ငန်းကဏ္ဍအားလုံးမှာ ဦးစားပေးပြီး၊ ဂျင်ဒါရှုထောင့်အမြင်တွေကို အမြဲထည့်သွင်းစဥ်းစားပြီး ဆောင်ရွက်နေမယ်ဆိုရင် ဒီလိုကြောက်မက်ဖွယ်ရာဇ၀တ်မှုတွေကနေ အသက်ရှင်ကျန်ရစ်သူတွေအတွက် တနေ့မှာ တရားမျှတမှုရရှိမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်။