Select Page

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်မှ ထုတ်ပြန်ချက်

ဂျီနီဗာ၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃။ လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက အနီးကပ် စောင့်ကြည့်နေသည်။

ယန္တရားကရရှိထားသည့် အချက်အလက်များအရ၊ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွပ်မျက်မှုကို ကြုံတွေ့ရနိုင်သည်။

တရားမျှတသောအမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်။

တရားမျှတသော အမှုစစ်ဆေးစီရင်မှုဖြစ်စေရန် အခြေခံအကျဆုံး လက္ခဏာတစ်ရပ်မှာ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည့် ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာရှိသည့်အခါမှလွဲ၍ အများပြည်သူရှေ့မှောက်တွင် အတတ်နိုင်ဆုံး စစ်ဆေးစီရင်ရန်ဖြစ်သည်။ အမှုများအား လျှို့ဝှက်စွာစစ်ဆေးစီရင်သည့်အခါ၊ ဘက်မလိုက်ဘဲ လွတ်လပ်သော ခုံရုံးဖြစ်ရမည်ဆိုသည့်အချက်ကဲ့သို့ တရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြားသောအာမခံချက်များကို ကျင့်သုံးခြင်း ရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိသည်။ ထိုအခြေအနေမျိုးတွင် ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်။

တရားမျှတသောအမှုစစ်ဆေးစီရင်မှု၏ အခြေခံအာမခံချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့အား တရားစွဲဆိုထားသော အမှုများကို ယန္တရားက စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းလျက်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။