Select Page

ဥပ‌ဒေပိုင်းဆိုင်ရာ အယူအဆ၊ ဖွင့်ဆိုချက်များနှင့် မေးခွန်းများ

ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုတာ ဘာလဲ။

ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုသည်မှာ စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ လူမျိုးပြုန်းစေမှု အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်သည့် ပြစ်မှုများ ဖြစ်သည်။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှုများ အကြောင်း ပိုမိုသိရှိလိုပါက theကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) သို့ဝင်ကြည့်ပါ။

လူမျိုးပြုန်းစေမှုဆိုတာ ဘာလဲ။

လူမျိုးပြုန်းစေမှုဆိုသည်မှာ “နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စု တစ်စုလုံး သို့မဟုတ် တစိတ်တပိုင်းကို ပျက်သုဥ်းစေရန် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း သို့မဟုတ် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် လုပ်ရပ်များကို ကျူးလွန်ခြင်းဖြစ်သည်။

လူမျိုးပြုန်းစေသည့် ရာဇ၀တ်မှု ကျူးလွန်ရန်အတွက် အစီအစဥ်တစ်ခု သို့မဟုတ် မူဝါဒတစ်ရပ်ထားရှိရန် မလိုပါ။ သို့သော်လည်း ထိုသို့စီမံချက်၊ မူဝါဒများ ရှိနေပါက ယင်းတို့သည် လူမျိုးပြုန်းစေရန် ကြံရွယ်လုပ်ဆောင်သည့် အထောက်အထားများအဖြစ် သတ်မှတ်နိုင်သည်။ လူမျိုးပြုန်းစေသည့် ရာဇဝတ်မှုဖြစ်ရန် သေဆုံးသူအရေအတွက် အနည်းဆုံး မည်မျှရှိရမည်ဟူ၍ သတ်မှတ်ချက်မရှိပါ။ သို့သော် ပစ်မှတ်ထားတိုက်ခိုက်ခံရသူများအပေါ် ကျူးလွန်သည့် ပြစ်မှုသည် အုပ်စုတစ်စုလုံး အပေါ် ခြုံငုံသက်ရောက်နိုင်သည့် ရာဇဝတ်မှုမျိုး ဖြစ်ရမည်။

အသေးစိတ်အချက်အလက်များအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ရောမသဘောတူစာချုပ် နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ရာဇဝတ်မှုများ၏ အခြေခံလက္ခဏာများ သို့ဝင်ကြည့်ပါ။

စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ။

စစ်ရာဇဝတ်မှုဆိုသည်မှာ နိုင်ငံတကာစစ်ပွဲဆိုင်ရာစည်းမျဉ်းများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း ဖြစ်သည်။ ဥပမာ – ဖမ်းမိထားသော ရန်သူ့စစ်သားများကို ပြင်းထန်ဆိုးရွားစွာ ဆက်ဆံခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း၊ မုဒိမ်း ကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများအား နိုင်ငံတွင်းမှ နှင်ထုတ်ခြင်း စသည်တို့ဖြစ်သည်။

နိုင်ငံတကာစစ်ပွဲဆိုင်ရာစည်းမျဉ်းဥပဒေများသည် အသက်ကယ်တင်ရန်နှင့် ဝေဒနာခံစားရမှုများကို လျှော့ချရန်ဆိုသည့် မူများကို အခြေခံသည်။ ထို့အပြင် အလွန်အကျွံ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် သေကြေပျက်စီးစေမည့် စစ်ရေးလုပ်ဆောင်မှုများကို တားမြစ်ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်သူများနှင့် အရပ်သားများကို ခွဲခြားတိုက်ခိုက်ခြင်း၊ အရပ်သားများအား ထိခိုက်နစ်နာမှု မရှိစေရန် သို့မဟုတ် နည်းပါးစေရန် ဆောင်ရွက်ခြင်းစသည့် စည်းမျဥ်းများလည်း ပါဝင်သည်။ ဤအခြေခံမူများကို ဖောက်ဖျက်သည့် လုပ်ရပ်များသည် စစ်ရာဇ၀တ်မှုမြောက်သည်။

စစ်ရာဇ၀တ်မှုများတွင် အရပ်သားများ၊ အရပ်သားများ၏ ပိုင်ဆိုင်မှုများ၊ တိုက်ခိုက်ရေးသမားများနှင့် တိုက်ပွဲများတွင် တိုက်ရိုက်မပါဝင်တော့သူများအပေါ် ကျူးလွန်မှုများလည်း ပါဝင်သည်။

အသေးစိတ်အချက်အလက်များအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ရောမသဘောတူစာချုပ် နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ရာဇဝတ်မှုများ၏ အခြေခံလက္ခဏာများ သို့ဝင်ကြည့်ပါ။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုတာ ဘာလဲ။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ လိင်ပိုင်း ဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ၊ နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းနှင့် အတင်းအကြပ်လွှဲပြောင်းခြင်း၊ သို့မဟုတ် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ကျုးလွန်သည့် ရာဇ၀တ်မှုများ ပါဝင်သည်။

ကျူးလွန်မှုဖြစ်ပွားသည့် နယ်မြေအကျယ်အဝန်း၊ အချိန်အပိုင်းအခြားနှင့် ပစ်မှတ်ထားခံရသူ အရေအတွက်တို့သည် တိုက်ခိုက်မှုတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်းရှိ၊မရှိ စဉ်းစားဆုံးဖြတ်ရာ၌ အခရာကျသည်။ တိုက်ခိုက်မှုတစ်ခုသည် တသီးတခြားစီ ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ အစီအစဥ်တကျ တိုက်ခိုက်မှုမျိုးဖြစ်နေပါက စနစ်တကျတိုက်ခိုက်မှုဟု သတ်မှတ်နိုင်သည်။ ဥပမာ – လုံခြုံရေးတပ်ဖွဲ့များက တစ်နိုင်ငံလုံးအနှံ့ တိုက်ခိုက်မှုများကို ညှိနှိုင်းဆောင်ရွက်သည့်အခါမျိုး ဖြစ်သည်။

အသေးစိတ်အချက်အလက်များအတွက်၊ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ရောမသဘောတူစာချုပ် အပိုဒ် ၇ နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ရာဇဝတ်မှုများ၏ အခြေခံလက္ခဏာများ တွင်ဝင်ကြည့်ပါ။

အကျဥ်းချခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုတာ ဘာလဲ။

အကျဉ်းချခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုဆိုသည်မှာ နိုင်ငံတကာဥပဒေအရ ချမှတ်ထားသည့် လုပ်ငန်းစဉ်ကို မလိုက်နာဘဲ လူတစ်ဦး၏ လွတ်လပ်မှုကို ပိတ်ပင်ခြင်း ဖြစ်သည်။

လူတစ်ဦးကို သံသယရှိရုံဖြင့် ၎င်း၏လွတ်လပ်မှုကို ပိတ်ပင်၍မရပါ။ အလားတူပင် လူပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သောကြောင့်သော်လည်းကောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၏ မိသားစုဝင် သို့မဟုတ် လုပ်ဖော်ကိုင်ဖက် ဖြစ်သောကြောင့်သော်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းခြင်း မပြုနိုင်ပါ။ ထို့အတူ ဘာသာရေး၊ လူမျိုး သို့မဟုတ် မျိုးနွယ်စု တစ်ခုခုနှင့် ဆက်စပ်နေသောကြောင့်လည်း ဖမ်းဆီးထိန်းသိမ်းခြင်း မပြုနိုင်ပါ။

အတင်းအကြပ်အစဖျောက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဆိုတာ ဘာလဲ။

အတင်းအကြပ်အစဖျောက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုဆိုသည်မှာ လူတစ်ဦးအား ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ထိုပုဂ္ဂိုလ် ဘယ်နေရာတွင်ရှိသည် သို့မဟုတ် ဘာဖြစ်နေသည် ကိုပြောပြရန် ငြင်းဆိုခြင်းအားဖြင့် ၎င်းအား ဥပဒေအကာအကွယ်ပေးခြင်းမှ ကာလကြာရှည်စွာ ဖျောက်ဖျက်ထားခြင်း ဖြစ်သည်။

အတင်းအကြပ်အစဖျောက်ခြင်းကို နိုင်ငံအာဏာပိုင် သို့မဟုတ် ယင်းကဲ့သို့အာဏာရှိသည့် အဖွဲ့အစည်းတစ်ခုခုက ကျူးလွန်နိုင်သည်။ အဆိုပါအဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရထားသူများကလည်း ကျူးလွန်ကြသည်။ မူလတွင် ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်နိုင်သော်လည်း၊ ဖမ်းဆီးခံရသူ၏ တည်နေရာနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို ထိမ်ချန်ထားပါက အတင်းအကြပ်အစဖျောက်ခြင်းအဖြစ် ပြောင်းလဲသွားနိုင်သည်။

နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုတာ ဘာလဲ။

နှိပ်စက်ညှဉ်းပန်းသည့် ရာဇ၀တ်မှုဆိုသည်မှာ လူတစ်ဦးအပေါ် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နာကျင်စေခြင်း သို့မဟုတ် ဒုက္ခခံစားစေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် မုဒိမ်းကျင့်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ အိပ်စက်ခွင့်မပေးခြင်းနှင့် မိသားစုဝင်များကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း စသည်တို့ဖြစ်သည်။

နှိပ်စက်ညှင်းပန်းမှုဟုဆိုရာတွင် ရာသက်ပန်ထိခိုက်နာကျင်မှုမျိုးမှ မဟုတ်ဘဲ စိတ်မချမ်းမြေ့စေခြင်း၊ သိက္ခာချခြင်း၊ အရှက်တကွဲဖြစ်ရခြင်းများကို ကာလအတန်ကြာဖြစ်စေပါက နှိပ်စက်ညှင်းပန်းမှုမြောက်သည်။

နှိပ်စက်ညှဉ်းပန်းသည့်ရာဇဝတ်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် သက်ဆိုင်ရာ တရားစီရင်ရေးအာဏာပိုင်ပေါ် မူတည်၍ ကွဲပြားသည်။ ဥပမာအားဖြင့်၊ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏သတ်မှတ်ချက်တွင် ထိခိုက်နစ်နာသူသည် နှိပ်စက်ညှင်းပန်းသူ၏ ချုပ်နှောင်ခံထားရမှသာ သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိမှသာ ဤရာဇဝတ်မှုမြောက်သည်။ အခြားနိုင်ငံတကာတရားရုံးများ၏ သတ်မှတ်ချက်တွင် စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် အတင်းအကြပ်ဝန်ခံခိုင်းခြင်းကဲ့သို့ ရည်ရွယ်ချက်တစ်ခုခုဖြင့် နာကျင်အောင်လုပ်ပါက သို့မဟုတ် နှိပ်စက်ပါက ဤရာဇဝတ်မှုမြောက်သည်။

နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းနှင့် အတင်းအကြပ်ရွှေ့ပြောင်းခြင်းဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုဆိုတာ ဘာလဲ။

နိုင်ငံတကာဥပဒေများနှင့် မညီညွတ်ဘဲ လူအများကို နိုင်ငံတွင်းမှ နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့ တရားဝင်နေထိုင်ရာဒေသမှ အတင်းအဓမ္မ ထွက်ခွာခိုင်းခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှု သို့မဟုတ် နှစ်မျိုးလုံး ဖြစ်နိုင်သည်။

နိုင်ငံတကာဥပဒေများနှင့် မညီညွတ်ဘဲ လူအများကို နိုင်ငံတွင်းမှ နှင်ထုတ်ခြင်း သို့မဟုတ် ၎င်းတို့ တရားဝင်နေထိုင်ရာဒေသမှ အတင်းအဓမ္မ ထွက်ခွာခိုင်းခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှု သို့မဟုတ် နှစ်မျိုးလုံး ဖြစ်နိုင်သည်။

လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုဆိုတာ ဘာလဲ။

လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများတွင် မုဒိမ်းကျင့်ခြင်း၊ လိင်ကျွန်ပြုခြင်း၊ အတင်းအကြပ် လက်ထပ်ထိမ်းမြားခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အတင်းအကြပ် ကိုယ်ဝန်ဆောင်ခိုင်းခြင်း၊ အတင်းအကြပ် သားကျောဖြတ်စေခြင်း သို့မဟုတ် အခြားအလားတူ ပြင်းထန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပါဝင်သည်။

ဤရာဇ၀တ်မှုများတွင် လိင်ပိုင်းဆိုင်ရာအပြုအမူနှင့် အလားတူသည့် အပြုအမူများလည်း ပါဝင်သည်။ ဥပမာ – အတင်းအကြပ် ဝတ်လစ်စလစ်ဖြစ်စေခြင်း၊ အလိုမတူဘဲ သို့မဟုတ် အတင်းအကြပ် ထိတွေ့ကိုင်တွယ်ခြင်း၊ လူတစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ရန် သို့မဟုတ် ကျူးလွန်နေသည်ကို ကြည့်ရှုရန် အတင်းအကြပ်ခိုင်းစေခြင်းနှင့် တပါးသူ၏ လိင်အင်္ဂါကို အကြမ်းဖက်ခြင်း တို့ပါဝင်သည်။

ဂျင်ဒါအခြေပြုရာဇ၀တ်မှုများဆိုသည်မှာ လူတစ်ဦးအား ၎င်း၏လိင် သို့မဟုတ် လူ့အဖွဲ့အစည်း၏ ဂျင်ဒါသတ်မှတ်ချက်အပေါ်မူတည်ပြီး ကျူးလွန်သည့် ဖိနှိပ်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ ပါဝင်သည်။ ဤရာဇ၀တ်မှုများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အမြဲ မပါဝင်ပါ။

အမျိုးသမီး၊ အမျိုးသား၊ မိန်းကလေး၊ ယောက်ျားလေး သို့မဟုတ် ကွဲပြားသော ဂျင်ဒါသတ်မှတ်ချက်ရှိသူများ အားလုံးသည် လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှု ကျူးလွန်ခံရသူများ ဖြစ်နိုင်သည်။

ကလေးများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုတာ ဘာလဲ။

အသက် ၁၈ နှစ်အောက်ကို ကလေးများဟုသတ်မှတ်ထားပြီး၊ ၎င်းတို့သည် နိုင်ငံတကာရာဇ၀တ်မှု အမျိုးအစား အားလုံး၏ အကျိုးဆက်ကို ခံစားကြရသည်။ ထိုကျူးလွန်မှုများတွင် သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြုရာဇ၀တ်မှုများ ကျူးလွန်ခြင်း၊ နိုင်ငံတွင်းမှနှင်ထုတ်ခြင်းနှင့် ဖိနှိပ်ညှင်းပန်းခြင်းတို့ ပါဝင်သည်။

ကလေးများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေး အုပ်စုတစ်ခုမှ ကလေးများအား အခြားအုပ်စုတစ်ခုသို့ အတင်းအကြပ် ပြောင်းစေခြင်း၊ ကလေးများကို လူကုန်ကူးခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်းခြင်း၊ စာရင်းသွင်းခြင်း သို့မဟုတ် အသုံးချခြင်း၊ ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်း တို့ပါဝင်သည်။

လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများက ကလေးများကို လက်နက်ကိုင်ပဋိပက္ခတွင် စုဆောင်း အသုံးပြုခြင်းသည် ကြီးလေးသော နိုင်ငံတကာ ရာဇ၀တ်မှုမြောက်ပါသလား ။

လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများက အသက် ၁၅ နှစ်အောက်အရွယ်ရှိသူတစ်ဦးကို ခေါ်ယူ စုဆောင်းခြင်း သို့မဟုတ် ရန်ပြုတိုက်ခိုက်မှုများတွင် ပါဝင်စေခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်။ ကလေးတစ်ဦးက လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် အဖွဲ့အစည်းတစ်ခုသို့ ၎င်း၏ဆန္ဒအလျောက် ဝင်ရောက်ပါကလည်း စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည်။

လူတစ်ဦးသည် လက်နက်ကိုင်ဆောင်ပြီး တိုက်ပွဲဝင်နေမှသာ တိုက်ခိုက်မှုများတွင် တက်ကြွစွာပါဝင်သည်ဟု မယူဆနိုင်ပါ။ ရန်သူ့တပ်ဖွဲ့များထံမှ ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်း၊ အမိန့်ညွှန်ကြားချက်များ ပို့ဆောင်ပေးခြင်း သို့မဟုတ် စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းများ လုပ်ဆောင်ပါကလည်း၊ တိုက်ခိုက်မှုများတွင် တက်ကြွစွာ ပါဝင်သည်ဟု ယူဆသည်။

တပ်မှူးများသည် ၎င်းတို့၏ ကွပ်ကဲမှုအောက်ရှိ လူတစ်ယောက်သည် အသက် ၁၅ နှစ်အောက် ဖြစ်ကြောင်း သေချာ သိလျက် သို့မဟုတ် “သိသင့်သည့် အခြေအနေ” ရှိလျက်နှင့် တာဝန်ထမ်းဆောင်ခွင့်ပြုပါက၊ ထိုတပ်မှူးများသည် ဤရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်။ တပ်မှူးတစ်ဦးအနေဖြင့် လူတစ်ဦးက အသက်၁၅ နှစ်အောက် ဖြစ် မဖြစ် ဆုံးဖြတ်ရာတွင် ရုပ်အဆင်းသဏ္ဌာန်ကို ကြည့်ခြင်းဖြင့် ဆုံးဖြတ်နိုင်သည်။

သတင်းပေးအဖြစ် သံသယရှိသူကို ကွပ်မျက်ခြင်းသည် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု မြောက်သလား။

နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခဥပဒေအရ အရပ်သား၊ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်သူ သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်းတွင် ပါဝင်ပတ်သတ်ခြင်းမရှိသူသည် ရန်ပြုတိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည်ဟု သတ်မှတ်နိုင်သည့်လုပ်ရပ်များကို ဆောင်ရွက်မနေပါက ထိုသူအား ပစ်မှတ်ထား၍ တိုက်ခိုက်ခွင့်မရှိပါ။

အချို့သော အခြေအနေများတွင် အခြားတဖွဲ့မှ စစ်ဘက်ဆိုင်ရာအချက်အလက်များရယူခြင်း သို့မဟုတ် ပေးပို့ခြင်းသည် တိုက်ရိုက်ပါဝင်မှုဟုဆိုနိုင်သော်လည်း၊ ထိုသူအား အဆိုပါလုပ်ရပ်များ ဆောင်ရွက်နေသည့်အချိန်အတွင်းသာ ပစ်မှတ်ထား တိုက်ခိုက်နိုင်သည်။ အရပ်သားများကို ၎င်းတို့၏အတိတ်ကာလမှ တိုက်ရိုက်ပါဝင်လုပ်ဆောင်မှုများအတွက် ပြစ်ဒဏ်ပေးသည့်အနေဖြင့် မတိုက်ခိုက်နိုင်သလို၊ အနာဂတ်တွင် ပါဝင်မှုများမလုပ်ရန် တားဆီးသည့်အနေဖြင့်လည်း မတိုက်ခိုက်နိုင်ပါ။

လူတစ်ဦးကို သံသယရှိရုံနှင့် အပြစ်ပေးရန် မလုံလောက်ပါ။ လူတစ်ဦးသည် ရန်ပြုတိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ခြင်း ရှိ၊မရှိ သေချာမသိပါက အရပ်သားဘက်ကိုသာ အနိုင်ပေး ဖြေရှင်းရမည်။ ရန်ပြုတိုက်ခိုက်မှုတွင်ပါဝင်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မည်သူ့ကိုမဆို ချက်ချင်း ကွပ်မျက်ခြင်း မပြုရပါ။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက ချမှတ်ခဲ့သော သေဒဏ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု မြောက်ပါသလား။

သေဒဏ်ချမှတ်ခြင်းသက်သက်သည် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု မဟုတ်သော်လည်း၊ မျှတသော တရားစီရင်မှုဖြစ်စေရန် လိုအပ်သည့် အခြေခံမူများကို မလိုက်နာဘဲ သေဒဏ်ချမှတ်ခြင်းသည် အရပ်သား များအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ တိုက်ခိုက်သော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု ဖြစ်နိုင်သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း လူလေးဦးအား ကွပ်မျက်ခြင်းသည် မျှတသောတရားစီရင်မှုဖြစ်စေရန် လိုအပ်သည့် လုပ်ငန်းစဥ်များအတိုင်း ဆောင်ရွက်မှုမရှိကြောင်း ခိုင်မာသောညွှန်ပြချက်များရှိသည်။ ထိုတရားစီရင်မှုသည် ပွင့်လင်းမြင်သာမှုကင်းမဲ့ပြီး စွဲချက်များ၊ သက်သေများနှင့် သက်ဆိုင်သည့်အချက်အလက်များ မရရှိနိုင်လောက်အောင် နည်းပါးသည်။

လျှို့ဝှက်စွာအမှုစစ်ဆေးစီရင်ခြင်းသည် မျှတစွာတရားစီရင်မှု၏ အခြေခံအကျဆုံးမူတစ်ရပ်ကို ချိုးဖောက်ခြင်း ဖြစ်သည်။ ဘက်လိုက်မှုကင်းခြင်းနှင့် အမှီအခိုကင်းခြင်းကဲ့သို့ မျှတစွာတရားစီရင်ခြင်းဆိုင်ရာ အခြေခံမူများကို တရားရုံးက လေးစားလိုက်နာခြင်း ရှိ၊မရှိ သံသယဖြစ်စေသည်။