မြန်မာနိုင်ငံ၊ ပဇီကြီးကျေးရွာတွင် လူသေဆုံးမှုများသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့သည်မှာ နှစ်နှစ် ကြာပြီဖြစ်သော်လည်း ဝေဟင်မှတိုက်ခိုက်မှုများ လျော့မသွားဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိ

Body

ဂျီနီဗာ၊ ဧပြီ ၁၁၊ ၂၀၂၅။  ။လွန်ခဲ့သော  နှစ်နှစ်တွင်၊  မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပဇီကြီးကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကလေးများ အပါအဝင် အနည်းဆုံး လူပေါင်း ၁၅၅ ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်။

ဒရုန်းများအသုံးပြုခြင်းနှင့် အချို့ကစွပ်စွဲထားသလို ဓာတုလက်နက်အသုံးပြုခြင်းများ အပါအဝင် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံမှ ပဋိပက္ခ၏ ကြောက်မက်ဖွယ် အင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ ပဇီကြီးတိုက်ခိုက်မှုနောက်ပိုင်း အကြိမ်ရေတိုးမြင့်လာသည်။ ပြီးခဲ့သည့်လက ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေစဥ်မှာပင် မြန်မာစစ်တပ်သည် မန္တလေး၊ စစ်ကိုင်းနှင့် အခြားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ကြသည်။

“ဒီနှစ်ပိုင်းမှာ မြန်မာစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့် လုပ်ဆောင်လာတာကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ ပျံ့နှံ့ဖြစ်ပွားပြီး လူမှုအသိုင်းအဝိုင်းတွေကို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်” ဟု လေကြောင်းတိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးနေသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ  နီကိုလတ်စ်ခွန်ဂျန် က ပြောသည်။

“ပြည်သူတွေက ဒီတိုက်ခိုက်မှုတွေရဲ့ဒဏ်ကို သွယ်ဝိုက်စွာခံစားရတာ မဟုတ်ဘဲ၊ များသောအားဖြင့်  ပစ်မှတ်ထားပြီး တိုက်ခိုက်တာကို ခံနေရပါတယ်။  ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေ၊ ဖျော်ဖြေပွဲတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေအပြင် ဂီတဖျော်ဖြေပွဲလိုမျိုး လူစုလူဝေးတွေမှာ ဗုံးကြဲခံခဲ့ရတယ်။" 

အရပ်သားများကို မရှောင်ရှားဘဲ ပစ်မှတ်ထားသော တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု နှင့်/သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခံရနိုင်သည်။ ယန္တရားသည် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ၏ သဘော သဘာဝကို သတ်မှတ်နိုင်ရန်နှင့် အဓိကတာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

“ယန္တရားက ဒီရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေအကြောင်း အထောက်အထားတွေကို စုဆောင်းပြီး စိစစ်သုံးသပ်နေတယ်ဆိုတာ ဒီတိုက်ခိုက်မှုတွေ ကျူးလွန်ဖို့အတွက်အမိန့်ပေးစေခိုင်းသူတွေနဲ့ လုပ်ဆောင်နေသူတွေကို သိစေချင်ပါတယ်။ တစ်နေ့မှာ သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားရုံးမှာ အမှုရင်ဆိုင်ရစေဖို့ ကျွန်တော်တို့  ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ဆက်လက် ပြောကြားသည်။

ယန္တရားသည် မြန်မာစစ်တပ်အာဏာပိုင်များထံ အချက်အလက်တောင်းခံစာ အများအပြားပေးပို့ခဲ့သော်လည်း၊ ယင်းတို့ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိပါ။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org  ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။