ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိခြင်းမှာ အနာဂတ်ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း မြန်မာယန္တရားအကြီးအကဲမှ ဘင်္ဂလားဒေ့ရှ်ခရီးစဥ်အတွင်းပြောကြား

Body

ဒါကာ/ဂျီနီဗာ၊  ဇန်နဝါရီလ ၂၄ ရက် ၂၀၂၅ ခုနှစ် - ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိရေးသည် ၎င်းတို့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ နေရပ်သို့ပြန်နိုင်ရေးနှင့် အနာဂတ်ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲဖြစ်သူ နီကိုလတ်စ်ခွန်ဂျန် မှ ၎င်း၏ ဘင်္ဂလားဒေ့ရှ်သို့ ၅ ရက်ကြာ တရားဝင်ခရီးစဥ်အပြီးတွင် ပြောကြားခဲ့ပါသည်။

၎င်း၏ ခရီးစဥ်အတွင်း ခွန်ဂျန်အနေဖြင့် အဆင့်မြင့်အစိုးရအရာရှိကြီးများအပြင် ကော့ဘဇားရှိ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်နှင့် လူအမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံခဲ့သည်။

၎င်းမှ ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးမှုများ၏ တိုးတက်မှု အခြေအနေ၊ တာဝန်ခံမှုရှိခြင်း၏ နောက်ဆုံးတိုးတက်မှုများ နှင့် လက်ရှိနယ်စပ်အခြေအနေတို့ကို ဆွေးနွေးခဲ့သည်။ လတ်တလော ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများအနေဖြင့် ရခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများပြင်းထန်နေပြီး ၎င်းတို့ကြုံတွေ့နေရသည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကော့ဘဇားသို့ ထွက်ပြေးရောက်ရှိလာကြပါသည်။

“၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းစစ်ဆင်ရေးများမှာ ကျူးလွန်ခဲ့ကြသည့် ကြောက်မက်ဖွယ်ရာဇဝတ်မှုများနှင့် လတ်တလော ရခိုင်ပြည်နယ်အတွင်းရှိ လူထုပဋိပက္ခများအား စုံစမ်းစစ်ဆေးခြင်းများမှာ ယန္တရားနှင့် အစဥ်တစိုက် ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို အထူးကျေးဇူးတင်ပါတယ်” ဟု ခွန်ဂျန်မှ ပြောကြားခဲ့ပါသည်။ “ကျွန်တော့်အနေနဲ့ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ဌာနေပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ (RRRC) နှင့် စခန်းတာဝန်ခံ (CiC) ရုံးများရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါတွေဟာကျွန်တော်တို့အလုပ်အတွက် အရမ်းတန်ဖိုးရှိပါတယ်။”

“ကျွန်တော်စကားပြောခဲ့တဲ့ ရိုဟင်ဂျာများကတော့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်မှုအပြီး ခုနစ်နှစ်ခွဲကြာပြီးချိန်အထိတောင် အခြေအနေတွေက သူတို့ကို နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးလို့ စိတ်ပျက်ရတယ်လို့ ပြောကြပါတယ်။  ရိုဟင်ဂျာများအနေနဲ့ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိ မိမိဆန္ဒအလျောက် ရေရှည်တည်တံ့မှုရှိတဲ့ နေရပ်ကို ပြန်နိုင်ရေး အတွက် အရပ်သားတွေကို ပစ်မှတ်ထားကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ပြီး အဲ့ဒီရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိဖို့အတွက် ဆောင်ရွက်ရမှာက အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ အဲ့ဒီအခါမှသာလျင် ရခိုင်မှာရှိတဲ့ လူထုအသိုင်းအဝိုင်းအကုန်လုံးအတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဥ်တွေက အစပြုနိုင်မှာဖြစ်တယ်”လို့ ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

၎င်း၏ ခရီးစဥ်အတွင်း ခွန်ဂျန်အနေဖြင့် ရိုဟင်ဂျာအရေးနှင့် ဦးစားပေးကိစ္စရပ်များဆိုင်ရာ အကြံပေးအရာရှိချုပ်၏ အဆင်မြင့်ကိုယ်စားလှယ် Dr. Khalilur Rahman၊ နိုင်ငံခြားရေးအကြံပေး His Excellency, Md. Touhid Hossain, ပြည်ထဲရေးအကြံပေး Lt. Gen. Md. Jahangir Alam Chowdhury နှင့် ဘင်္ဂလား‌ဒေ့ရှ်နယ်ခြားစောင့်တပ်၏ ညွှန်ကြားရေးမှူးချုပ် Major General Mohammad Ashrafuzzaman Siddiqui တို့အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများနှင့် တွေ့ဆုံခဲ့ပါသည်။ 

“လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေက ကျွန်တော်နှင့်စကားပြောခဲ့သူတိုင်းအတွက် အဓိကစိုးရိမ်စရာ ဖြစ်နေတယ်” ဟု ခွန်ဂျန်ကပြောသည်။ “ကျွန်တော့်အနေနဲ့ အလေးပေးပြောကြားလိုတာကတော့ ယန္တရားအနေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုကျူးလွန်သူအားလုံးကို လူမျိုး၊ ဘာသာ၊ နိုင်ငံရေးအရ ဆက်နွယ်မှု တစုံတရာ မခွဲခြားဘဲ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အစိုးရမဟုတ်တဲ့သူတွေက ကျူးလွန်တဲ့ရာဇဝတ်မှုတွေလည်းအပါအဝင်ဖြစ်ပါတယ်။”

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သဘောတူခဲ့သည့် ယခုနှစ် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်နှင့် အခြားလူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံတွင် တာဝန်ခံမှုနှင့် တရားမျှတမှု ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးကြောင်း ခွန်ဂျန်က ဆွေးနွေးပြောကြားခဲ့သည်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ ဖြစ်သည့်ရိုဟင်ဂျာများအား နေရပ်မှ အတင်းအကြပ်နှင်ထုတ်ခြင်းနှင့် ညှဥ်းပန်းနှိပ်စက်ခြင်းအစရှိသည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဥပ‌ဒေအရာရှိမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုပြီးသည့်နောက် ခွန်ဂျန်မှ ဘင်္ဂလား‌‌ဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org  ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။